A Trip to Remember - 4

Category:

ခရီးနောက်တစ်ခေါက် မထွက်ခင် ဆစ်ဒနီခရီးစဉ် အပြီးသတ်ချင်တာမို့ ပုံတွေ လျှော့ချနိုင်သလောက် လျှော့ချပြီး အပိုင်း - ၄ ကို ဆက်လိုက်ပါတယ်။ အပိုင်း - ၆ လောက်ဆိုရင် အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Manly ကနေ အပြန် Circular Quay မှာ ၃ ရက်ကြာ ဆိုက်ကပ်ထားတဲ့ ပင်လယ်ကူးသင်္ဘောကြီး Volendam နဲ့ဆုံလို့ အမှတ်တရ ရိုက်ယူခဲ့ပါတယ်။

 

  သင်္ဘောကြီးကို အနီးကပ်မြင်ရအောင် ဒီလို ဘေးဘက်အခြမ်းကနေ တက်ကြည့်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သင်္ဘောကြီးပြန်ထွက်မယ့်အချိန်ဖြစ်နေလို့ သင်္ဘောပေါ်ရှိသမျှ လူအကုန် သင်္ဘောကုန်းပတ်မှာ စုစေပြီး တစ်ယောက်ချင်းစီ နာမည်ခေါ်လို့ အဖွဲ့လိုက် စစ်ဆေးနေတာတွေ့ရပါတယ်။


ဒီလို အသက်ကယ်လှေတွေမြင်တော့ တိုက်တန်းနစ်ကို သွားသတိရမိပါတယ်။ (စကားစပ်လို့ တိုက်တန်းနစ်ကို 3-D နဲ့ ၂၀၁၂ မှာ ကြည့်ကြရဦးမှာပါ)


ဟော်လန်အမေရိကားလိုင်းလို့ ရေးထားတယ်။ ဒီ Volendam ထွက်သွားပြီး နောက်တစ်နေ့မှာ လာဆိုက်ကပ်တဲ့ သင်္ဘောက ဒီလောက် မကြီးတော့ပါဘူး။



ဆစ်ဒနီရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ Coogee ကမ်းခြေပါ။ ခူဂျီသွားရာ အနီးအနား လမ်းတစ်လျှောက်က ပုံမှာ မြင်ရသလို အနိမ့်အမြင့်အတက်အဆင်းတွေနဲ့မို့ ဆန်ဖရန်စစ္စကိုနဲ့ ခပ်ဆင်ဆင်လို့ရယ်တောင် တွေးမိပါတယ်။

ဒါက ဆစ်ဒနီရဲ့ နာမည်ကျော် ဘွန်ဒိုင်း (Bondi) ကမ်းခြေပါ။ ဆစ်ဒနီရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတိုင်း မရောက်မနေ သွားကြတဲ့ ကမ်းခြေတစ်ခုပေါ့။ ဘွန်ဒိုင်း.. ဘွန်ဒိုင်း.... နဲ့ နာမည်ကြီးရခြင်း အကြောင်းရင်းကို ဘွန်ဒိုင်းရောက်မှ သဘောပေါက်သွားပါတယ်။ သဲသောင်ပြင်က မြင်နေကျ ကမ်းခြေတွေထက် အလွန်တရာမှ ကျယ်ပြောပြီး သဲတွေက အလွန်ပဲ မှုန့်ညက်နူးညံ့လှပါတယ်။ ဟာဝိုင်အီ ၀ါကီကီးကမ်းစပ်က သဲတွေဟာ ဘွန်ဒိုင်းကနေ ရေလှိုင်းနဲ့အတူတိုက်စားမျောပါပြီး ရောက်သွားတဲ့ သဲတွေလို့ အော်စီတွေက ပြောကြပါတယ်။ ဆောင်းအကုန် နွေအကူး နွေဦးရာသီ ဖြစ်ပေမယ့် လေအလွန်တိုက်ပြီး အေးတာကြောင့် အပန်းဖြေလာသူ လူနည်းစုပဲ ရှိပါတယ်။ နွေရာသီရောက်ပြီဟေ့ဆိုရင် ဒီသဲသောင်မှာ ခြေချစရာ မကျန်အောင် လူတွေ အပြည့်ဖြစ်နေပါတယ်တဲ့။

သြစတြေးလျရဲ့ Native Plant လို့ ခေါ်ကြတဲ့ Bottle Brush ပင်ပါ။ တွဲလောင်းကျနေတဲ့ ပန်းနီနီတွေက တတကယ့်ကို ပုလင်းဆေးတဲ့ ဘရက်ရှ်နဲ့ တစ်ပုံစံတည်းပါပဲ။ ပုလင်းဆေးဘရက်ရှ်အနီရောင်ပင်တွေက အောက်ပုံက အ၀ါရောင်မျိုးထက် ပိုပြီး နေရာတိုင်းလိုလို အတွေ့ရများပါတယ်။

