နှုတ်ဆက်သောနေ့

Category: , ,


လွန်ခဲ့သော ခြောက်လတိတိက ထိုလမ်းမအတိုင်း တည့်တည့်လျှောက်လာသော ကျွန်မ၏ခြေလှမ်းနှင့်အတူ တွယ်ကပ်လိုက်ပါလာသော စိတ်လှုပ်ရှားမှုကို ကျွန်မသတိတရ ပြန်လည်ခံစားမိသည်။ ကျွန်မ ဟိုး…တစ်ချိန်က ဆန္ဒရှိခဲ့ဖူးရာ ၀န်ထမ်းလေးထောင်ကျော်ရှိသော ရုံးအဖွဲ့အစည်းမှာ အလုပ်လုပ်ခွင့် ရတော့မည်ကတစ်ကြောင်း၊ ယခင်အလုပ်များနှင့် မတူညီဘဲ သဘောသဘာဝကွဲပြားသော ဌာနမှာအလုပ်ဝင်ရမည်ကတစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် ဆုံတွေ့ရမည်ကတစ်ကြောင်း… ရုံးတက်စနေ့က ကျွန်မ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခဲ့ပါသည်။ တကယ်တမ်းအလုပ်ဝင်တော့ ကျွန်မ မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ အဆင်ပြေပျော်ရွှင်ခဲ့ရသည်။ ခြင်္သေ့ကျွန်းကလေးမှာ ကျွန်မဆက်တိုက်နေထိုင်ခဲ့စဉ် ခုနစ်နှစ်အတွင်း ဒုတိယအကြိမ်ပြောင်းခဲ့သော တတိယလုပ်ငန်းခွင်သည် အကောင်းဆုံးဖြစ်ခဲ့သော်လည်း ခြောက်လသာ လုပ်ခွင့်ရလိုက်သည့်အတွက် ကျွန်မစိတ်မကောင်းဖြစ်ရသည်။ တကယ်တမ်းကျွန်မဆန္ဒရှိပါလျှင် နှစ်ရှည်လများ နေထိုင်လုပ်ကိုင်နိုင်ပါသော်လည်း ကျွန်မကိုယ်တိုင် ဆုံးဖြတ်ခဲ့သော ဘ၀ရှေ့ရေးအတွက် ကျွန်မ အမြဲတမ်းဝန်ထမ်းအဖြစ် စာချုပ်မချုပ်ဆိုနိုင်ခဲ့ပါ။

ဘရက်ဒဲလ်ဘူတာရုံ ညာဘက်ပေါက်မှထွက်ပြီး ရှေ့မှာမြင်နေရသော မီးပွိုင့်ဆီ အမိုးလျှောက်လမ်းကလေးအတိုင်း တည့်တည့်လျှောက်ရင်း ဘတ်စ်ကားဂိတ်အနီးမှာ မနက်တိုင်းဝေသော သတင်းစာကို ကျွန်မအမြဲယူလေ့ရှိသည်။ ကျွန်မက သတင်းစာဖတ်ရတာကြိုက်သူပီပီ လမ်းမှာတွေ့သမျှ၊ ဝေသမျှ သတင်းစာတွေ တကူးတကသယ်ပြီး ရုံးရောက်သည့်အခါ မနက်စာစားရင်း၊ ဒါမှမဟုတ် နေ့လည်ထမင်းစားပြီးချိန်မှာ တစ်ရွက်ချင်း အေးအေးဆေးဆေး လှန်လျော ဖတ်ရှုတတ်ပါသည်။ ရုံးမှာအလုပ်များ၍ မဖတ်ဖြစ်လျှင် ကျွန်မစိတ်ဝင်စားသော ဖတ်ချင်သေးသော သတင်းဆောင်းပါးများပါနေလျှင် အိမ်ကိုသယ်ပြီး ညဘက်မှာ ဖတ်တတ်ပါသေးသည်။ သတင်းစာဝေသော အန်တီကြီးအနီးမှာ ကာရီပတ်ဖ်သုံးခုကို တစ်ဒေါ်လာဖြင့်ရောင်းသော မလေးလူမျိုးများကို ရံဖန်ရံခါ တွေ့ရတတ်သည်။ ကျွန်မအိမ်က မနက်စာမယူလာနိုင်သည့်အခါမျိုး၊ ရုံးပေါ်ရှိကင်တင်းသို့သွား၍ မနက်စာဝယ်လျှင် ငါးမိနစ်ခန့် နောက်ကျသွားနိုင်သည့် အခြေအနေမျိုးမှာ ရုံးသွားဟန်လွှဲတွေ့ရသော၊ ဈေးလည်းချိုသော ကာရီပတ်ဖ်ကို ကျွန်မ၀ယ်စားဖြစ်သည်။

