ကျန်းမာခြင်းသည် လာဘ်တစ်ပါး

Category: ,

“အာရောဂျ ပရမ လာဘ” လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ အနောက်တိုင်း သိုးဆောင်းစကားပုံမှာတော့ “When Wealth is Lost, Nothing is Lost. When Health is Lost, Something is Lost. When Character is Lost, Everything is Lost.” လို့ ဆိုထားပါတယ်။ လူကျန်းမာမှ စိတ်ချမ်းသာမယ်ဆိုတာ တကယ်မှန်ပါတယ်။ ကျန်းမာနေတုန်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့ပြီး ဖျားနာတော့မှပဲ ကျန်းမာခြင်းရဲ့တန်ဖိုးကို အမှတ်ရ သိနားလည်ပြန်ပါတယ်။

ဇွန်ဟာ ငယ်စဉ်တုန်းမှာ အတော်ချူချာပါတယ်။ ဆေးခန်းခဏခဏသွားရလွန်းလို့ ဆရာဝန်ဆေးထိုးမှာ မကြောက်ဘဲ ဆေးခန်းရောက်တာနဲ့ ကုတင်ပေါ်တန်းတက်ပြီး ထိုင်ပါတယ်။ သူများကလေးတွေ ဆရာဝန်ဆေးထိုးမှာစိုးလို့ အာပြဲကြီးနဲ့ အော်ငိုပေမယ့် ဇွန်တစ်ခါမှ မငိုခဲ့ပါဘူး။ ဆေးသောက်ရမှာကိုတော့ ခါးလို့ နဲနဲကြောက်ပါတယ်။ (ကြီးတော့ ကြောက်တာကနေ ဆေးသောက်ပျင်းတဲ့အဆင့်ကို ရောက်သွားပါတယ်။) 

ဆရာဝန်မကြီးလုပ်မယ်လို့ သူများမေးတိုင်းဖြေပြီး ကျောင်းကို အနွေးထည်မပြတ်ဝတ်ပြီး သွားရပါတယ်။ ကျောင်းကဖွင့်ထားပေးတဲ့ ဆေးခန်းမှာ ဆရာဝန်မပြ၊ ဆေးမသောက်လိုက်ရတဲ့နှစ် မရှိသလောက်ပါပဲ။ တစ်ချို့နှစ်တွေများဆို ကျောင်းဆေးခန်းမှာ တစ်နေကုန် သွားအိပ်နေရပါတယ်။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ် ဆေးရုံရောက်လောက်တဲ့အထိတော့ မဖြစ်ဖူးပါဘူး။ စာမေးပွဲကြီးနီးမှ အကြီးအကျယ်ဖျားတာ ဘာညာမျိုးလည်း မရှိခဲ့ပါဘူး။ အဆုတ်အားနည်းလို့ မကြာခဏ အအေးမိ၊ နှာစေး၊ ဖျားနာ အဲတာမျိုးလောက်ပါပဲ။ တစ်ခါဖျားရင်တော့ အနည်းဆုံးသုံးရက်လောက် ကြာတတ်ပါတယ်။

တစ်ချို့တွေက မရဏဖွားဆိုတာ ဒီလိုပဲ ငယ်တုန်းမှာ ချူချာတတ်တယ်လို့ ဆိုကြပါတယ်။ ဟုတ်မလားတော့ မသိဘူး၊ ၉တန်းနှစ်လောက်ကစပြီး တော်တော်လေး ကျန်းမာလာပါတယ်။ လူက ပိန်ပိန်သွယ်သွယ်နဲ့ တက်ကြွဖျတ်လတ်နေခဲ့တာ။ စိတ်သွားတိုင်း ကိုယ်ပါ ဆိုတာ အဲ့ဒီအချိန်တွေပါပဲ။ မျက်လုံးအားလည်း အလွန်ကောင်းပါတယ်။ သူများတွေ မမြင်တဲ့ အတော်ဝေးဝေးအထိ သဘာဝမျက်စိနဲ့ မြင်နိုင်ပါတယ်။

