ကျောပိုးအိတ်နဲ့ ဂျင်းပန်အပြာ

Category:

♫♪ မြို့ထဲမှာ လမ်းလျှောက်ရင် ဂျင်းပန်နဲ့ ငါကြိုက်တာ ဂျင်းပန်အပြာ
နွေမိုးနဲ့ဆောင်းရောက်ရင် ၀တ်နေမှာပဲ ဖြူရော်နေပစေ ၀တ်နေမယ့်ဂျင်း ♪♫

သူမ ခပ်ငယ်ငယ် ထိုသီချင်းကို ကြားကာစက သိပ်ဘ၀င်မကျ။ ဂျင်းဘောင်းဘီတစ်ထည်တည်းကို ဥတုသုံးလီ မပြောင်းလဲဘဲ နှစ်ခြိုက်စွာဝတ်ဆင်မယ်တဲ့။ နောက်ဆက်တွဲ စာသားက ဂျင်းဘောင်းဘီအပြာကို အမြဲဝတ်သလို မိန်းကလေးတစ်ယောက်တည်းကို စွဲစွဲမြဲမြဲ ချစ်မယ်ဆိုတဲ့အကြောင်းလည်းပါသည်။ ခုချိန်မှာတော့ အဲဒီသီချင်းရဲ့ အဓိပ္ပာယ်ကို သူမ ကောင်းစွာနားလည် သဘောပေါက်သွားပြီဖြစ်သည်။ အထူးသဖြင့် ဂျင်းပန်အပြာနှင့်ပတ်သက်သော သီချင်းစာသား…။

သူမကိုယ်တိုင်က ဂျင်းပန်အပြာကို စွဲစွဲမြဲမြဲ ၀တ်မှန်းမသိ ၀တ်တတ်သူတစ်ယောက်ဖြစ်နေခဲ့တာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပြီ။ ကျောင်းသူဘ၀မှာလည်း ဂျင်းပန်အပြာကိုပဲ ၀တ်ခဲ့သည်။ အလုပ်ခွင်ဝင်တော့ နေ့စဉ်ဝတ်ဆင်၍မရသည့်တိုင် ဂျင်းဘောင်းဘီဝတ်ခွင့်ရှိသည့် သောကြာလိုနေ့မျိုးမှာ ဂျင်းပန်အပြာကို တီရှပ်နှင့်တွဲ၍ ၀တ်ဆင်ခဲ့သည်။ ဟော… စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေမှာ ဟိုနားဒီနားပဲဖြစ်ဖြစ် ဝေးဝေးလံလံပဲဖြစ်ဖြစ် အပြင်ထွက်သည့်အခါ ဂျင်းပန်အပြာကိုပဲ ၀တ်ဆင်ပြန်သည်။ အပေါ်ပိုင်းက အင်္ကျီတွေသာ ပြောင်းချင်ပြောင်းသွားမည်၊ ဂျင်းဘောင်းဘီဖက်ရှင်ကတော့ မပြောင်းလဲခဲ့။ ၀တ်နေကျအရောင်မှာလည်း အပြာရောင်သာ။ ဂျင်းအမည်းတစ်ထည်ရှိသော်လည်း သိပ်မ၀တ်ဖြစ်ခဲ့။ နှစ်တွေကြာလာတာနှင့်အမျှ သူမ၀တ်နေကျ ဂျင်းပန်အပြာရင့်လေးက တဖြည်းဖြည်းအရောင့်လွင့်ပြယ်လာကာ အပြာနုရောင်အသွင်သို့ ပြောင်းလဲတော့မည့်အလား…။ အောက်ခြေအနားစလေးတွေမှာ တမင်အဆန်းထွင်ပြီး ဖွာရာကျဲထားသည့်အလား…။ သို့သော်… သူမက ထိုဂျင်းပန်အပြာလေး ၀တ်ရတာကိုပဲ နှစ်ခြိုက်နေမိသည်။