မီးပွိုင့်ကျော်ပြီး လမ်းဖြတ်ကူးလာချိန်မှစ၍ ရုံးဝင်ပေါက်ရောက်သည်အထိ ခပ်သွက်သွက် လမ်းလျှောက်လာချိန်တွင် နေ့တိုင်းနီးပါး ကျွန်မကိုခေါ်ဆောင်သွားသည့် အာရုံတစ်ခုရှိသည်။ ကျွန်မ ကျောင်းတက်စ သူငယ်တန်းမှာ လသာ၂ကျောင်းဂိတ်ပေါက်မှ ကျောင်းရှေ့မျက်နှာစာ ပေါ်တီဂိုဝင်ပေါက် ရောက်သည်အထိ
 လျှောက်လှမ်းရသောအခါ ဖြစ်ပေါ်လာသည့် အလားတူ စိတ်ခံစားမှုမျိုးဖြစ်သည်။ ၅နှစ်သမီးအရွယ် ခြေလှမ်းသေးသေးလေး၏ ရှေ့တူရူမှာရှိနေသော ကျောင်းကြီးက ကြီးမားထည်ဝါလွန်းပြီး ထိုကျောင်း၏ ကျောင်းသူဖြစ်ရသည်ကို ၀မ်းသာဂုဏ်ယူမိသည့် ခံစားချက်မျိုး နောင်နှစ်ပေါင်းများစွာကြာပြီး ဘ၀တစ်ဆစ်ချိုးက လုပ်ငန်းခွင်ဝင်သောတစ်ချိန်မှာ ပြန်လည်ခံစားရလိမ့်မည်ဟု ထိုစဉ်က ကျွန်မ ကြိုမသိခဲ့ပါ။ 

တကယ်လည်း ရုံးကြီးက ကျောင်းကြီးနှင့် ဆင်တူပါသည်။ ကျွန်မဆယ့်နှစ်နှစ်တိုင်တိုင် ပညာသင်ယူခဲ့သော အထက်ကျောင်း လသာ ၂ မှာ ကျောင်းဆေးခန်းရှိသည်၊ မိုးလုံလေလုံအားကစားခန်းမကျယ်သာမက ကျောင်းဝင်းထဲမှာ ဆော့ကစားနိုင်သော ဘတ်စ်ကတ်ဘောကွင်း အကျယ်ကြီးတွေလည်းရှိသည်၊ မုန့်ဈေးတန်းမဟုတ်သော သီးခြားလက်ဖက်ရည်ဆိုင်ကင်တင်းရှိသည်၊ ကျောင်းအ၀င်ဝမှာ ပန်းရောင်စုံတွေ စီရရီစိုက်ပျိုးထားသည့် ပန်းခင်းလှလှရှိသည်။ ထို့အတူ ကျွန်မတို့ရုံးအတွင်းမှာလည်း ပန်းခင်းတွေ၊ ရေတံခွန်တွေရှိသည်၊ ဆေးခန်းရှိသည်၊ အားကစားခန်းမရှိသည်၊ ရုံးအမိုးပေါ်မှာ တင်းနစ်၊ ကြက်တောင် ကစားနည်းများအတွက်လည်း ရိုက်ကွင်းရှိသည်၊ တစ်ပတ်လုံးမထပ်အောင်စားနိုင်သော၊ အဖိုးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသော စားသောက်ဆိုင်များနှင့် ကင်တင်းရှိသည်။ ငယ်ငယ်တုန်းက ကျောင်းကြီးအနှံ့ရောက်ဖို့ အချိန်တော်ကြာကြာအားထုတ်ခဲ့ဖူးသောကျွန်မ ရုံးနေရာအနှံ့ရောက်ဖို့၊ အထပ်မတူညီသော ဓာတ်လှေကားတွေစီးကြည့်ဖို့ တစ်ပတ်အချိန်ယူခဲ့ရပါသည်။