ဒါပေမဲ့ ကွန်ပျူတာနဲ့ နေ့စဉ်ထိတွေ့ပြီး နောက် ၆နှစ်လောက်အကြာမှာ တစ်ခါမှတောင် အိပ်မက်ထဲ ထည့်မမက်ဘူးတဲ့ မျက်မှန် တပ်လိုက်ရပါတော့တယ်။ အသက်အစိတ်ကျော်လို့ သုံးဆယ်မရောက်ခင်မှာဘဲ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ထိထိရောက်ရောက် ပုံမှန်မလုပ်ခဲ့တာကြောင့် ကိုယ်အလေးချိန်လည်း မသိမသာနဲ့ တဖြည်းဖြည်း တိုးလာရင်း သိသိသာသာ ၀လာပါတော့တယ်။ ၀ိတ်လျှော့ဖို့ အစားလျှော့စားမယ်ကြံတော့ ဗိုက်ကအောင့် အစာအိမ်က အချဉ်ပေါက်လို့ ဒုက္ခပေးပါတယ်။ ပြေးပြေးလွှားလွှား လှုပ်ရှားမယ်ကြံတော့ ဘယ်ကဘယ်လိုထိခိုက်သွားမှန်း မသိခဲ့တဲ့ ဒူးအရွတ်ကြောင့် မပြေးနိုင်ဘဲ ဒူးနာလို့ ငဲ့ညှာရပြန်ပါတယ်။ အဲဒါနဲ့ပဲ မနှစ်က ‘Lose Weight, Look Great’ resolution ကို အကောင်အထည် မဖော်နိုင်ခဲ့တာ တွေးမိပြီး ဆွေးရပါတယ်။

ဆေးခွင့်က ၂၀၁၀ မှာ ၇ရက်ယူနေရာကနေ ၂၀၁၁မှာ ၁၁ရက်ထိ တိုးလို့ ယူလာပါတယ်။ ၂၀၁၂ နှစ်စမှာ ငါဒီနှစ်တော့ တတ်နိုင်ရင် ဆေးခွင့်မယူဘူးလို့ ရည်ရွယ်ထားပေမယ့် ဖေဖော်ဝါရီတစ်လထဲမှာပဲ ၂ရက် ယူလိုက်ရပါတယ်။ နှစ်နှစ်ဆက်တိုက် ပင်ပန်းတာတွေစုပြုံပြီး ပန်းဖျားဖျားသွားတယ်လို့ ထင်ရလောက်အောင် တစ်နေကုန် အိပ်ရာထဲခွေတော့တာပါ။ အဲဒီလို မဖျားတတ်တာ တော်တော်ကြာခဲ့ပါပြီ။ တစ်ပတ်အကြာမှာ အဖျားပျောက်သွားပေမယ့် နှာစေးက မပြတ်ဘဲ ချောင်းဆိုးဆက်နေလို့ သူငယ်ချင်း သမီးလေးရဲ့ မွေးနေ့တောင် မသွားနိုင်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူမှာ transit ၀င်ပြီး ၃ရက်လောက် အလည်လာခဲ့တဲ့၊ မတွေ့တာ နှစ်တွေအတော်ကြာပြီဖြစ်တဲ့ အထက်ကျောင်းတုန်းက သူငယ်ချင်းက မျက်နှာစာအုပ်ပေါ်က နေမကောင်းတဲ့ status ကိုမြင်ပြီး အားနာတာနဲ့ လူချင်းဆုံဖို့ မဆက်သွယ်ခဲ့တာ သူအင်္ဂလန်ပြန်ရောက်မှပဲ အံ့သြစိတ်မကောင်းစွာနဲ့ သိလိုက်ရပါတယ်။

