A Trip to Remember - 2

Category:

ကင်ဘာရာက Parliament House နဲ့ War Memorial က ဓာတ်ပုံမှတ်တမ်းအချို့ကျန်နေသေးတာမို့  ဆက်တင်လိုက်ပါတယ်။ အောက်ပုံက ပါလီမန်အိမ်တော်ရာ ရှေ့မျက်နှာစာပါ။ ပြာလဲ့နေတဲ့ ကောင်းကင်ကျယ်နဲ့ တိမ်ဖြူဖြူတွေကို မြင်ရတာ ဇွန်သိပ်သဘောကျပါတယ်။ ကုန်းမြင့်ပေါ်မှာမို့ လေတိုက်ပြီး အေးနေလို့ ဓာတ်ပုံကို လက်တုန်တုန်နဲ့ ရိုက်ခဲ့ရပါတယ်။

 

 မာဘယ်လ်ကျောက်များနဲ့ ဖွဲ့စည်းအလှဆင်ထားတဲ့ ပါလီမန်အိမ်တော်ရာ မြေညီထပ်ပါ။
 

  လှေကားများကို တက်ပြီးတဲ့အခါ ကော်ရစ်ဒါတစ်လျှောက် ခေတ်အဆက်ဆက်က သြစတြေးလျပါလီမန်အမတ်များ၊ နိုင်ငံရေးနယ်ပယ်သြဇာလွှမ်းမိုးခဲ့သူများရဲ့ ပန်းချီ၊ ပန်းပုပုံများကို ပြသခင်းကျင်းထားပါတယ်။




အနောက်တိုင်းသားလူဖြူတို့က သြစတြေးလျသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စွာ ပြုမူဆောင်ရွက်ခဲ့တဲ့ 'Stolen Generation' အတွက် ဒေသခံ အဘိုးရီးဂျင်း (Aborigines) များရဲ့ မိသားစုဝင်နဲ့ဆွေမျိုးများကို တရားဝင် တောင်းပန်ထုတ်ပြန်ခဲ့တဲ့စာပါ။  ဇွန်မှတ်မိသလောက် ဒီအကြောင်းနဲ့ပတ်သက်ပြီး မငယ်နိုင်က သူ့ပို့စ်တစ်ပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ Nicole Kidman နဲ့ Hugh Jackman တို့ ပါဝင်သရုပ်ဆောင်တဲ့ 'Australia' ဇာတ်ကားထဲမှာ လူဖြူတွေက အဘိုးရီးဂျင်းရဲ့ ကလေးတွေကို လိုက်ဖမ်း၊ မိဘနဲ့ အတင်းအကြပ်ခွဲထုတ်ပြီး ခရစ်ယာန်သာသနာပြုအဖွဲ့ထဲ သွတ်သွင်းခဲ့တာ၊ အချို့သောအနောက်နိုင်ငံတွေဆီပို့လိုက်တာ၊ သားသမီးမရှိတဲ့ လူဖြူတွေ မွေးစားဖို့ ပေးပစ်လိုက်တဲ့ Aborigines နဲ့ Stolen Generation အကြောင်း ရိုက်ပြထားတာကို ကြည့်ဖူးပါတယ်။





အမျိုးသမီးများရဲ့ အခန်းကဏ္ဍတစ်ရပ်

 ဒါကတော့ ပါလီမန်လွှတ်တော် အစည်းအဝေး ကျင်းပရာ ခန်းမကြီးပေါ့။



Parliament House ကနေ ဟိုးတစ်ဘက်မှာ လှမ်းမြင်နေရတာက War Memorial ပါ။

 ပါလီမန်အိမ်တော်ရာမှထွက်ပြီး အပိုင်း - ၁ မှာ ပါခဲ့တဲ့ ပန်းပြပွဲကို ဆက်သွားခဲ့ပါတယ်။

ပန်းပြပွဲမှာ ဓာတ်ပုံတွေ တစ်ဝရိုက်၊ နေ့လည်စာစားပြီးမှ War Memorial ကို ထွက်ခဲ့တော့ နေ့လည်စောင်းနေပါပြီ။ ပြတိုက်အ၀င်မှာ မိုးက ရွာနေတာမို့ အ၀င်ဝကနေ ဓာတ်ပုံမရိုက်ခဲ့လိုက်ရပါဘူး။ အောက်ပုံက ပြတိုက်ထဲ ၀င်ပြီးမှ တွေ့ရတာပါ။ ဘေးနံရံနှစ်ဘက်လုံးမှာ ကမ္ဘာ့စစ်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံအမည်များ အသီးသီးကို ရေးထိုးထားပါတယ်။