မနက်တိုင်း ထမင်းစားခန်းမှာဖြစ်ဖြစ်၊ သန့်စန်ခန်းမှာပဲဖြစ်ဖြစ် တွေ့ဆုံကြသည့်အခါ သိသိမသိသိ မည်သူ့ကိုမဆို ဖော်ရွေစွာပြုံးပြနှုတ်ဆက်ကြသော ၀န်ထမ်းတွေ ကျွန်မ ဒီရုံးရောက်မှ တွေ့ဖူးသည်။ အစည်းအဝေးတစ်ခုလုပ်တိုင်း နင်တို့ကို ဘယ်သူတွေအနိုင်ကျင့်သေးလဲဟု အမြဲမေးတတ်သော၊ ညနေ၆နာရီခွဲကျော်သည်နှင့် အိမ်ပြန်ခိုင်းတတ်သော၊ သူပေးသောအလုပ်များ ပြီးသွားသည့်အခါတိုင်း ကျေးဇူးတင်စကား မပျက်မကွက် ပြောလေ့ရှိသော မန်နေဂျာ၊ ကျွန်မ ကြိုတင်ယူမည့် လစာမဲ့ခွင့်အတွက် လစာအဖြတ်မခံရအောင် နားလည်မှုနှင့် ဆိုင်းထိုးပေးချင်သော အထက်လူကြီး၊ အလုပ်တွေဘယ်လောက်များများ ကျွန်မ မအားဘူးဆိုလျှင် ဘယ်တော့မှ သူ့အလုပ်တွေ ခွဲဝေမပေးဘဲ တစ်ယောက်တည်း နောက်ကျနေပြီး ဒိုင်ခံလုပ်တတ်သော လုပ်ဖော်ကိုင်ဖက်မျိုး… ကျွန်မ ဒီရုံးရောက်မှ ကြုံဖူးပါသည်။ အဲလိုလူမျိုးတွေနှင့် ကျွန်မ ဆုံတွေ့ရသည့်အခါ ငါဘာဖြစ်လို့ စောစောစီးစီး ဒီလိုအဖွဲ့အစည်းမျိုးမှာ မလုပ်ခဲ့မိပါလိမ့်ဟု နောင်တရချင်သည်။ ဒီ့မတိုင်ခင်အလုပ်မှာ ကျွန်မ လေးနှစ်ခွဲငါးနှစ်နီးပါး ပေကပ်စွာ လုပ်ခဲ့သည့်အချိန်တွေကို နှမြောမိသွားသည်။

ရုံးအဖွဲ့အစည်းကြီးမားသည်နှင့်အမျှ တစ်နှစ်တာပတ်လုံး ရှိနေသည့် ညစာစားပွဲတွေ၊ နေ့လည်စားပွဲတွေကို မကြာခဏတက်ရောက်ခွင့် ကြုံပါသည်။ ယခင့်ယခင် ကြုံခဲ့ဖူးသမျှ စားပွဲများထက် အဆပေါင်းများစွာ အမှတ်ရပျော်စရာကောင်းသည်ချည်းဖြစ်သည်။ ဗဟိုသတင်းဌာနတည်ရှိရာ ကျွန်မတို့ရုံးသို့ လာရောက်လေ့လာကြသော ကျောင်းသူကျောင်းသားများ၊ နိုင်ငံခြားသတင်းဌာနမှ ဧည့်သည်များကိုလည်း မကြာမကြာ တွေ့ဆုံရတတ်ပါသည်။ သတင်းဌာနမှာ လုပ်ကိုင်နေကြသူများပီပီ အခန်းထဲက ရုပ်မြင်သံကြားစက်ကို တစ်နေကုန် ဖွင့်ထားပြီး၊ ကိုယ်စိတ်ကြိုက်ရာ သီချင်းများကိုလည်း ခပ်တိုးတိုးဖွင့်ကာ နားဆင်အလုပ်လုပ်နိုင်သော၊ ခြောက်ကပ်ပျင်းရိဖွယ်မကောင်းဘဲ အမြဲတမ်းရှင်သန်လှုပ်ရှားနေသော ပတ်ဝန်းကျင်မှာ အလုပ်လုပ်ခွင့်ရသည်ကို ကျွန်မကြိုက်ပါသည်။  တခါတရံ အလုပ်လုပ်နေရင်း စိတ်ဖိစီးမှုရလာသည့်အခါမျိုး၊ ခေါင်းကိုက်မျက်စိညောင်းလာသည့် နေ့လည်ခင်းမျိုးတွေမှာ အမိုးပေါ်တက်ပြီး ပန်းခြံထဲက တိတ်ဆိတ်ငြိမ်သက်သော ကင်တင်းမှာ ကော်ဖီ၊ လက်ဖက်ရည်တစ်ခွက်ဖြင့် ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ခန့် အေးအေးလူလူ အနားယူအပန်းဖြေနိုင်သောဝန်းကျင်မှာ လုပ်ခွင့်ရသည့်အတွက်လည်း ကျွန်မကျေနပ်မိသည်။