မကျန်းမာတဲ့အခါ စိတ်ဓာတ်တွေက ဟိုးအောက်ကို ကျကျသွားလို့ မနည်းပြန်ကောက်တင်ရပါတယ်။ အဲ့ဒီအချိန်မှာ တရားအသိနဲ့ နှလုံးသွင်းသင့်မှန်း သိနေပေမယ့် လက်တွေ့မှာ မလုပ်နိုင်သေးတာ ကိုယ့်ညံ့ဖျင်းမှုလို့ပဲ ဆိုချင်ပါတယ်။ ဒါတောင် သာမန်နေမကောင်းဖြစ်ရုံလောက်ပဲရှိသေးတာ၊ တကယ်တမ်း သေဘေးနဲ့နီးလာလို့ စိတ်မထားတတ်ရင် အပယ်သွားမှာ ဒုက္ခပဲလို့တော့ အတွေးဝင်ပါတယ်။ ဒီရုပ်ခန္ဓာကြီးရှိနေသ၍ အို၊ နာ၊ သေကို လွန်ဆန်လို့ မရဘူး၊ ဇရာနဲ့ခန္ဓာကို မလိုချင်တော့ပါဘူးလို့လည်း တခဏ သံဝေဂ ရလိုက်ပါသေးတယ်။ ပြီးတော့ ငါအသက်သိပ်မကြီးသေးပါဘူး၊ ဘာဖြစ်လို့ ဟိုကနာ ဒီကကိုက် ဖြစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကို အားမလို၊ အားမရ ဖြစ်ရပြန်ပါတယ်။ အမေတို့ ဒီအရွယ်တုန်းက ကလေးနှစ်ယောက်နဲ့ အိမ်ထောင်မှုကိစ္စတွေကို အဖော်မပါဘဲ တစ်ယောက်တည်း ကျန်းကျန်းမာမာနဲ့ လုပ်နိုင်ခဲ့တာ သတိရပြီး သြော်….ဆုတ်ခေတ်ဆိုတာ ဒါမျိုးပါလားလို့ သဘောပေါက်မိပါတယ်။

“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်” တဲ့။ ဒီတစ်ခါ နေပြန်ကောင်းရင် လေ့ကျင့်ခန်း ပုံမှန်ပြန်လုပ်မယ်၊ အစားကို ဂရုတစိုက်နဲ့ ထိန်းစားမယ်၊ ကွန်ပျူတာရှေ့ အချိန်သိပ်မဖြုန်းမိအောင် ကြိုးစားမယ်၊ အားဆေးပုံမှန် ပြန်သောက်မယ်၊ အတတ်နိုင်ဆုံး ကျန်းမာရေးကို ပြန်လိုက်စားမယ်… စသဖြင့် ကြိုတင်စိတ်ကူးကြံစည်လို့ နေပြန်ပါပြီ။ မကျန်းမာတဲ့အခါ စာမကြည့်နိုင်သလို၊ အလုပ်ထဲ အာရုံမ၀င်စားနိုင်၊ တရားလည်း မမှတ်နိုင်၊ စိတ်လည်း မချမ်းသာနိုင်တာမို့ ကျန်းမာခြင်းရဲ့ အဖိုးထိုက်တန်မှုကို ဇွန်မိုးစက်တစ်ယောက် ထဲထဲဝင်ဝင် သိမြင်နေရင်း စာတစ်ပုဒ် ချရေးမိပါတော့တယ်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။


ဇွန်မိုးစက်

Comments ( 9 )

Get well soon sis. I am also from Latha 2 (99 batch). I thought you are from 98 batch :) take care.

မမရေ....ဂရုစိုက်နော်...သူများနိုင်ငံ မိဘညီအစ်ကို မောင်နှမ တွေနဲ့ ဝေးနေတဲ့ အချိန် နေမကောင်းဖြစ်ရတာလောက် စိတ်အားငယ်ရတာမရှိဘူး။ မမ စဉ်းစားထားသလိုလေး ကျန်းမာရေး ပြန်လိုက်စားနော်။


ခင်တဲ့

နောင့်

ညီမဇွန်....
တူတူပဲ သိလား။ အစ်မလည်း နေမကောင်းနေပေမဲ့ မတ်တပ်နာလို ဖြစ်နေတော့ သွားသွားလာလာနဲ့ ဒီလိုပဲ စိတ်ဆောင်ပြီး မောင်းနှင်နေတာ။ အိမ်ရောက်လို့ စိတ်လျှော့လိုက်မှ အိပ်ရာပေါ် ပုံလဲတတ်တာ။ စိတ်ဓါတ်တွေလည်း ကျတာ အခါအခါ။ ငါ ဒါလေးတောင်မှ မလုပ်နိုင်တော့ပါလားလို့ တွေးမိတာလည်း အခါခါပဲ။ အလုပ်ထွက်ဖို့ နားဖို့ တွေးမိလည်း လကုန်တိုင်း ရနေကျ လခလေး မြင်ရင်း၊ ငါ့ အသက်က အလုပ်ကနားရမဲ့ အသက် ဟုတ်သေးပါဘူးလေ ဆိုပြီး အားတင်းနေရတာပဲ ညီမရယ်။ ပျော်ပျော်နေနေရင်းနဲ့တောင် တစ်ခါတစ်လေ အားငယ်လွန်းလို့ မျက်ရည်တောင် ကျတယ်။ ကိုယ့်ကျန်းမာရေး အားမရလို့လေ...း(
ဘာပဲဖြစ်ဖြစ် နေမကောင်းတဲ့အခါ ညီမလိုပဲ သေခြင်းတရားကို သတိရမိပြန်တယ်။ အဆင်သင့် မဖြစ်သေးဘူး ညီမရယ်။

