ကြယ်ရေတွက်သူ

Category:

စကားလုံးတို့ ပျောက်ဆုံးနေတဲ့ ရင်ခွင်ထက်
အသာခိုဝင်မှီတွယ်ရင်း
ကောင်းကင်ထက်က ကြယ်တွေကို ရေတွက်နေတယ်...

အကြင်နာကင်းတဲ့ မင်းနှုတ်ဖျားက ထွက်ကျလာမယ့်
ရက်စက်မှုတွေကို လျစ်လျူရှုရင်း
ငါဟာ… ကြယ်တွေကို ရေတွက်မြဲ ရေတွက်နေမိတယ်...

အပြစ်ကင်းချင်ယောင်ဆောင်တဲ့ မင်းမျက်ဝန်းတွေအောက်
အခါခါ ကျရှုံး အဆုံးသတ်ကို သိနေခဲ့လည်း
အမှတ်မရှိတဲ့ငါ… ကြယ်တွေကို ရေတွက်မြဲ ရေတွက်နေပြန်တယ်...

မှိတ်တစ်ချို့ လင်းတစ်ဝက် ကြယ်စင်တွေက
ငါ့အမြင်မှာ ၀ိုးတိုးဝါးတား
သူတို့ငါ့ကို ဟားတိုက်ရယ်နေကြမလား?
စိုးရိမ်ကြောင့်ကြစိတ်နဲ့ ကြယ်တွေကို ဆက်ရေတွက်တယ်...

ခါးသီးမှုတွေနဲ့ယဉ်ပါး ချိုမြိန်ခြင်းအဓိပ္ပာယ် မေ့လျော့သွားခိုက်မှာ
ကြယ်ကြွေတစ်လုံး သက်ဆင်းလာခဲ့တယ်...

ရေတွက်မှုတွေကွယ်ပျောက် ကြယ်ကြွေနောက်ကို
တကောက်ကောက် ပြေးလိုက်ရင်း
အေးစက်မာကြောတဲ့ ရင်ခွင်တစ်စုံကို စွန့်ခွာခဲ့တယ်...

လက်နဲ့ဖမ်းဆုပ် ကြယ်ကြွေကို အရယူလိုက်တယ်ဆိုရင်ပဲ
ရက်စက်စိမ်းကားမှုဟာ အရပ်ဆယ်မျက်နှာ ပဲတင့်ထပ်အောင် ဟစ်ငိုကြွေးတယ်...

ငါ အသာပြုံး ကြယ်ကြွေကို ခေါင်းအုံးပြီး ကြယ်တွေကို ရေတွက်နေလိုက်တယ်
ငါကိုယ်တိုင် ကြယ်တစ်စင်း အလင်း မဖြစ်ခင်အထိပေါ့...။ 


ဇွန်မိုးစက်
၈.၁.၂၀၁၃

(ရုံးမှာအလုပ်ပါးတုန်း ချရေးဖြစ်တဲ့ ကဗျာလေးပါ။ ဇွန် ကဗျာရေးဖွဲ့မှုအပိုင်းမှာ အားနည်းပါတယ်၊ ဒါပေမယ့် အမှတ်တရဖြစ်ချင်တာနဲ့ ဘလော့ဂ်မှာ တင်လိုက်ပါတယ်။ နားလည်သလိုပဲ ခံစားပေးလိုက်ပါနော်။)း)

Comments ( 10 )

ကဗျာရေးဖွဲ့မှုပိုင်းမှာ ...
အားနည်းသည် ဆိုသော်ငြား..
ခံစားလို့တော့ ကောင်းသားမမဇွန်ရေ..
အားပေးနေပါတယ်ဗျား....:)
ချစ်တဲ့....မိုးနတ်

အေးစက်မာကြောတဲ့ရင်ခွင်တစ်စုံကို စွန့်ခွာလိုက်နိုင်တာအမြတ်ပဲ အစ်မး) ကြယ်ကြွေကိုခေါင်းအုံးပြီး ကြယ်တွေကို အသာအယာဆက်ရေ နိုင်တာပေါ့။

အားပေးနေတယ်ဇွန်။။။

ကဗျာလေးမှာ အနိမ့်အမြင့်နဲ့ စီးဆင်းမှု ရှိလို့ ဖတ်လို့ကောင်းပါတယ် ဇွန်...၊

အဆုံးသတ် စာကြောင်းလေးကိုလည်း သဘောကျတယ်၊ အများတကာ ကြယ်ကြွေကို ငေးမောပြီး ဆုတောင်းရုံလောက်ပဲ လုပ်နေချိန်မှာ အဲဒီကြယ်ကို ခေါင်းအုံးပစ်ပြီး ကိုယ်တိုင် ကြယ်တစ်စင်း ဖြစ်ဖို့ မျှော်လင့်နေခဲ့တာလောက် လှတာရှိဦးမလား ..။း)

ခါးသီးမှုတွေနဲ့ယဉ်ပါး ချိုမြိန်ခြင်းအဓိပ္ပာယ် မေ့လျော့သွားခိုက်မှာ
ကြယ်ကြွေတစ်လုံး သက်ဆင်းလာခဲ့တယ်----
ခံစားချက်လေးတွေလှနေလို့
ကဗျာလှလှလေးရခဲ့တယ်နော်

ကြယ်ကြွေကို ခေါင်းအုံးပြီး ကြယ်တွေကို ဆက်လက်ရေတွက်နေတဲ့ ဇွန်ရေ အမြန်ဆုံး ကြယ်တစ်စင်း အလင်းဖြစ်လာပါစေလို့နော်။
ကဗျာလေးအားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဇွန့်ကဗျာလေးကို လာပြီးအားပေးကြတဲ့ ညီမမိုးနတ်၊ ပန်းချီ၊ အစ်မရှင်လေး၊ ကိုညီလင်း၊ မစံပယ်နဲ့ တီတင့်တို့ကို ကျေးဇူးတင်ပါတယ်။း)

ငါ အသာပြုံး ကြယ်ကြွေကို ခေါင်းအုံးပြီး ကြယ်တွေကို ရေတွက်နေလိုက်တယ်
ငါကိုယ်တိုင် ကြယ်တစ်စင်း အလင်း မဖြစ်ခင်အထိပေါ့...။

အားနဲတယ်ပြောပေမယ့် တကယ့်ကို စကာလုံးတွေကလှပါပေတယ် ။

ကိုလွင်ပြင်ရဲ့ မှတ်ချက်ကြောင့် ဇွန် ၀မ်းသာမိပါတယ်။း)

LIFE IS SOMETIMES LIKE THIS. A MISS IS AS GOOD AS A MILE