သူမ ခရီးသွားသည့်အခါတိုင်း ဂျင်းပန်အပြာကိုပဲ ၀တ်ဆင်သည်။ ဂျင်းသားက အကြမ်းခံ၊ အပေအတေခံသည်၊ ရက်ရှည်ဝတ်လို့ရသည်၊ လုံခြုံမှုနှင့် အနွေးဓာတ်လည်းပေးသည်၊ ဂျင်းပန်တစ်ထည်နှင့်ဆို တောလမ်းခရီးပဲသွားသွား၊ တောင်ပေါ်ပဲတက်တက်၊ မြေပြန့်မှာပဲလျှောက်လျှောက် အဆင်ပြေသည်။ ဖုန်မထဘဲ အေးမြသောဥတုရာသီရှိရာ ဒေသများတွင် မကြာခဏဖွတ်လျှော်စရာမလိုဘဲ လနှင့်ချီပြီး ၀တ်ချင်ဝတ်နိုင်သည်။ ဒီလိုအကြောင်းတွေနှင့်ပဲ ဂျင်းဘောင်းဘီသည် သူမအတွက် မရှိမဖြစ်၊ မ၀တ်မဖြစ် စာရင်းထဲ ပါနေတာဖြစ်နိုင်သည်။ ယခုလက်ရှိဝတ်နေသော ဂျင်းပန်တစ်ထည် ၀တ်မရအောင် ဟောင်းနွမ်းစုတ်ချာသွားပြီဆိုလျှင်တော့ နောက်ထပ် ဂျင်းပန်အပြာရောင်တစ်ထည် အစားထိုးဝယ်ရမည်။ သေချာသည်မှာ… အသစ်အသစ်သော ဂျင်းပန်အပြာသည်လည်း နှစ်ရှည်လများ အရောင်များလွင့်ပြယ်သွားသည်အထိ သူမ၏ စွဲစွဲမြဲမြဲ ၀တ်ဆင်ခြင်းကို ခံရဦးမှာဖြစ်သည်။

နောက်ထပ် သူမ ခရီးသွားတိုင်း မဖြစ်မနေ သယ်ပိုးယူဆောင်သွားသည့်အရာမှာ ကျောပိုးအိတ်ဖြစ်သည်။ ကျောပိုးအိတ်နှင့်စတင် ရင်းနှီးခဲ့ချိန်က သူမ ကျောင်းနေခါစ ငါးနှစ်သမီးအရွယ်မှာ။ ပထမတန်းတုန်းက သူငယ်ချင်းတစ်ယောက်လွယ်ခဲ့သော အကွက်လေးများပါသည့် အနီရောင်ကျောပိုးအိတ်ကို သူမ အတော်လေး နှစ်သက်သဘောကျခဲ့ဖူးသည်။  အဆင်အကွက်တူ အပြာရောင် ကျောပိုးအိတ်ကို လွယ်ထားသော ထိုသူငယ်ချင်း၏အစ်မက ညီမဖြစ်သူကို အတန်းထဲအထိ လိုက်ပို့တတ်တာကိုလည်း သူမ သတိပြုမိသည်။ အထက်တန်းကျောင်းမှာ သူမ နှစ်အလိုက် လွယ်ပိုးခဲ့သည့် ကျောပိုးအိတ်များ၏ အရောင်အသွေး၊ ဒီဇိုင်းတွေ အသေအချာ မမှတ်မိတော့သော်လည်း ဗေဒါရောင်နှင့် ဂျင်းသားဆန်ဆန် ကျောပိုးအိတ်တစ်လုံး ပိုင်ဆိုင်ခဲ့ဖူးသည်ကိုတော့ အမှတ်ရသည်။ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ Levi's factory outlet ကို အလည်အပတ်သွားရင်း  ဂျင်းသားအပြာရင့်ရောင်နှင့် ကျောပိုးအိတ်တစ်လုံး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေသည်ကို တွေ့ရ၍ သူမ၀မ်းသာအားရ ၀ယ်ယူပိုင်ဆိုင်ခဲ့သေးသည်။ ကလေးဘ၀မှစတင်ကာ နှစ်ရှည်လများ စွဲမြဲစွာ ဆောင်လွယ်ခဲ့သော ကျောပိုးအိတ်သည် ခုချိန်မှာတော့ သူမနောက် တကောက်ကောက်လိုက်ပါရရှာသော ခရီးသွားဖော်တစ်ယောက်ပမာ ဖြစ်လာခဲ့သည်။