 

 ကိုယ်ပိုင်အပျော်စီးဘုတ်သင်္ဘောတွေ၊ ရွက်လှေတွေ ပိုင်ဆိုင်ကြတဲ့ လူကုံထံရပ်ကွက်ရဲ့ ရှေ့တည့်တည့်မှာ ရှိတဲ့ Rose Bay ပါ။ 
Rose Bay ရဲ့ တစ်ဘက်ခြမ်းက လူကုံထံရပ်ကွက်ပါ။ အဲဒီ့နေရာ အနီးတစ်ဝိုက်မှာ ဇွန်ကြိုက်တဲ့ မင်းသမီးချော နီကိုးလ်ကစ်ဒ်မင်း နေထိုင်တယ်လို့ သိရပါတယ်။ 

အစားအသောက်မြင်ရင် မနေနိုင်တဲ့ ဇွန်တစ်ယောက် ဒီလိုပဲ သွားရင်းလာရင်းတွေ့လို့ ရိုက်လာတာပါ။

နေ့လည်စာတစ်နပ်ကို  Australian တွေရဲ့ Typical Food ဖြစ်တဲ့ Meat Pie စားခဲ့ပါတယ်။ အင်္ဂလိပ်တွေရဲ့ ရိုးရာအစားအစာနဲ့ အတူတူပါပဲ။

 ဆစ်ဒနီရောက်ရင် မသွားမဖြစ်တဲ့ အထင်ကရ နေရာတစ်ခုက 'The Rocks' ပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ သြစတြေးလျတိုက်မှာ အစောဆုံး ဥရောပလူမျိုးတွေ လာရောက်အခြေချခဲ့တဲ့ နေရာတစ်ခုဖြစ်လို့ပါ။ ၁၇၈၈ မှာ ဗြိတိသျှကိုလိုနီ စတင်ဖွဲ့စည်းပြီး သိပ်မကြာခင်မှာပင် ဒေသထွက် သဲကျောက်တုံးတွေနဲ့ အဆောက်အဦတွေ ဖွဲ့စည်းတည်ဆောက်ခဲ့တာမို့ ကျောက်တုံးတွေကို အစွဲပြုပြီး 'The Rocks' ရယ်လို့ နာမည်တွင်ခဲ့ပါတယ်။

ဒီအဆောက်အဦးက မူလလက်ရာ မပျက်စေဘဲ မွမ်းမံပြီး ခရီးသွားဧည့်လမ်းညွှန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မှန်သမျှ ရှာဖွေစုံစမ်းမေးမြန်းနိုင်တဲ့ နေရာတစ်ခုပါ။ သြစတြေးလျတိုက်တွင်းက နေရာအနှံ့ Tour Package တွေကိုလည်း ဒီမှာ ၀ယ်လို့ရပါတယ်။ ဆစ်ဒနီရောက်ခရီးသွားတွေအတွက် "The Rocks Centre" က အားထားရတဲ့ နေရာတစ်ခုပါ။ ဇွန်ကိုယ်တိုင်လည်း တောင်တန်းပြာနေ့ချင်းပြန်ခရီးစဉ်အတွက် လက်မှတ်ကို အဲဒီ့မှာပဲ သွားဝယ်ခဲ့ပါတယ်။

တစ်ချိန်က ကုန်တင်သင်္ဘောကြီးတွေနဲ့အတူ လူဖြူသင်္ဘောသားတွေ ရောက်ရှိပြီး  ပျားပန်းခပ်မျှ လှုပ်ရှားသက်ဝင်ခဲ့မယ့်နေရာတစ်ခုဟာ အခုတော့ ကမ္ဘာလှည့်ခရီးသည်တွေ တကူးတက လာရောက်ကြည့်ရှုကြတဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်နေပါပြီ။

The Rocks နေရာတစ်ဝိုက်က အဆောက်အဦအချို့

 တစ်ချိန်က အကျဉ်းထောင် ဖြစ်ခဲ့တဲ့ အဆောက်အဦးကြီးဟာ ခုတော့ အတွင်းမှာ ကျကျနန ပြင်ဆင်ထားတဲ့ ဆိုင်တွေနဲ့ လှပခမ်းနားလို့...။

