နှစ်ခါလည်ခြင်း

Category: ,

သြော်… ဘာလိုလိုနဲ့ ဇွန်မိုးစက် ဘလော့ဂ်လေး ၂နှစ်ပြည့်သွားသည်။ ပြီးခဲ့သော၂၀၁၀က တစ်နှစ်အတွင်း ရေးတင်ဖြစ်ခဲ့သောပို့စ်ရေ ၉၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ် ၂၀၁၁ ကုန်ခါနီးထိ ပို့်စ်ရေ ၃၀ ကျော်သာရှိသေးသည်။ နှစ်မကုန်ခင် အလွန်ဆုံးတင်နိုင် နောက်ထပ် ၅ ပို့စ်ပေါ့။ အဲလောက်တောင် ရေးဖြစ်ဖို့ ဇွန်မိုးစက် မသေချာပါ။ နှစ်မကုန်ခင် ၂ ပတ်ခရီး ထပ်ထွက်စရာ ရှိနေသောကြောင့် လက်ရှိ အပြီးမသတ်ရသေးသော အမှတ်တရ ခရီးသွားပို့စ်လေးကို အဆုံးသတ်နိုင်ဖို့ ဒီကြားထဲ အချိန်တော်တော် လုယူရဦးမည်။

ဘာရယ်မဟုတ်… စိတ်ထဲမှာ ဇွန်နှင့်သိပ်မကွာဘဲ ဘလော့ဂ်လောကထဲ ၀င်လာကြသူ မောင်နှမအချို့ကို သတိရသွားသည်။ ၂၀၀၉ စက်တင်ဘာထဲမှာ ဘလော့ဂါအဖြစ် ခံယူခဲ့သူတစ်ဦးက (ကွယ်လွန်သွားပြီဖြစ်သော) ကိုကြီးကျောက်၊ အောက်တိုဘာမှာ ညီမငယ်ဂျင်ဂျင်း (အင်ကြင်းသန့်)၊ နိုဝင်ဘာကျတော့ ဇွန့်ထက် တစ်လတိတိ ဘလော့ဂ်သက်တမ်းပိုကြီးသော အစ်မချစ် (ချစ်ကြည်အေး) နှင့် ဒီဇင်ဘာမှာ ဇွန်မိုးစက်။

နှစ်နှစ်အတွင်းမှာ စာတွေဆက်မရေးဖြစ်ဘဲ ဘလော့ဂ်လောကထဲမှ  ခြေရာဖျောက်သူ၊ ပျောက်သွားသူတွေ၊ စာတွေသာ အမှတ်တရ တင်ကျန်ရစ်ခဲ့ပြီး ဘလော့ဂ်ပိုင်ရှင်ကတော့ဖြင့် ကမ္ဘာမြေပေါ်က လုံးဝ ပျောက်ကွယ်သွားခြင်းမျိုးတွေ၊ လူမှုစီးပွားပညာနှင့် ဘ၀တိုးတက်ရေးအတွက် အချိန်ပိုပေးလိုက်ရတာတွေကြောင့် စာရေးကျဲသွားသော ဘလော့ဂါအရေအတွက်က သိသာစွာ တိုးလာခဲ့သည်။

ဇွန်မိုးစက် ကိုယ်တိုင်လည်း အလုပ်အားလပ်ချိန်များမှာ လူမှုရေးကိစ္စများအတွက် ဦးစားပေးရသဖြင့် စာရေးနှုန်း သိသိသာသာ ကျဆင်းသွားသည်။ တကယ်တော့ ရေးချင်စိတ်နှင့် ရေးချင်သောစာများ တန်းစီပြီး ရှိနေ၍ ပို့စ်ခေါင်းစဉ်လေးတွေ မေ့မသွားရအောင် ချရေးမှတ်ပြီး စာရင်းပြုစုထားသေးသည်။ (ဇွန် စာရေးလျှင် ခေါင်းစဉ်ရပြီးမှ အကြောင်းအရာကို ချရေးတတ်သည်။ အကြောင်းအရာ ရှိနေပြီး ဖြစ်သော်လည်း ခေါင်းစဉ် မပေးရသေးလျှင် ချရေးလို့မရ၊ ဘာကြောင့်မှန်းတော့ မသိပါ) ကိုယ်လုပ်ချင်သောကိစ္စများနှင့် ပေးရမည့်အချိန်ကမမျှ၊ လူကလည်း ကိုယ်ခွဲ၍မရသောကြောင့် ရေးသမျှစာအားလုံး ခေါင်းထဲမှာပဲ စီကာစဉ်ကာရေးပြီး ကွန်ပျူတာပေါ် မရောက်ဖြစ်ခဲ့။ လွန်ခဲ့သော ၆လခန့်က တဂ်ထားသော သူငယ်ချင်း မမင်း၏ တဂ်ပို့စ်ကြွေးလည်း မဆပ်နိုင်၊ ဆစ်ဒနီခရီးစဉ်က တို့လို့တန်းလန်း...။ 