ကျောပိုးအိတ်နှင့်ဆိုလျှင် ပစ္စည်းတွေ အများကြီးထည့်လို့ရသည်။ လက်ဆွဲခရီးဆောင်သေတ္တာအငယ်လေးတွေမှာ ထပ်ထည့်ဖို့ အခက်အခဲရှိနေသည့်အခါမျိုးမှာဖြစ်ဖြစ်၊ ကီလိုတွေပိုစွန်းနေသည့်အခါဖြစ်ဖြစ် ကျောပိုးအိတ်ထဲကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ပြောင်းထည့်ယူ၍ ရသည်။ လက်ပ်တော့ပ်လို အလေးချိန်ရှိသော ပစ္စည်းမျိုးတွေကို ကျောပိုးအိတ်နှင့် လွယ်ပိုးသယ်ဆောင်ခြင်းက သူမလို အလေးအပင် များများမဆွဲနိုင်သူအတွက် အတော်လေး အဆင်ပြေသည်။ သူမ အလေးခံလွယ်ထားသည့် ကျောပိုးအိတ်၏ အလေးချိန် မည်မျှရှိမရှိကို မည်သည့်လေကြောင်းလိုင်းအရာရှိကမှ အရေးတယူ စစ်ဆေးမေးမြန်းခြင်း မပြုခဲ့။

သူမက ဈေးသွားလျှင်တောင် လက်ဖြင့်အထုပ်တွေ အများကြီးမဆွဲချင်သဖြင့် ကျောပိုးအိတ်ယူသွားတတ်သည့်သူမျိုးဖြစ်သည်။ တခါတရံ တစ်ညအိပ် ဒါမှမဟုတ် နှစ်ညအိပ် ခရီးတိုလေးတွေသွားရသည့်အခါ အခြားလက်ဆွဲအိတ်ယူစရာမလိုဘဲ ကျောပိုးအိတ်တစ်လုံးတည်းနှင့်ပင် ကိစ္စပြီးသွားတတ်သည်။ ခရီးမှအပြန် လက်ဆောင်တွေ ၀ယ်ဖြစ်သည့်အခါ အားနေသော လက်နှစ်ဖက်ဖြင့် ဟိုဘက်ဒီဘက်တစ်ထုပ်စီ ကောင်းကောင်းဆွဲလို့ရသေးသဖြင့် သူမ ကျေနပ်သည်။ သို့သော် ပစ္စည်းပစ္စယများ အထည့်လွန်ပြီး ချုပ်ရိုးပြေသွားသော ကျောပိုးအိတ်အဟောင်းတစ်လုံးအတွက် သူမ ၀မ်းနည်းခဲ့ရဖူးသည်။ ထိုကျောပိုးအိတ်လေး၏ သက်တမ်းမှာ ငါးနှစ်လောက်တော့ရှိပြီ။ မဖြစ်မနေ အသစ်တစ်လုံး ထပ်ဝယ်လိုက်ရသော်လည်း သူမက ထိုမီးခိုးရောင်ကျောပိုးအိတ်လေးကို နှစ်ခြိုက်လွန်းသဖြင့် မပစ်ရက်သေး။ အိတ်အသားထောင့်စွန်းအချို့မှာ ပေါက်ပြဲစုတ်ရာများရှိနေသဖြင့် အများနှင့်ခရီးသွားသည့်အခါ မလွယ်ပိုးသင့်ကြောင်း သူမ သတိရှိသော်လည်း ဟိုနားဒီနား ဈေးဝယ်သွားလျှင်တော့ စတိုခန်းထဲက တခုတ်တရ ထုတ်ယူပြီး လွယ်ပိုးလိုက်သေးသည်။

ဂျင်းဘောင်းဘီဝတ်ပြီး ကျောပိုးအိတ်လွယ်ထားရခြင်းသည် မိန်းကလေးတစ်ယောက်အား လွတ်လပ်လှပသော စတိုင်ကျမှုကို မပေးစွမ်းနိုင်သော်လည်း လူသက်သာအဆင်ပြေမှုကို ဦးစားပေးသော သူမအတွက် ထိုအရာနှစ်ခုသည် အမှန်တကယ် အရေးပါအသုံးဝင်သော၊ အလွယ်တကူ မစွန့်ပစ်နိုင်သော၊ တန်ဖိုးရှိသည့် သက်မဲ့အရာဝတ္ထုများအဖြစ် တည်ရှိနေကြသည်မှာ အသေအချာပင်။


