အနီရောင်ပုံပြင်

Category:




တစ်ခါတုန်းက အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့။ အနီရောင်မကြိုက်တဲ့ ကောင်မလေးဆိုတော့ သူ့အသုံးအဆောင်ပစ္စည်းတော်တော်များများဟာလည်း အနီကလွဲပြီး ကျန်တဲ့အရောင်တွေ ဖြစ်နေတာပေါ့ကွယ်။

အနီရောင်မကြိုက်တဲ့ ကောင်မလေးဆယ်ကျော်သက်အရွယ်မှာ အနီရောင်လွယ်အိတ်လေးတစ်လုံး လက်ဆောင်ရသတဲ့။ ကောင်မလေးက အနီရောင်မကြိုက်ပေမယ့် လွယ်အိတ်လေးကို ချစ်လို့လက်ခံယူထားလိုက်တယ်။ တခါတလေမှာလည်း အဲဒီ့အနီရောင်လွယ်အိတ်လေးကို ထုတ်လွယ်တတ်တယ်။

ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်တော့ အနီရောင်မကြိုက်တဲ့ကောင်မလေးမှာ ချစ်သူတစ်ယောက်ရလာတယ်။ ကောင်မလေးရဲ့ချစ်သူဟာ အနီရောင်ကြိုက်သူဖြစ်နေတာကို ကောင်မလေးက မကြိုက်ဘူးတဲ့။ အရောင်နဲ့ပတ်သက်လာရင် သူတို့နှစ်ယောက် ခဏခဏ စကားများကြတယ်။ ဒါပေမယ့် ချစ်သူရဲ့ ဗောက်စ်ဝက်ဂွန်ပါဆက်ကားအနီလေးကိုတော့ ကောင်မလေးက  ချစ်သတဲ့။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်စလုံးဟာ ကားလေးကို ချစ်လွန်းလို့ အိပ်မက်ထဲအထိတောင် ထည့်မက်ကြတဲ့အထိ ဆိုပါတော့ကွယ်။

အနီရောင်မကြိုက်တဲ့ကောင်မလေး အိပ်မက်က လန့်နိုးလာတဲ့တစ်ရက်မှာ သူ့အသက်ဟာ ရှိရင်းစွဲထက် ၇နှစ်လောက် ပိုကြီးနေတယ်။ အသက်တွေကြီးလာပေမယ့် ကောင်မလေးကတော့ အနီရောင်ကိုဆက်ပြီး မနှစ်သက်နေတုန်းပဲတဲ့။ အနီရောင်ပန်းသီးထက် အစိမ်းရောင်ပန်းသီးကိုပဲ စားတာမျိုး၊ ပန်းအိုးထိုးတဲ့အခါမှာလည်း အနီရောင်အဆင်းရှိတဲ့ နှင်းဆီထက် အ၀ါနဲ့အဖြူကိုပဲ ရွေးပြီးထိုးတာမျိုးတွေ ဆက်လုပ်နေတယ်။

မမျှော်လင့်တဲ့နေ့တစ်နေ့မှာ ကောင်မလေးဟာ အနီရောင်ရှိတဲ့ ရေဗူးလေးတစ်ခုကို လက်ဆောင်အဖြစ် လက်ခံရရှိလိုက်သတဲ့။ အနီရောင်မကြိုက်ပေမယ့် သာမန်ရေဗူးတွေနဲ့မတူဘဲ အနည်းငယ်ထူးခြားတဲ့ အဲဒီ့ရေဗူးလေးကို ကောင်မလေးက သူ့ရုံးကို ယူသွားပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ ကောင်မလေးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ အနီရဲရဲရေဗူးလေးကိုမြင်လိုက်တယ်ဆိုရင်ပဲ ဟား…ဟား… အဲဒါ ရေဗူးလား၊ မီးသတ်ဗူးလားဆိုပြီး ကောင်မလေးကို စနောက်ပြီး မေးသတဲ့။  ကောင်မလေးက ရှက်သွားပေမယ့် ရေဗူးပါလို့ ပြန်ဖြေလိုက်တယ်။

သိပ်မကြာခင်မှာဘဲ အနီရောင်မကြိုက်တဲ့ ကောင်မလေးဆီကို နောက်ထပ်အနီရောင်လက်ဆောင် သေးသေးလေးတစ်ခု
ရောက်လာပြန်တယ်။ ဒီတစ်ခါ ကောင်မလေးလက်ခံရရှိတဲ့ အနီရောင်ပစ္စည်းလေးက Army Knife လို့ခေါ်တဲ့ တပ်သုံးခေါက်ဓားလေးတစ်ခုဖြစ်နေတယ်။ ကောင်မလေးက သိပ်မ၀င်စားလို့ ဓားလေးကို ဘယ်ပြန်ညာပြန် သေသေချာချာတောင် မကြည့်မိဘူးတဲ့။