လန်ဒန်မြို့က  Hyde Park လိုပဲ ကျယ်ဝန်းသာယာလှပတဲ့ ဆစ်ဒနီရဲ့ Hyde Park ပါ။

ဒီပုံထဲမှာ မြင်ရတဲ့ အပြာရောင် အိမ်စုတန်းရဲ့ ညာစွန်မှာ ဟောလီးဝုဒ်မင်းသားကြီး ရပ်ဆယ်လ်ခရိုးလ်ရဲ့အိမ် ရှိပါတယ်။ သူက အော်စီမှာ အိမ်တွေ အများကြီး ပိုင်ဆိုင်သူမို့ ဘယ်အိမ်မှာအနေများလည်း မသိရပေမယ့် ဒီအိမ်ကတော့ ဆစ်ဒနီမှာရှိတဲ့ သူပိုင်အိမ်ရာထဲက တစ်ခုပါ။ Hyde Park ထဲကနေပဲ လှမ်းရိုက်ခဲ့တာ။ အဲဒီ့အိမ်တွေက တကယ်တော့ ကုန်းပေါ်မှာမဟုတ်ဘဲ ရေလယ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

တော်ဝင်ရုက္ခဗေဒဥယျာဉ်ကိုလည်း ရောက်ခဲ့ပါသေးတယ်။ ဥယျာဉ်သက်တမ်း ၁၉၅ နှစ်မြောက် ကျင်းပနေချိန် အခါသမယနဲ့တိုက်ဆိုင်ခဲ့ပေမယ့် ညနေစောင်းပြီး အချိန်သိပ်မရတာမို့ ခပ်မြန်မြန်ပဲ လှည့်ပတ်ကြည့်ရှုပြီး ထွက်ခဲ့ရပါတယ်။

 ဒီလို သက်တမ်းရှည်အပင်မျိုးတွေကို ကြည့်ရတာ သိပ်သဘောကျပါတယ်။ ဟယ်ရီပေါ်တာကားထဲမှာပါတဲ့ အပင်ပုံစံမျိုးတွေလေ။ အနောက်ဘက်က ပုအိုင့်အိုင့်အပင်ဆီက စကားသံပဲ ကြားရသလို ထင်မှတ်မှားရပါတယ်။

သစ်ပင်ထိပ်ဖျားက လင်းနို့တွေကို zoom ဆွဲပြီး ရိုက်ခဲ့တာ ဒီလောက်ပဲ မြင်ရပါတယ်။

ဇွန့်အကြိုက် နှင်းဆီဝါ

ဥယျာဉ်နဲ့ ပတ်သက်ဆက်နွယ်ခဲ့တဲ့ သမိုင်းကြောင်းတစ်ချို့ကို ဒီလိုပုံလေးတွေနဲ့ ရေးသားဖော်ပြထားပါတယ်။ 

***********
အင်္ဂလိပ်တွေဟာ သြစတြေးလျမှာ အင်္ဂလန်နိုင်ငံသစ် ထူထောင်ခဲ့ပြီး အဆောက်အဦ၊ ပန်းခြံ၊ လမ်းဖွဲ့စည်းပုံ၊ အဝေးပြေးလမ်းမ စတာတွေကို အင်္ဂလန်နိုင်ငံအတိုင်း နာမည်မှည့်ခေါ် တည်ဆောက်ခဲ့တာမို့ သြစတြေးလျဟာ အင်္ဂလန်အကြီးစားဖြစ်သလို ဆစ်ဒနီကလည်း လန်ဒန်မြို့ အကြီးစားနဲ့ တူပါတယ်။ တိုက်သစ်မြို့သစ်မို့ ပိုပြီး ကျယ်ပြောသန့်ရှင်း၊ ရာသီဥတုကလည်း ပိုလို့နွေးထွေးကောင်းမွန်၊ နေရောင်ခြည်ကလည်း ပိုရပြီး ကမ်းခြေတွေက အင်္ဂလန်ကလို ကျောက်စရစ်များတဲ့ကမ်းခြေတွေ မဟုတ်တဲ့အတွက် အင်္ဂလိပ်တွေ သဘောအကျကြီးကျပြီး ပြောင်းရွှေ့အခြေချခဲ့ကြတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ ဇွန်တစ်ယောက် မျက်ဝါးထင်ထင် နှိုင်းယှဉ် တွေ့မြင်လိုက်ရပါတယ်။
***********

အပိုင်း - ၅ မှာ တောင်တန်းပြာနဲ့ ညီအစ်မသုံးဖော်ဆီ သွားခဲ့တဲ့ ခရီးစဉ်အကြောင်းကို ဆက်ပါဦးမယ်။ 


ဇွန်မိုးစက်

Comments ( 3 )

လှတယ်ဗျာ... :)

ဇွန်က နေရာတွေ အများကြီး ရောက်ခဲ့တာပဲ၊ ဓါတ်ပုံတွေ လှသလို ရှင်းလင်းချက်တွေပါလို့ လိုက်လည်ရ သလိုပါပဲ၊ ဆက်ရန်ကို စောင့်နေမယ်..။

ပုံတွေ ကြည့်ရုံနဲ့ ကျေနပ်နေရပါတယ်ဗျို့ ..း))