ခရီးများခဲ့တဲ့ ၂၀၁၂

Category:

၂၀၁၂ကတော့ ဇွန့်အတွက် ခရီးသွားနှစ်လို့ ဆိုရမယ် ထင်ပါတယ်။ တစ်နှစ်အတွင်း မြန်မာပြည် သုံးခေါက်၊ အင်ဒိုနီးရှား နှစ်ခေါက်ရောက်လိုက်ပြီး၊ မလေးရှားနဲ့ဂျပန်ကို တစ်ခေါက်စီ ရောက်သွားပါတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းကနေ ၂၀၁၂ ဇန်န၀ါရီလလယ်ပိုင်းအထိ စင်္ကာပူကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ တရားပွဲကိစ္စနဲ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာရှိတဲ့ ကျောက်ကွင်းရွာ၊ အဲဒီကနေမှ ရန်ကုန်ကိုပြန်၊ ပြီးတော့ မန္တလေး၊ အမရပူရ၊ ပြင်ဦးလွင်ခရီးတွေဆက်ပြီး ရန်ကုန်ကနေ စင်္ကာပူကို ပြန်ရောက်လာပါတယ်။ ဖေဖော်ဝါရီကနေ ဧပြီလအထိကတော့ စာမေးပွဲတစ်ခုဖြေဖို့ရှိနေတာကြောင့် ဘယ်မှ မသွားဖြစ်ခဲ့ပေမယ့် မေလကနေ နိုဝင်ဘာအထိ လစဉ် ခရီးတိုလေးတွေ ထွက်ဖြစ်တာနဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ခရီးစဉ်အားလုံးလိုလိုက အဝေးကြီးကတည်းက ကြိုတင်စီစဉ်ခဲ့တာမဟုတ်ဘဲ အနီးကပ်မှ လက်မှတ်ဝယ်ပြီး ကောက်ခါငင်ခါ သွားဖြစ်တာမျိုးတွေပါ။

မြန်မာတွေ အင်ဒိုနီးရှားသွားရင် ဗီဇာလျှောက်စရာမလိုတော့ဘူးလို့ သိရတဲ့အချိန်ကစပြီး သွားမယ်တပြင်ပြင် ဖြစ်နေခဲ့တာပါ။ ရောက်ချင်တာက ဘာလီ၊ သွားဖြစ်တော့ ဘာတမ်။ ရှေ့က “ဘာ” တော့အတူတူပါပဲနော်။ ဘာတမ်ခရီးစဉ်အကြောင်းကို ညိုလေးနေက ဒီမှာ ရေးထားပါတယ်။ မေလထဲမှာ ဘာတမ်ကို တစ်ညအိပ်နှစ်ရက်ခရီးသွားလည်ပြီး ဇွန်လထဲမှာ ရန်ကုန်ကို တစ်ခေါက်ပြန်ဖြစ်ပါတယ်။ မိသားစုလေးယောက် မျက်နှာချင်းဆိုင် မဆုံညီခဲ့တာ ၆နှစ်တာရှိသွားပြီမို့ အဖေရန်ကုန်ပြန်ရောက်ခိုက် ဆုံတောင့်ဆုံခဲ ကြုံရတဲ့ ဇွန့်မွေးနေ့အလှူကို မြန်မာပြည်မှာပြန်လုပ်ချင်တာနဲ့ ခွင့်သုံးရက်ယူပြီး ငါးရက်ခရီးပြန်လိုက်တာပါ။ တစ်ခါဇူလိုင်လရောက်တော့ ဖားအောက်တောရရဲ့ ဘာတမ်ရိပ်သာက သိမ်ဖွင့်ပွဲကို တစ်ညအိပ်နှစ်ရက်ခရီးသွားပြီး တက်ရောက်လိုက်ပါသေးတယ်။ သြဂုတ်လမှာ မြန်မာပြည်ကို အကြောင်းကိစ္စတစ်ခုနဲ့ တစ်ခေါက်ပြန်ဖြစ်ပါတယ်။ လေးညအိပ် ငါးရက်ခရီးပါပဲ။