မထင်မှတ်ဘဲ အဲ့ဒီခေါက်ဓားနီလေးဟာ ကောင်မလေးအတွက် အလွန်အသုံးဝင်တဲ့ပစ္စည်း ဖြစ်လာခဲ့တယ်။ အနီရောင်မကြိုက်တဲ့ ကောင်မလေးဟာ ခေါက်ဓားနီလေးကို ကိုယ်နဲ့မကွာဆောင်ယူတတ်တဲ့အကျင့်လည်း ရလာသတဲ့။

တကယ်ဆို ကောင်မလေးဟာ အနီရောင်ကို မကြိုက်ဘူး။ ဒါပေမယ့်… … ….

ကမ္ဘာပေါ်မှာ အဲဒီ့ဓားလေးနဲ့ အရောင်တူ၊ အရွယ်အစားတူ ဓားတွေ သန်းနဲ့ချီပြီး ရှိချင်ရှိလိမ့်မယ်။ ဒါပေမယ့် ကောင်မလေးနာမည် သီးသန့်ရေးထိုးထားတဲ့ အနီရောင်ဆွစ်ဇ်ခေါက်ဓားလေးက ဒီကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတယ်လို့ သိလိုက်ရပြီးနောက်ပိုင်းမှာ ကောင်မလေးဟာ အဲဒီ့ခေါက်ဓားနီလေးကို အရင်ကထက်ပိုပြီး ဂရုတစိုက်နဲ့ ချစ်တတ်လာခဲ့သတဲ့ကွယ်။

ကဲ... အနီရောင်မကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အနီရောင်ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။

အားလုံးပဲ ဟက်ပီးဘလော့ဂင်းပါ။း)


ဇွန်မိုးစက်

Comments ( 15 )

ဇွန်ရေးထာလေးဖတ်ပြီး ကိုယ်နှစ်သက်မိတဲ့ အရောင်၊ ကိုယ့်မှာရှိတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေရဲ့ အရောင်တွေနဲ့ သူတို့လေးတွေရဲ့ အကြောင်းကို စဉ်းစားမိသွားတယ်...
ချစ်စရာ ပိုစ့်လေးအတွက် ကျေးဇူး ဇွန်...

အရောင်အသွေးကင်းမဲ့ပြီး ရိုးစင်းတဲ့ဇာတ်လမ်းလေး တစ်ပုဒ်ဖတ်ခွင့်ရလို့ ၀မ်းသာကျေးဇူးတင်တယ် ဇွန်လေးရေ။ မအားလပ်တဲ့ကြားက ပုံမှန် ဘလော့ဂင်းနိုင်တာ ချီးကျူးပါရဲ့ .. ခရီးကပြန်လာရင် ထပ်ဆုံမယ်...

ကောင်းမလေးကို သတိပေးလိုက်ပါဦး
ဓါးလေးကို တသသလုပ်ရင်း ရှလို့ သွေးနီနီ တွေ ထွက်လာဦးမယ်လို့ ... :P

Red salute :)

အဲ​ကောင်​မ​လေးနဲ့ မိုးညက​တော့ ဆန့်​ကျင်​ဖက်​​ပေါ့ ... မိုးညက​တော့ အနီဆိုသိပ်​ကြိုက်​ :)

မကြိုက်တတ်သေးလို့ မကြိုက်သေးတာပါ။ ကြိုက်သွားပြီ အရောင်မရွေးတော့ပါဘူး။ ဒါက သဘာဝပါ။ အခုဆို မကြိုက်တဲ့ အနီရောင်လေးက အကြိုက်ဆုံး ဖြစ်သွားပြီ မဟုတ်လား။း)

စိတ်ကူးထဲမှာရှိနေတဲ့ အနီရောင်အကြောင်းလေးကို ရေးဖြစ်သွားအောင် သတိတရနဲ့ ချဲလင့်လုပ်တဲ့ အစ်မသက်ဝေကို ဇွန်က ကျေးဇူးတင်ရမှာ။း)

တီတင့်ရေ... ချဲလင့်ဆိုတော့လည်း မအားတဲ့ကြားကပဲ ရေးပစ်လိုက်တာပေါ့။ ဘာရမလဲ.... ဟဲ..ဟဲ...။ ဒီတစ်ခါ ဆုံဖို့ မျှော်နေတယ်နော်။း)