ဇွန်မိုးစက်

Comments ( 6 )

ကျနော် မူလတန်းမှာတုန်းက ကျောပိုးအိတ် လွယ်ချင်လွန်းလို့ သူငယ်ချင်းတွေနဲ့အတူ အင်းလေးလွယ်အိတ်ကို ကျောပိုးအိတ်ပုံစံ ကျောမှာ နောက်ပြန်လွယ်ခဲ့တာ မှတ်မိနေတယ်...၊း)

ဂျင်းဘောင်းဘီကတော့ ဆယ်တန်းအောင်ပြီးချိန်လောက်မှ စ,ဝတ် ဖြစ်တာ အခုထက်ထိပါပဲ၊ မချွတ်တမ်း စွဲလမ်းမှုမျိုးနဲ့...၊း) ဇွန့်ရဲ့ စာစုလေးဖတ်ပြီး ထူးအိမ်သင်ရဲ့ 🎼 အရောင်တွေ ပြယ်နေပါပြီ ဂျင်းပင်န်အပြာ xxx ဟောင်းနွမ်းစုတ်ပြတ်ခဲ့ပေါ့ ငါ့ဘဝအလား 🎶🎵 ဆိုတဲ့ သီချင်းကလေး သတိရလိုက်မိတယ်...။

ကိုညီပြောမှသတိရသေးတယ်။ ငယ်ငယ်က ဂျင်းလွယ်အိတ် လိုချင်လို့ အဒေါ်က ဂျင်းသားအစ၀ယ်ပြီး ချုပ်ပေးဘူးတယ်။
ဇွန်ရေ.. ကျောပိုးအိတ်တော့ မလွယ်ဖြစ်ဘူး။ဂျင်းဘောင်းဘီကတော့ ကြိုက်တယ်။
ဟောင်းလာလေလေ၊၀တ်လို့ ကောင်းလာလေလေပဲ။
သတိရလျှက်

jean မဝတ်ချင်ဘူးဆိုတဲ့ တချိန် ရှိခဲ့ဖူးတယ်။ ဗမာပြည်မှာနေတုန်း မဝတ်ခဲ့ဘူး။ ဒီရောက်တော့ တောက်လျှောက်ဝတ်မိတယ်။ ခု သိပ် မဝတ်ချင်တော့ပြန်ဘူး။ =)

ဂျင်းဘောင်းဘီကိုအရမ်းကြိုက်တယ်ငယ်ငယ်ကတဲက
နေ ခုချိန်ထိအောင်ဝတ်နေတယ်
နောက်ပြီးဖလန်ထည် ရှပ်အကျီင်္ကိုလဲကြိုက်တယ်
အမြဲဝတ်ဖြစ်ခဲ့တာလေးတွေလေ
ခင်မင်တဲ့ sis jasmine

ဂျင်းဘောင်းဘီလား...မီးမီးကြိုက်ကြိုက်..
အရမ်းကြိုက်တယ်..သိလား..အမြဲတမ်းလဲဝတ်ဖြစ်တယ်
ငယ်ငယ်ကတည်းကနေ ခုချိန်ထိ မက်မက်စက်စက်ဝတ်
ဖြစ်တာ...ဂျင်ဘောင်းဘီပါ...သူနဲ့ဘယ်လိုမှကို မခွဲနိုင်ဘူးလေ......:P

ဇွန်နဲ့ တူနေပြီ... Country Shirt, Jeans နဲ့ ကျောပိုးအိပ် တွေဟာ အမရဲ့ အကြိုက်ဆုံးတွေထဲမှာ ပါတယ်... အခု အသက်ကြီးလာတော့ အမြဲမ၀တ်ဖြစ်တော့ပဲ သူနဲ့ ဆီလျှော်တဲ့ လမ်းမျိုးမှာသာ ၀တ်ဖြစ်တော့တာ...