လတိုင်းခရီးသွားနေရလို့ ပင်ပန်းတယ်၊ နောက်လ ဘယ်မှမသွားတော့ဘူးလို့ ဆုံးဖြတ်ပြီး သိပ်မကြာခင်မှာပဲ ရုံးကလူတွေစုပြီး ဂျန်းတင်းကို သွားကြမယ်ဆိုပြီး ဇွန့်ကိုလာခေါ်ကြပါတယ်။ အရင်က မလေးရှားကို တစ်နှစ်တစ်ခေါက်နှုန်းနဲ့ ငါးကြိမ်လောက်ရောက်ခဲ့ပေမယ့် ဂျန်းတင်းတစ်ခါမှ မရောက်ဖူးသေးတာရယ်၊ အလုပ်ကလူတွေနဲ့ တစ်ခါမှ ခရီးမထွက်ဖူးသေးတာရယ်ပေါင်းပြီး စက်တင်ဘာလထဲမှာ နှစ်ညအိပ် သုံးရက်ခရီးတို တစ်ခေါက် ထွက်ခဲ့ပြန်ပါတယ်။ အောက်တိုဘာလရောက်တော့ ၂၀၁၂ မတိုင်ခင် အနောက်ဘက်ကို ခရီးထွက်ရင်ကောင်းမလား ကြံစည်ခဲ့သေးပေမယ့် တကယ်တမ်းရောက်သွားတော့ အရှေ့စွန်းပါ။ စွန်းတာမှ သူ့ရှေ့မှာ ပင်လယ်နဲ့သမုဒ္ဒရာပဲ ရှိပါတော့တယ်။ တိုကျိုခရီးစဉ်က အောက်တိုဘာ ၃၁ရက်ကစပြီး နိုဝင်ဘာ၇ရက်မှာ အဆုံးသတ်ပါတယ်။ ခွင့်တွေလည်း ကုန်ပါပြီ၊ လူလည်း ပင်ပန်းပြီ၊ ပိုက်ပိုက်လည်း အတော်အသင့် ကုန်သွားပြီမို့ ဒီနှစ်အတွက် ခရီးသွားခြင်း တစ်စခန်း ရပ်ပါပြီ။

ရှေ့နှစ်ထဲရောက်ရင် ဒီနှစ်လောက် ခရီးသွားဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘ၀ခရီးကို သုံးရာခြောက်ဆယ့်ငါးနဲ့လေးပိုင်းတစ်ပိုင်းရှိတဲ့ ရက်လရာသီနှစ်စက်ဝန်းထဲမှာ ဆက်ပြီးရွက်လွှင့်နေရဦးမှာပါ။ ဇွန့်အတွက်တော့ အတက်အကျတွေများတဲ့ ၂၀၁၂ မှာ ကံမကောင်းခြင်းတွေကို ထားခဲ့နှုတ်ဆက်ပြီး ကြုံတွေ့လာတဲ့ အပြောင်းအလဲတွေနဲ့အတူ ၂၀၁၃ ကို စိတ်လှုပ်ရှားခြင်းများစွာနဲ့ ကြိုဆိုလိုက်ပါတယ်။

စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများအားလုံးအတွက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသော၊ ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်အခါသမယ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။း)

စာကြွင်း။        ။ ခရီးစဉ်တစ်ခုချင်းစီက ပုံလေးတွေကို ၂၀၁၂ရဲ့ နောက်ဆုံးပို့စ်အတွက် အမှတ်တရ ထပ်ထည့်လိုက်ပါတယ်။ 

ဒီပုံလေးကတော့ သာသနာ့သမိုင်းမှတ်တိုင် နှစ်ကြိမ်တိုင်တိုင်စိုက်ထူနိုင်ခဲ့တဲ့ ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်နယ်အတွင်းက ကျောက်ကွင်းကျေးရွာရဲ့ ရွာဦးကျောင်းလမ်းအ၀င်လေးပါ။

ဒါကတော့ မန္တလေးရတနာပုံဈေးဘေးလမ်းတစ်နေရာပါ။ ရောက်တုန်းရောက်ခိုက်ဆိုပြီး ပုံမှာတွေ့ရတဲ့မုန့်တွေ အမျိုးစုံအောင်ဝယ်ပြီး စားပစ်ခဲ့တာ။ :D

မေမြို့က သာယာလှပတဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်ပေါ့

ဘာတမ်ကျွန်းမှာရှိပေမယ့် မြန်မာတွေ အရောက်အပေါက်နည်းတဲ့ တူရီကမ်းခြေက အပန်းဖြေစခန်း

ဇွန်လအတွင်းက ဇွန်ရဲ့ ရန်ကုန်ခရီးစဉ်အမှတ်တရ (ရန်ကုန်လေဆိပ်မှာတွေ့ရတဲ့ ပန်းချီကားကို သဘောကျလို့ ရိုက်ယူခဲ့တာပါ)

ဘာတမ်းကျွန်းစုဝင်သုံးခုမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ရမ်ပန်(Rempang) က သိမ်ဖွင့်ပွဲတက်ရောက်စဉ်

၈လပိုင်း ရန်ကုန်ခရီးစဉ်မြင်ကွင်း (ကရ၀ိတ်အနီး ကန်တော်ကြီးက ရိုက်ထားတာပါ)

 စက်တင်ဘာ ဂျန်းတင်းခရီးမှတ်တမ်း (ဒီကောင်းကင်ကားက အရှေ့တောင်အာရှမှာ အမြင့်ဆုံးလို့ သိရပါတယ်။ အမြင့်ကြောက်တတ်သူများအတွက်ကတော့ စီးချိန် အသွားအပြန်စုစုပေါင်း နာရီဝက်ဟာ တစ်ကမ္ဘာလောက် ထင်ရတာပါ။ ခရီးစဉ်တစ်လျှောက်လုံးမှာ ဇွန့်အကြိုက်ဆုံးက ဒီစကိုင်းဝေးကေဘယ်လ်ကား စီးရတာကိုပါ)