ညိုလေးရေ... ခုထက်ထိတော့ ကောင်မလေးက ဓားမရှသေးပါဘူးပါကွယ်။ ခေါက်ဓားနီလေးထဲပါတဲ့ ပစ္စည်းပေါင်း ၁၆ခု ရှိတဲ့အထဲက အများဆုံးသုံးဖြစ်တာ ကတ်ကြေးနဲ့ဇာဂနာဆိုတော့လေ...။ :D

Yes, you got it bro Tin Min Htet. I should name the post title as 'Red Salute'. ;)

ဟော...ပျောက်နေတဲ့ ညီမလေး မိုးညက အနီရောင်ပုံပြင်ကြောင့် ပြန်ပေါ်လာပြီ။း)

အဲလိုလည်း မဟုတ်သေးဘူး... အစ်ကို ကိုကိုမောင်ရဲ့။ ကောင်မလေးက အနီရောင်ရှိတဲ့ ပစ္စည်းလေးကိုသာ နှစ်သက်တာ၊ အနီရောင်ကိုတော့ သူမကြိုက်သေးဘူးတဲ့။း)

တို့များကတော့ မူလတန်းအရွယ်တုန်းက အနီရောင်ကို အကြိုက်ဆုံး ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ကောင်မလေးလိုပဲ အနီရောင်ကို မကြိုက်ဘူး။

အနီရောင်ပစ္စည်းလေးတွေ လာကြည့်သွားတယ် :))

တကယ်ရိုးရှင်းလှတဲ့ ချစ်စရာစာသားလေးတွေ
တခါတရံ အနီရောင်ကိုချစ်တတ်ပြီး
တခါတရံ မုန်းတတ်တယ်

မသီတာလိုပဲ ပြောမယ်၊ မူလတန်းတုန်းက အနီရောင်ကို စွေးစွေးနီအောင် ကြိုက်ခဲ့ဖူးတယ်၊ ခုကော ကြိုက်သေးလားလို့ မေးရင်တော့ မဖြေတတ်မှာ သေချာတယ်…၊း)

အင်း.. ဘာအရောင်ရယ်လို့ သတ်သတ်မှတ်မှတ် မပြောနိုင်တဲ့ သံယောဇဉ်မိုးက ပက်ဖြန်းဆေးကြောလိုက်ရင် မကြိုက်တဲ့ အရောင်တွေလည်း တခါထဲ ကွာကျသွားတော့တာပဲ-လို့ တွေးနေမိတယ် ဇွန်ရေ…။း))

ဒီလိုဆို... မမသီတာကို လက်ဆောင်ပေးတဲ့အခါ အနီရောင်ကို ရှောင်ပြီးပေးမယ်နော်။း)

သူသူ... အနီရောင်ပစ္စည်းလေးတွေ မတွေ့ဘဲ အနီရောင်စာလုံးတွေပဲ မြင်သွားတယ် ထင်တယ်။ :P

ကျေးဇူးပါ မဂျက်ရေ။ မဂျက်ဆီကို ဇွန် အလည်လာဖို့ အကြွေးတင်နေသေးတယ်။း)

အဟား... အစ်ကိုညီလင်း ပြောသွားတဲ့ ရှုထောင့်က တစ်ခါမှ မစဉ်းစားခဲ့မိဘူး။ ဟုတ်တယ်နော်... အရောင်မရှိတဲ့ သံယောဇဉ်မိုးကြောင့် မနှစ်သက်တဲ့အရောင်တွေတောင် ကွာကျသွားနိုင်တယ်ဆိုတာ...။း))

ဟင့်အင်းတကယ်အနီရောင်မကြိုက်တာ
ခရမ်းတွေချည်းဘဲ စိတ်နှစ်ဆထင်တာဘဲ :P

ဇွန်ရေးတဲ့အနီရောင်ခေါက်ဓါးလေးကိုဖတ်ပြီး ကိုညီလင်းလက်ဆောင်ပေးခဲ့တဲ့ ဆွိဇ်ခေါက်ဓါးလေးကို အမှတ်ရပြီးထုတ်ကြည့်မိသွားတယ် ကိုယ်လည်းအဲဓါးလေးကို အိတ်ထဲဆောင်လေ့ရှိတယ်..တနေရာမဟုတ်တနေရာတော့ အသုံးဝင်တယ်မဟုတ်လား..း) အက်ဆေးလေးလှတယ်..

Harrah's Resort Atlantic City announces reopening date
The resort's 777,000-square-foot 대구광역 출장안마 casino hotel is the largest 남양주 출장안마 hotel on 창원 출장안마 the 수원 출장안마 casino's famous strip, but the 밀양 출장샵 resort's 6,500-square-foot