သြော်… စိတ်ဆန္ဒရှိပြီး လူကိုယ်က လိုက်မလုပ်နိုင်ဆိုတာ ဒါမျိုးပဲဟု ပေါ်ပေါ်ထင်ထင် သဘောပေါက်ခဲ့ရသည်။ ၀န်ထမ်းလုပ်စရာမလိုဘဲ အချိန်ပြည့် စာရေးခြင်းအမှု ဘယ်သောအခါမှ ပြုနိုင်မှာလဲကွယ်။ အခုချိန်ထိတော့ ခပ်ရေးရေး…။

သို့ပေမယ့်…. ရေးဖြစ်သမျှ၊ တင်ပြီးသမျှပို့စ်တွေကို ယခုထက်တိုင် အားပေးကြသော သူငယ်ချင်း မိတ်ဆွေ ဘလော့ဂါ စာဖတ်သူများ အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါသည်။ ဘလော့ဂ်မှာ ၂ပတ်လောက်ပျောက်သွားပြီဆိုရင်ဖြင့် သတင်းလာမေး၊ မက်ဆေ့ဂ်ျတွေပေးရင်း စိတ်ပူတတ်ကြသော ဘလော့ဂါအစ်မနဲ့ညီမတတွေကိုလည်း ချစ်လည်းချစ်၊ ကျေးဇူးလည်းတင်ပါသည်။ 

တကယ်ပဲ ဇွန်မိုးစက်တစ်ယောက် မအားလို့ စာမရေးဖြစ်တာ၊ ဘလော့ဂ်မလည်နိုင်တာပါလို့ တောင်းပန်စကား ပြောကြားရင်း ဇွန်မိုးစက်ဘလော့ဂ် နှစ်ခါလည်ခြင်း အမှတ်တရပို့စ်လေးကို အဆုံးသတ်လိုက်ပါသည်။ 

ရသမျှအချိန်လေး ကုပ်ဖဲ့ကပ်လုပြီး စာတွေဆက်ရေးဖို့ ကြိုးစားနေပါသည်လို့ နားလည်ပေးစေချင်ပါသည်။


အားလုံးကို ချစ်ခင်ကျေးဇူးတင်စွာဖြင့်
ဇွန်မိုးစက်

Comments ( 4 )

ရသလောက် အချိန်လေးထဲကနေ ကုပ်ကပ်ပြီး ပို့စ်လေးတွေ တင်ဖြစ်နေတာကပဲ မဆိုးလှပါဘူးလို့ ပြောရမှာပါပဲ ဇွန်ရေ...၊ ကျနော်တို့ အားလုံးလည်း ဒီလိုပါပဲ၊ ၂ နှစ်ပြည့်မှသည် လာမယ့်နှစ်များစွာကို ဆက်လက် ချီတက်နိုင်ပါစေဗျာ...။

Happy Blogging မဇွန်.....

စာတွေ ဆက်ရေးနိုင်ပါစေ။

ပိုစ့်တင်တိုင်း အမြဲ ဖတ်ပါတယ်။ အားပေးနေပါသည်။

ချစ်ခင်စွာ
နန္ဒာ

ညီမဇွန်ရေ...
တူတူပဲနော်...။ အစ်မလည်း ခုတစ်လော အလုပ်တွေလည်း မပြီး စာလည်း မရေးဖြစ်နဲ့။ အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိဘူး ဖြစ်နေတယ်။
ရသမျှအချိန်လေးမှာပဲ ရသလောက်ရေးတင်ပေါ့ ဇွန်ရေ...၂နှစ်မှသည် နှစ်ပေါင်းများစွာ....စိတ်ရှိသရွေ့ပေါ့နော်...စာတွေ ဆက်လက် ရေးသားနိုင်ပါစေ...

အစ်မချစ်နဲ့မဇွန်ကမှ နှစ်နှစ်ပြည့်ကို မှတ်မှတ်ရရ ရေးလိုက်ဖြစ်သေးတယ်။ ဂျင်းဆို နှစ်နှစ်ပြည့်ပိုစ့်တောင် မရေးလိုက်နိုင်ဘူး။ :(

ဘာပဲပြောပြောပေါ့ မမရေ....မရရတဲ့အချိန်လေးမှာပဲ ကုတ်ကပ်ပြီး ဘလော့လေး နှစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်စွာ ဆက်လက်ဘလော့ဂင်းနိုင်ပါစေ လို့ ဂျင်းဆုတောင်းပေးပါတယ်.... :)

ချစ်တဲ့
ဂျင်း