ဇွန်နဲ့လမုန့်

Category:



အခုဆို တရုတ်လူမျိုးတွေရဲ့ လမုန့်ပွဲတော်ရာသီချိန်မို့ ရုံးမှာ၊ အိမ်မှာ လမုန့်တွေ ပေါများနေတာပေါ့။ အစားအသောက်ဆို စိတ်ဝင်စားတဲ့ ဇွန်တစ်ယောက် လမုန့်ဆိုရင်တော့ ကျောပေးပြီး နေနိုင်တယ်။ မျက်နှာစာအုပ်မှာ ဓာတ်ပုံတွေရိုက်ပြီး ဘယ်လိုတင်တင် ဘယ်လောက်တဂ်တဂ် ဇွန်တို့က အေးဆေးပဲ။ ဒီလို နေနိုင်ရခြင်း အကြောင်းရင်းကလည်း ရှိခဲ့တာပေကိုး။

ဟိုးငယ်ငယ် အသက် ၈ နှစ်လောက်က အဖွားဖြစ်သူနဲ့ ဆွေမျိုးနီးစပ်တော်စပ်တဲ့ ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းအလှူရှိလို့ တစ်ညသွားအိပ်တယ်။ ဘုန်းကြီးကျောင်းမို့ အနယ်နယ်အရပ်ရပ်ကလာတဲ့ ဧည့်သည်တွေနဲ့ မုန့်တွေကလည်း အမျိုးစုံလှပါတယ်။ မန္တလေးက ပြန်လာတဲ့ ဒကာမတစ်ယောက်ကလည်း ထိုးမုန့်၊ လမုန့်နဲ့ အရီးတောင်းလက်ဖက်တွေ လာလှူတာနဲ့ ကြုံကြိုက်သေးတယ်။ ညရောက်တော့ နေ့လည်က ဆွမ်းတော်စွန့်လိုက်တဲ့ မုန့်တွေက ဗန်းထဲမှာ အစီအရီနဲ့ အလှူမှာလာအိပ်တဲ့ ဧည့်သည်တွေကို ချကျွေးတာပေါ့။ 

လူကြီးတွေကြားထဲမှာ ဇွန်တစ်ယောက်ပဲ ကလေးမို့ လူကြီးဝိုင်းက လက်ဖက်ရော၊ ဗန်းထဲက မုန့်အချိုတွေရော ဟိုစပ်စပ်ဒီစပ်စပ် အကုန်လိုက်စားတာ။ အဲဒီ့အထဲမှာ ဆီရွှဲရွှဲ၊ စက္ကူနဲ့ထုပ်ထားတဲ့ လမုန့်လည်း ပါလာတယ်။ အချိုသိပ်မကြိုက်တဲ့ ဇွန်က လမုန့်တစ်ခုလုံးတောင် ကုန်အောင်မစားနိုင်ပါဘူး၊ အီလို့။ ညလယ်ခေါင်လည်းရောက်ရော အိပ်ရာကထပြီး အန်ပါလေရောလား။ အဖွားနဲ့ သူ့သူငယ်ချင်း နောက်အဖွားတစ်ယောက်ခမျာ မအိပ်နိုင်ကြဘဲ ဇွန့်ကို ထပြီးပြုစုရတာ။ အမှန်တော့ အစားစုံသွားလို့ အန်တာ ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ဇွန့်စိတ်ထဲမယ် အဲဒါ လမုန့်စားလိုက်လို့ အန်တာဆိုတဲ့ အစွဲက ဘယ်လိုဝင်သွားလဲ မသိပါဘူး၊ အဲဒီ့နောက်ပိုင်းကစပြီး… လမုန့်ဆိုရင် နိုးပဲ ဖြစ်သွားတာ။

