ဟက်ပီပူးဒေး

Category:

အဲဒီ့နေ့က စနေမိုးစွေ ရွာခဲ့ပါသတဲ့။ ထူးခြားတာတစ်ခုက ဘယ်ကလာမှန်းမသိတဲ့ မြွေတစ်ကောင်ဟာ အိမ်နောက်ဖေးပေါက်ကနေ အိမ်ရှေ့ကို တန်းတန်းမတ်မတ် ဖြတ်ပြီး ဘယ်သူ့ကိုမှ ရန်မမူဘဲ ခြံထဲကို ဆင်းသွားတယ်တဲ့။ မြွေဖြတ်သွားတဲ့အချိန် နောက်ဖေးမှာ ထမင်းအိုးတည်နေတဲ့ မိန်းမပျိုတစ်ယောက်က အလန့်တကြား ထခုန်မိခဲ့ပေမယ့် အိမ်ထဲမှာရှိနေတဲ့ တစ်စုံတစ်ယောက်က အမှတ်မထင် နံရံပေါ်က နာရီကို လှမ်းကြည့်မိသွားတယ်။ ညရောက်တော့ ဆေးရုံကပြန်လာတဲ့သူကို ဖွားမြင်တဲ့ ကလေးအကြောင်း မေးကြည့်ရင်း အိမ်ထဲကို မြွေဖြတ်သွားတဲ့အချိန်နဲ့ ကလေးမျက်နှာမြင်ချိန် တိုက်ဆိုင်နေတာကို အံ့သြစွာနဲ့ သိလိုက်ရတယ်။ အဲဒီ့မြွေကိုတော့ နောက်ထပ်မတွေ့ရတော့ဘူးတဲ့။

ဒါနဲ့ပဲ လူကြီးတွေက ဒီကလေးဟာ မြွေနဲ့အဆက်အစပ် ရှိရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ သူတို့ ယုံကြည်သလိုပဲ အဲဒီ့ကလေးမလေးဟာ မြွေနဲ့အကျိုးပေးတယ်။ မြွေကို မြင်ရင် လိုချင်တာ ဆုတောင်းလို့ ဘေးအိမ်က ဦးလေးကြီး သင်ပေးထားတဲ့အတိုင်း လိုက်ဆုတောင်းတာ ထူးဆန်းစွာနဲ့ တကယ်ပြည့်ခဲ့တယ်။ မြွေပေါတဲ့အရပ်မှာနေပေမယ့် မြွေကို နဲနဲလေးမှ မကြောက်ဘူး။ မြွေမြင်ရင် အနီးကပ်ကြည့်ချင်တယ်။ စိတ်ဝင်စားတယ်။ အနီးအနားလမ်းမှာ မြွေအရှင်အဖြစ်ဖြစ်၊ အသေဖြစ်ဖြစ်တွေ့တယ်လို့ သတင်းကြားရင် သွားကြည့်ချင်တယ်။ တစ်ခါက အိမ်ရှေ့က အုန်းပင်အောက်မှာ လင်းမြွေလာခွေနေလို့ လူကြီးတွေ မသိအောင် အနီးကပ် သွားကြည့်လိုက်သေးတယ်။ မြွေကိုမြင်ရတဲ့အခါ သူမကို ရန်မမူတဲ့အပြင် ပြုံးပြနေတယ်လို့တောင် ထင်တယ်။ 