 ဒါကတော့ ၂၀၁၂ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ နေမင်းကြီးရဲ့ကျွန်းမြေလို့တင်စားခေါ်ဝေါ်ကြတဲ့ နိပွန်ခေါ်ဂျပန်ရဲ့ ခရီးသွားဟန်လွှဲ အမှတ်တရ ပုံရိပ်တစ်ခုပါ။


တစ်နှစ်တာပတ်လုံး လာရောက်အားပေးဖတ်ရှုကြတဲ့ စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများအားလုံးကို အစဉ်ကျေးဇူးတင်လျက်... ^_^


ဇွန်မိုးစက်

Comments ( 7 )

မေမြို့ပုံကို ပိုကြာကြာကြည့်သွားတယ်..
ပေါက်

ဒီနှစ်ထဲမှာ ဇွန်သွားခဲ့တဲ့ ခရီးတွေက တကယ့်ကို အများကြီးပဲကိုး..၊း)

မန္တလေး ရတနာပုံဈေး လမ်းဘေးက အစားအသောက်တန်းကို ရိုက်ထားတဲ့ ပုံလေး ကြိုက်တယ်၊ အဲဒီပုံထဲမှာ အကုန်ပါတယ်၊ ဓါတ်ပုံရိုက်သူက စားပါစားခဲ့သေးတယ် ဆိုတော့ အတိုင်းထက် အလွန်ပေါ့ဗျာ..၊း) ရန်ကုန် လေဆိပ်က ပန်းချီကားကို ရိုက်ခဲ့တဲ့ ဇွန့်ရဲ့ စိတ်ကူးလေးလည်း ကောင်းတယ်၊ တစ်နှစ်တာရဲ့ ခရီးစဉ်တွေကို ကိုယ်စားပြုတဲ့ ပုံလေးတွေနဲ့ အခုလို အဆုံးသတ် နှုတ်ဆက်တဲ့ ပို့စ်လေးကိုလည်း သဘောကျမိပါတယ်...၊

၂၀၁၃ ဟာ ဇွန့်အတွက် ကျန်းမာခြင်း၊ အောင်မြင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေကို သယ်ဆောင်လာပါစေလို့ ဆန္ဒပြုရင်း မင်္ဂလာနှစ်သစ် ပါလို့ နှုတ်ခွန်းဆက်ပါတယ် ညီမလေးရေ...။

ဂျပန်ရူခင်းကို သဘောကျနေတယ်

နှစ်သစ်မှာပျော်ရွှင်ပါစေ။
ခရီးတွေသွားခဲ့တာပျော်စရာကြီး။ ဓါတ်ပုံတွေအတွက် ကျေးဇူးပါပဲ။

မပေါက် လွမ်းသွားပြီထင်တယ်။း)

မင်္ဂလာနှစ်သစ်နှုတ်ခွန်းဆက်အတွက် ကျေးဇူးပါ အစ်ကိုညီလင်းသစ်။း)

အစ်မပြုံးရေ... အပြင်မှာလည်း သိပ်လှတဲ့နေရာပါ။

ပေးတဲ့ဆုနဲ့ပြည့်ပါစေ အစ်မရှင်လေး။

အားလုံးပဲ ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနှစ်သစ် ဖြစ်ပါစေ။း))

အမဇွန်ရေ...အမကိုညလေး အရမ်းအားကျတယ်ဟယ်
ညလေးလဲ အဲလိုခရီးတွေ အများကြီး အများကြီးသွား
ချင်တာ...နေရာသစ် ဒေသသစ်တွေကိုလဲ အားကြီး
စိတ်ဝင်စားတယ်...၂၀၁၃ ကျရင် အဲလောက်ခရီး
တွေမထွက်နိုင်တော့ဘူးလား...အင်းလေ..ပြောသာ
ပြောတာ ခရီးသွားရတာ ပိုက်ဆံလဲကုန်တယ်..လူလဲ
ပင်ပန်းတယ်နော်..ဒါပေမဲ့ ညလေးအရမ်းသွားချင်တယ်

ညီမလေး မိုးနတ်ရေ... အခြေအနေ အချိန်အခါပေးရင် ခရီးတွေသွားလိုက်ပါ။ ကိုယ်မသိသေး၊ မကြုံဖူးသေးတဲ့ ဒေသန္တရဗဟုသုတတွေ အများကြီးရလာတယ်။ နှစ်သစ်မှာ ညီမလေး စိတ်ရော၊ ကိုယ်ပါ ချမ်းမြေ့ကျန်းမာပါစေနော်။း)