 Burma လို့ အရင်က ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ မြန်မာနိုင်ငံလည်း အပါအ၀င်ပါ။ သစ်ပင်ဘေးကပ်ရပ်ညာဘက်က Syria ဖြစ်ပြီး သူ့ဘေးက  Burma ပါ။ အောက်က မြင်ရတဲ့ ကန်ထဲမှာတော့ အကြွေစေ့တွေ ပစ်ထားတာ ဖွေးလို့။ အင်္ဂလန်နိုင်ငံ Bath မြို့က ရှေးဟောင်းရောမရေနွေးကန်မှာလည်း ဒီလိုပဲ နိုင်ငံစုံက ပိုက်ဆံနဲ့အကြွေတွေ ပစ်ထည့်ထားတာ မြင်ခဲ့ဖူးတာကို သွားသတိရမိပါတယ်။

စစ်ပွဲဝင် သြစတြေးလျနိုင်ငံအကြောင်း တစေ့တစောင်း

ဒီပြတိုက်မှာလည်း ကြည့်စရာတွေ များပေမယ့် စုံအောင် မရောက်ခဲ့ပါဘူး။ စစ်ဝတ်စစ်စားတွေ၊ သေနတ်တွေ၊ တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ စစ်ဗိုလ်စစ်သားတွေရဲ့ ပုံနဲ့တကွ သူတို့အကြောင်းလေးတွေကို အတူယှဉ်တွဲရေးသား ပြသထားပါတယ်။ ကြည်း၊ ရေ၊ လေ ကဏ္ဍအလိုက် အခန်းတွေ သီးခြားခွဲပြီး ကြည့်နိုင်ပါတယ်။

ဒီစာကတော့ အပေါ်က ဂျာမန်စစ်သားတစ်ယောက်ဆီက ဖမ်းဆီးရမိတဲ့သေနတ်နဲ့ ပတ်သက်ခဲ့တဲ့အကြောင်းတစ်စွန်းတစ်စပါ။

ကြည်းတပ်ပြခန်းထဲက မြင်ကွင်းတစ်ခု။

စစ်ပွဲမှာ အသက်ပေးကျဆုံးသွားသူများရဲ့ အမည်များကို ရေးထိုးဖော်ပြထားတာပါ။ ကွယ်လွန်သွားတဲ့ ကိုယ့်ဘိုးဘေးဆွေမျိုးများအတွက် အမှတ်တရ ဂုဏ်ပြုပန်းပွင့်လေးတွေ စိုက်လို့ရပါတယ်။ တကယ်တော့ ချစ်စရာပန်းနီနီလေးတွေက သက်သက်အလှဆင်ထားတာ မဟုတ်ဘူးဆိုတာ အနီးရောက်မှ သိပါတော့တယ်။

ဒါက War Memorial ကနေ စောစောက သွားခဲ့တဲ့ Parliament House ကို ပြန်လှမ်းရိုက်ထားတာပါ။

စစ်သမိုင်းပြတိုက်ကအထွက် ၀င်းကျယ်ကြီးထဲမှာ မြင်ရတဲ့ ချစ်စရာ ယုန်လေးတွေ...


အပိုင်း - ၃ မှာ ဆစ်ဒနီခရီးစဉ်ကို ဆက်ပ့ါမယ်။


ဇွန်မိုးစက်

Comments ( 4 )

စာတွေ ဖတ်ရင်း၊ ပုံတွေကြည့်ရင်း ဗဟုသုတတွေ မျှဝေပေးတဲ့ အစ်မဇွန်ကို ကျေးဇူးတင်မိပါတယ်... ခရီးတွေ သွားချင်ပေမယ့် မသွားဖြစ်ပါဘူး။ ခရီးသွားတဲ့ သူတွေကို ကြည့်ရင်းဘဲ အားကျမိပါတယ်...

ပုံလေးတွေ.(တအား)သဘောကျပါတယ်
ဗဟုသုတတွေနဲ့..
ဝေမျှပေးတဲ့အတွက်.ကျေးဇူးပါနော်

လေးစားလျှက်
မိစံ

အစ်မရိုက်လာတဲ့ပုံတွေမှာ သဘောကျစရာတွေအများကြီးရယ်။ ဆစ်ဒနီခရီးကိုလည်း လိုက်ပါဦးမယ်း)

ရောက်ဖူးချင်လိုက်ထှာအေ .. ပုံလေးတွေရိုက်ထားတာ ဆွဲဆောင်မှုရှိတယ်