ကလေးဘ၀က တိရစ္ဆာန်ဥယျာဉ်ကို သွားလည်တဲ့အခါ သူမ အရင်ဆုံးကြည့်ချင်တာ၊ သွားချင်တာ၊ မြွေတွေ ရှိတဲ့နေရာကိုပဲ။ အဲ့ဒီနေရာကို မရောက်မှာ မကြည့်လိုက်ရမှာ စိုးရိမ်တယ်။ ကျန်တဲ့နေရာတွေသာ မမှတ်မိတာ၊ မြွေတွေရှိတဲ့နေရာကိုတော့ တိရစ္ဆာန်ဥယျာဉ် ပထမဆုံးတစ်ခေါက် ရောက်ဖူးကတည်းက မှတ်မိတယ်။ မိုးရာသီမှာ အိမ်အပေါ်ထပ်ဝရန်တာပေါ်ကနေ အောက်မှာ မြင်ရတဲ့ ရေမြွေသေးသေးလေးတွေကို စာကလေးခွေ ချကျွေးချင် ကျွေးတတ်တာ။ မြွေကားဆိုလည်း အရမ်းကြိုက်တယ်။ ငယ်ငယ်က တီဗွီမှာပြတဲ့ အဖြူအမည်း မြွေမင်းသားနဲ့ မြန်မာကားလာရင် စိတ်ဝင်တစားကြည့်တယ်။ မြွေမင်းသားနဲ့ပေါင်းဖက်ပြီး မွေးလာတဲ့ ကလေးလေးခေါင်းမှာ ဆံပင်တွေအစား မြွေလေးတွေ တွဲလောင်းကျနေတာတောင် မှတ်မိသေးတယ်။ မြွေဆို အရမ်းကြောက်တတ်ပြီး မြွေပုံပါရင် စာအုပ်ကို လွှတ်ချတဲ့ အဒေါ်တစ်ယောက်ကို ဘာကြောင့် သူ ဒီလောက် မြွေကြောက်တတ်ရတာလဲဆိုပြီး နားမလည်နိုင်ခဲ့ဘူး။

ခုတော့ မြွေမမြင်ရတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ မြွေအကြောင်း စိတ်ဝင်တစား ရှိသေးပေမယ့် အရင်ကလောက် မရင်းနှီးတော့ဘူး။ အရင်ကထက်စာရင် မြွေကို နဲနဲကြောက်တတ်လာသလိုပဲ။ အသက်ကြီးလာလို့များလား။ မြွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယုံကြည်တာထက်စာရင် အတိတ်ဘ၀ အတော်များများမှာ မြွေဖြစ်ခဲ့ဖူး၊ မြွေနဲ့ပတ်သက်ခဲ့ဖူးတာ ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ပဲ မှတ်ချက်ချမိတယ်။ တကယ်တော့ ဂင်္ဂါဝါဠု သဲစုမကတဲ့ ဘုရားတွေတောင် အဆူဆူ ပွင့်သွားပြီးပြီ။ ကိုယ်က ခုချိန်ထိ သံသရာမှာ ကျင်လည်နေတုန်းပဲဆိုတော့ ကိုယ်မဖြစ်ခဲ့ဖူးတဲ့ သတ္တ၀ါတောင် ရှိချင်မှ ရှိလိမ့်မယ်။ 

ခက်ခဲလှတဲ့ လူ့ဘ၀ရခိုက်လေး၊ စစ်မှန်တဲ့ဘာသာတရား ယုံကြည်ကိုးကွယ်ခွင့်ရခိုက်လေးမှာ သံသရာက ကျွတ်တမ်းမ၀င်သည့်တိုင်အောင် သံသရာတိုအောင် မလုပ်နိုင်ခဲ့ရင် ကိုယ့်လောက်မိုက်တဲ့သူရှိမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ ကုသိုလ်တရားတွေ ဆက်ကာဆက်ကာမလုပ်ဖြစ်ရင် လူဖြစ်ရကျိုးလည်း နပ်မှာမဟုတ်ဘူး။ အသက်တစ်နှစ်ကြီးလာတဲ့နဲ့အမျှ အကုသိုလ်တရားထက် ကုသိုလ်တရားပိုပြုမိဖို့ အရေးကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးနေရင်း၊ ဖြစ်လာသမျှ၊ ဖြစ်ခဲ့သမျှ အပါယ်ရောက်နိုင်တဲ့ ဒေါသအကုသိုလ်စိတ်တွေကို ချုပ်တည်းဖြေဖျောက် လျှော့ချဖို့ကြိုးစားရင်းနဲ့ ဂဏန်းနှစ်လုံးထပ်တူဖြစ်သွားတဲ့ မွေးနေ့ကို ကြိုဆိုလိုက်ပါတယ်။


ဟက်ပီပူးဒေး…. ဇွန်မိုးစက်!