လတစ်လ၏နောက်ဆုံးပတ်တွင် ကျရောက်သော ကြာသပတေးနေ့ညနေတိုင်းမှာ ရုံးဝန်ထမ်းများအားလုံး ရုံးအမိုးပေါ်ရှိ ပန်းခြံနှင့်ကင်တင်းမှာ အဖျော်ယမကာ၊ အစားအသောက်နှင့် တီးဝိုင်းများကို အခမဲ့ စားသောက်ကြည့်ရှု အပန်းဖြေနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်ကို ကျွန်မ သဘောကျသည်။ အားကစားခန်းမအတွင်းမှာ မနက်၊ နေ့လည်၊ ညနေ အချိန်ရလျှင်ရသလိုဝင်ပြီး နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်နိုင်သည့် အနေအထားမျိုးကိုလည်း ကျွန်မနှစ်သက်ပါသည်။ ပြင်ပထက် ထက်ဝက်နီးပါး ချိုသာသောနှုန်းထားဖြင့် လက်ဝှေ့၊ ယောဂ၊ zumba နှင့် salsa ကဲ့သို့သော အကသင်တန်းအမျိုးမျိုးကိုလည်း တစ်ပတ်တစ်ခါ ရုံးဆင်းချိန်မှာ တက်ရောက်သင်ကြားနိုင်ပါသေးသည်။ အမြဲတမ်းဝန်ထမ်းများအတွက် စင်္ကာပူနိုင်ငံရှိ ပြတိုက်များ၊ ပန်းခြံများ၊ သိပ္ပံဌာနများကို မိသားစုလိုက် အခမဲ့လည်ပတ်ကြည့်ရှုနိုင်သော လက်မှတ်တွေ ထုတ်ယူခွင့်ရှိသည်။ ဒီရုံးမှဝန်ထမ်းများဆိုလျှင် ဆံပင်ညှပ်ခလျှော့ပေးသောဆိုင်တွေရှိသည်၊ ဈေးသက်သာစွာဖြင့် ဖုန်းလိုင်းလျှောက်နိုင်သည်။ ရုံးဝန်ထမ်းတစ်ယောက်အနေဖြင့် အကျိုးအမြတ်တွေ ခံစားခွင့်ရရှိသော အဖွဲ့အစည်းမှာ နှစ်ရှည်လများ လုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဖက်များကို မြင်တွေ့ရတော့ ကျွန်မ မအံ့သြမိတော့ပါ။

ရုံးအ၀င်ဝမှကျော်ပြီး ရုံးအဆောက်အဦထဲဝင်လာတော့ ကျွန်မရင်ထဲ အလိုလိုဝမ်းနည်းလာသည်။ တကယ်တော့ ဇူလိုင်လ ၁ရက်နေ့သည် ကျွန်မ၏ နောက်ဆုံးရုံးတက်ရက်ဖြစ်သည်။ ခြောက်လသာ တာဝန်ထမ်းဆောင်ခဲ့ရသည့် ရုံးကို ခြောက်နှစ်တာ လုပ်ခဲ့ရသည့်အလား ကျွန်မ သံယောဇဉ်တွယ်မိသွားခြင်းဖြစ်သည်။ အခန်းကျယ်ကြီး၏ ထောင့်တစ်နေရာမှာ တိတ်ဆိတ်သပ်ရပ်စွာရှိနေသည့် ကျွန်မ၏ အလုပ်စားပွဲနှင့် ကုလားထိုင်ကို တစ်ချက်လှမ်းကြည့်မိရင်း ကင်မရာလေးဖြင့် မှတ်တမ်းတင်လိုက်သည်။ မင်းဆန္ဒရှိရင် အချိန်မရွေးပြန်လာပါဟုဆိုခဲ့သော မန်နေဂျာ၏စကားကို ပြန်လည်ကြားယောင်မိတော့ ကျွန်မ ကြည်နူးစွာဖြင့် ပြုံးမိသည်။

ကျွန်မရုံးဝန်းထဲက မထွက်ခွာခင် လွန်ခဲ့သော ခြောက်လအတွင်း ကျွန်မနှင့် ချစ်ခင်ရသူတွေ သွားလာလှုပ်ရှားစားသောက်ခဲ့ဖူးသော အရိပ်တွေကို စိတ်မှန်းဖြင့် လိုက်ရှာကြည့်မိသည်။ ထို့နောက် ကျွန်မ၏ စိတ်အာရုံမှာ ထင်ဟပ်လာသမျှ ရုံးဝန်းကျင်က ပုံရိပ်များအားလုံးကို တိတ်တိတ်ကလေး နှုတ်ဆက်လိုက်သည်။ 