စိတ်တော့ တင်းထားပါ ဇွန်ရေ....း))

ဖီလင်ချင်းတူနေလို့ ကော်မန့်ရှည်သွားပြီ....

ရေခြားမြေခြားမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေရတယ် အစ်မရေ... ဒီမှာက ဖျားရင်မလွယ်ဘူးလေ...

ဇွန်... ဂရုစိုက်နော်။ အလုပ်တွေ အများကြီးမလုပ်နဲ့ ။
နားနားနေနေလုပ်။ ကျမလည်း အသက်ကြီးလာတော့
ဟိုနားနာ၊ဒီနားနာပဲ။ ရေခြားမြေခြားမှာ တယောက်ထဲဆိုတော့ နေမကောင်းရင် အားငယ်မိတယ်။
ဇွန့် ရဲ့  ကျန်းမာရေးနဲ့ ပတ်သက်တဲ့စိတ်ကူးလေး
အကောင်အထည်ဖေါ်နိုင်ပြီးရေရှည် ထိန်းတားနိုင်မှာပါ။
ဇွန် ကျန်းမာပျှော်ရွှင်ပါစေ။

@ Anonymous sis, I'm more senior than those in 98 batch. :D Glad to receive your comment with thanks.

နောင့်ရေ... ကျေးဇူးပါကွယ်။ မမလည်း အတတ်နိုင်ဆုံး ကျန်းမာရေးပြန်လိုက်စားဖို့ အားတင်းနေပါတယ်။

မချစ်ရေ... လူချင်းမတွေ့ဖြစ်၊ ဖုန်းမပြောဖြစ်တာကြာတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနေလဲလို့ သတင်းမမေးမိဘူး။ ဂရုစိုက်ပါ အစ်မရေ၊ သွေးအားနည်းအခံရှိတော့ ပိုပြီး ပင်ပန်းနေမှာပေါ့။

ဟုတ်ပါတယ် ညီရဲရေ... ဒါတောင် မဇွန်က သူငယ်ချင်းတွေနဲ့ အတူနေတော့ တစ်ခုခုဆို သူတို့ဂရုစိုက်ပြုစုပေးလို့ သက်သာရတယ်။

အစ်မရှင်လေး... ညီမလည်း ဒီတစ်ပတ်တော့ ဘယ်မှမသွားဘဲ နားနေလိုက်တယ်။ နို့မို့ရင် တရှောင်ရှောင်နဲ့ ဖြစ်နေမှာစိုးလို့။ အတတ်နိုင်ဆုံး ကြိုးစားပြီး ကျန်းမာရေး ဂရုစိုက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အစ်မလည်း ဟိုမှာ ရာသီဥတုအေးတော့ ဂရုစိုက်ပါနော်။

အချက်အလက်တွေကတူနေသလိုဘဲ :)

အစ်မဇွန်ရေ..နေကောင်းအောင် ဂရုစိုက်ပါ။ အတူတူပဲ ဒီမှာလည်း နေမကောင်းရင် တစ်ခဏသံဝေဂရပြီး ဟိုလိုပြင်တော့မယ်၊ ဒီလိုပြင်တော့မယ်နဲ့ အမြဲကြံရွယ်နေတာပါပဲ။ နေကောင်းလာတဲ့အခါ ဖလန်း ဖလန်းပြန်လုပ်ချင်ပြန်ရော။ အသက်ကြီးလာတော့ နည်းနည်းတော့ ဆင်ခြင်ရတာပါပဲ မရေ။ အိုမင်းမစွမ်းလို့ ဆိုတယ်မဟုတ်လား။

ဇွန်...

နေကောင်းသွားပြီလား...
အစစဂရုစိုက်ပါ.. ဇွန်ရေ..