Comments ( 13 )

Happy Birthday ma ma :)
မြွေနဲ့ပါတ်သတ်ပြီး စိတ်ဝင်စားသွားတယ်။
ဆန္ဒ နဲ့ ဘ၀ ထပ်တူကျနိုင်ပါစေး)

နောင့်

Happy birthday, Ma! Wishing you all the best on the speical day and always! :)

Happy Birthday!
အောက်ဆုံးကစာပိုဒ်လေးကိုအရမ်းသဘောကျပါတယ်။

Belated wish for your 33rd birthday!!
Many happy returns!!
=)
-m

အကောင်တကာ့ အကောင်တွေထဲမှာ မြွေကို အကြောက်ဆုံးကိုယ်က မြွေနင်္ဂါးမလေးနဲ့ တစ်ခန်းတည်း အတူနေလာတာ လေးနှစ်ရှိသွားပြီပဲ :)
တစ်ခါတစ်ခါ ရှူး ကနဲ ဖြစ်တတ်တာလေးကလွဲလို့ မြွေနင်္ဂါးမလေးကတော့ ကြောက်စရာမကောင်းပေါင် :D

ဟက်ပီးပူးးးးဒေးတူးးးးးယူ

ပျော်ရွှင်သောနေ့ ရက်များကိုပိုင်ဆိုင်ပြီး လိုအင်ဆန္ဒများ ပြည့်သပါစေလို့ မွေးနေ့ မှာ ဆုတောင်းပေးလိုက်ပါတယ် ညီမ။

ဇွန်ရေ.. လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်ပါစေလို့ မွေးနေ့ အမှတ်တရ ဆုတောင်းလိုက်ပါတယ်။

ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ပါစေ...။

မွေးနေ့ဆုတောင်းပေးသွားကြတဲ့ ညီမနောင့်၊ အနောနီးမတ်စ်၊ မမွန်၊ ချစ်သူငယ်ချင်းညိုလေး၊ အစ်ရှင်လေး၊ အစ်မသီတာနဲ့ အစ်မမြသွေးနီတို့အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။း)

(နောက်ကျခဲ့ပေမယ့်လို့) ပျော်ရွှင်ဖွယ်ရာ မွေးနေ့ မင်္ဂလာ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ် ဇွန်ရေ...။

မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အကုသိုလ် ခပ်ညစ်ညစ် တွေကို တစ်နှစ်တခါ လဲတဲ့ အရေခွံ အဟောင်းနဲ့အတူ ချန်ထား၊ စွန့်ပစ် နိုင်ပြီး အေးချမ်းတိတ်ဆိတ်တဲ့ ညတွေထဲ လရောင်အောက်က လမ်းတွေမှာ တိုးတိတ်၊ ပေါ့ပါးစွာ ရွေ့လျား၊ ဖြတ်သန်း နိုင်ပါစေနော်...။

ကိုညီလင်းရေ... (နောက်ကျခဲ့ပေမယ်) မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်နော်။း)

နောက်ကျမိတာတောင်းပန်ရင်းနဲ့
ပျော်ရွှင်တဲ့မွေးနေ့လေးပိုင်ဆိုင်ပါစေ

အစ်မရေ
မရောက်ဖြစ်လိုက်တာ မွေးနေ့ကျော်သွားတယ် .. :D ချိတ်ချိုးနဲ့နော်း)

ညီမလည်း မြွေကို စိတ်ဝင်စားတယ် .. အဲ ကြောက်လဲကြောက်တယ် အပြင်မှာ တွေ့ရင်လေ .. မြွေကားကြိုက်တယ် .. မြွေကို အိပ်မက်တတ်တယ် .. အဲလိုမက်ရင် ပိုက်ရတယ် .. မက်ပီးနောက်ရက်ကျ ဘုရားမှာ နွားနို့ကပ်ပီး မေတ္တာပို့ အမျှဝေလို့ အစ်မတွေ သင်ပေးလို့ လုပ်တယ်း)