နေရစ်တော့ အက်စ်ပီအိတ်ခ်ျရယ်...။


ဇွန်မိုးစက်

Comments ( 6 )

အမတို့ရဲ့ရုံးအကြောင်းဖတ်ရတာစိတ်ချမ်းသာဖို့ကောင်းလိုက်တာ ။ ညီမတို့ရုံးလည်း အဖွဲ့အစည်းကြီးကြီးထဲကပါပဲ ။ ဒါပေမယ့် ရုံးချိန်တွေမှာအရမ်းခြောက်ကပ်ပြီး overload အရမ်းဖြစ်တယ်။ listed company ပေမယ့် တရုတ်နှစ်ကူးကလွဲလို့ D&D တောင်မရှိဘူး ။ ခရစ်စမတ်ပါတီမရှိဘူး ။ ကော်ဖီသောက်ဖို့အချိန်မပြောနဲ့အိမ်သာမှာကြာရင်တောင်မကြိုက်ချင်ဘူး ။ မနက် ၈ ခွဲကနေ ညနေ ၇ နာရီကတော့ ပုံမှန်ပဲ ။

ကောင်းတဲ့ပတ်ဝန်းကျင်မှာနေရတာကိုယ်ကောင်းလို့တဲ့ ။ ညီမကတော့မကောင်းတဲ့ပတ်ဝန်းကျင်မှာနေရတာမို့ အတိတ်ကံတွေပဲသဘောထားလိုက်ပါတယ် ။ ဘာပဲပြောပြော အဲလိုပတ်ဝန်းကျင်လေးမှာတော့အလုပ်လုပ်ချင်မိတယ်

အမရဲ့ I miss you tag က ပိုစ့်လေးတွေကိုအရမ်းနှစ်သက်မိပါတယ်

နောက်ထပ် နှစ်ပေါင်း ၆ နှစ်လောက် အကြာမှာ ပြန်ဖတ်မိတဲ့အခါ ၆ လတာပဲ လုပ်ခဲ့ရပေမယ့် စိတ်ချမ်းမြေ့ခဲ့ရတဲ့ လုပ်ငန်းခွင်ကို ချက်ချင်းပဲ ပြန်မြင်ယောင်စေမယ့် ပို့စ်လေးပါပဲ... ဇွန်၊ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကို ဆက်လျှောက်သွားနေတဲ့ အချိန်မှာ ဟောဒီ ၆ လတာ ကာလလေးက ဘဝရဲ့ အမှတ်တရတွေ ထည့်သိမ်းထားတဲ့ ဗူးကလေးထဲကနေ အမြဲပဲ ပြန်ထုတ်ကြည့်ချင်စရာ ကောင်းနေတော့မှာ သေချာပါတယ်...။

ပျော်ရာမှာ မနေ၊ တော်ရာမှာနေ..ဆိုပေမည့်
ပျော်ရာပဲ နေချင်တာပေါ့နော်

ညီမဆုမြတ်... SPH မှာ ကိုယ်နဲ့သင့်တော်တဲ့အလုပ်ကြော်ငြာတွေ့ရင် လျှောက်ကြည့်ပါလို့ အစ်မတိုက်တွန်းချင်ပါတယ်။ ပို့စ်လေးတွေ နှစ်သက်မိတယ်ဆိုလို့ ကျေးဇူးနော်။း)

ကိုညီလင်းသစ် ပြောသလိုပဲ နောင်နှစ်တွေကြာပြီးမှ တစ်ခေါက်ပြန်ဖတ်ကြည့်တဲ့အခါမှာတောင် အဲ့ဒီ အမှတ်ရစရာ ၆လတာကာလလေးကို မြင်ယောင်သတိရနေဦးမယ် ထင်ပါတယ်။

မမသီတာ... မှန်လိုက်တာလို့ပဲ တခဲနက် ထောက်ခံချင်ပါတယ်။ ပျော်ရာမှာ ကြာကြာလေးဆက်နေနိုင်ရင်...ဆိုတဲ့ အတွေးမျိုး ခေါင်းထဲ ခဏခဏ၀င်လာနေတာ မရယ်...။

တိုက်တိုင်ဆိုင်ဆိုင်ပဲ မဇွန်ရေ မနေ့က အမပိုစ့်ကို ဖတ်ပြီး SPH အရှေ့က ဖြတ်မိတယ်.. မဇွန်ပိုစ့်ထဲကအတိုင်း ခေါင်မိုးပေါ်က ပန်းခြံကိုပါ မော့ကြည့်ခဲ့တယ်..

နှင်းဖူး

ဇွန် ညီမ နေရာသစ်မှာ ပျော်ပါစေ။