အသံကြားလိုက်တာနဲ့ ဆီရွှဲရွှဲအိတ်ထဲထည့်ထုပ်ထားတဲ့ မုန့်အ၀ိုင်းချိုချိုကို မြင်ယောင်ပြီး အီတီတီ ပြီတီတီ အန်ချင်သလိုကြီး ဖြစ်ဖြစ်သွားရတာ ခုချိန်ထိပဲ။ အဲ… စလုံးရောက်ပြီး နောက်ပိုင်း သူတို့တွေရဲ့ ဆီမရွှဲဘဲ ပုံစံမျိုးစုံနဲ လမုန့်မြင်တော့ ဇွန့်အတွက် စားချင်စိတ်မပေါ်သည့်တိုင် စိတ်ဝင်စားစရာတော့ ကောင်းနေပြန်တယ်။ မုန့်ကို ထုပ်ပိုးထားတဲ့ဗူးလေးတွေက ဒီဇိုင်းမျိုးစုံနဲ့ လှတော့လှသား။ ဟိုးအရင်တစ်နှစ်က အတူနေသူငယ်ချင်းနဲ့ညီမတွေ သူတို့ရုံးကရလာတဲ့ လမုန်ု့တော့ စားဖြစ်တယ်။ ပလိန်းထက်စာရင် အထဲမှာ ကြက်ဥအနှစ်ပါတဲ့လမုန့်ကို ပိုသဘောကျတယ်။ ဘာလို့ဆို အဲဒီ့နေရာလေးကိုကွက်ပြီး ရွေးစားလို့ရတာကိုး၊ ပြီးရင် ကျန်တဲ့အသားကို ကုန်အောင်စားချင်မှစားတာ။ ဒါကြောင့် မတတ်သာလို့ လမုန့်စားရရင် သေးသေးလေးပဲ ပိုင်းပေးပါလို့ ပြောရတယ်။ လက်ဆောင်ရရင်တော့ မငြင်းတော့ပါဘူး၊ ကိုယ်မစားလည်း အိမ်ကလူတွေ စားလို့ရတယ်ဆိုပြီး ယူလာလိုက်တယ်။

အပေါ်ပုံမှာ မြင်ရတာ ဇွန်တို့ supplier ဆီက လက်ဆောင်ရတဲ့ လမုန့်ပါ။ လမုန့် မကြိုက်ပေမယ့် လမုန့်မကြိုက်ရခြင်း အကြောင်းရင်းကို စာတစ်ပုဒ် ချရေးချင်စိတ်ပေါ်သွားတာနဲ့ ဗူးကိုဖွင့်၊ ဖုန်းကင်မရာလေးထုတ်ပြီး ဓာတ်ပုံရိုက်တော့ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက လှမ်းကြည့်နေကြလေရဲ့။ ဟုတ်တယ်လေ… သူတို့မစားခင် ကိုယ်ဦးအောင် ဓာတ်ပုံရိုက်ထားမှ မဟုတ်လား။ ဒီက ဘယ်အရာမဆို မှတ်တမ်းတင်ဖို့ အသင့်ဖြစ်နေတဲ့ ဘလော့ဂါ ဇွန်မိုးစက်လေကွယ်။ ;)



ဇွန်မိုးစက်

Comments ( 4 )

ဆီရွှဲရွှဲ နဲ့ လမုန့် ကိုကြိုက်သလို ၊ စလုံးမှာစားခဲ့ရတဲ့
လမုန့် ကိုလည်းကြိုက်ပါတယ်။ ကြက်ဥ အနှစ်ကလေးတွေပါရင် ပိုကြိုက်ပါသေးတယ်။

ညီမဖို့ အထဲက အနှစ်လေး ချန်ထားပါ :D

သြော်..ဂလိုကိုး..၊း) ကျနော်တော့ မစားရတာ အတော့်ကိုကြာနေပါပြီဗျာ...၊ ဓါတ်ပုံလေးပါ တွဲပါလို့၊ မဟုတ်ရင် လမုန့်ဆိုတာ ဘယ်လိုများပါလိမ့်ဆိုပြီး အတော်တောင် စဉ်းစားယူရမယ့် အဖြစ်...၊း)

ဇွန် လမုန့်စားတဲ့ ပုံက Tom & Jerry ကာတွန်းကား ထဲက ကြွက်ကလေး ဆင်းဒဝစ်ခ်ျ စားသလို ပါပဲလား၊ သူကြိုက်တဲ့ အလယ်က အသားတွေချည်း ရွေးရွေး စားတာလေ...။း)

တရုတ်လမုန့်လေးတွေကိုကြိုက်တယ်
ကြက်ဥ အနှစ်လေးပါတဲ့ဟာဆိုရင်စားရတာ
အရသာရှိနေတာပဲ
ခင်မင်တဲ့ sis jasmine