အတွေးထဲက ကုက္ကုစ္စ

Category:

လွန်ခဲ့သောရက်များက ကျွန်မစာမရေးဖြစ်သော်လည်း အတွေးထဲမှာ တစ်ခုသော အကြောင်းအရာက နေ့စဉ်လိုလို ရှိနေခဲ့သည်။

“အကြမ်းဖက်မှု” ဆိုသော စကားစုနှင့် အကြောင်းအရာသည် မနက်တိုင်းလိုလို သတင်းများဖတ်ကြည့်ရင်းက ရသွားတာ ဖြစ်နိုင်သည်။ ဆရာမဂျူး၏ “ပိုချစ်ရသူ…” စာအုပ်မှ ဖမ်းယူကောက်နုတ်မိသော စာသားတစ်ခုထက်ပိုသော အတွေးစိတ်များကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ်… ကျွန်မတို့ နေထိုင်ရာ အနီးအဝေး ပတ်ဝန်းကျင်မှာ ပြုမူဖြစ်ပျက်သွားသော ကိစ္စရပ်များကြောင့်လည်း ဖြစ်နိုင်သည်။ မည်သည့်အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်မှုဆိုသော စကားစုနှင့် လုပ်ရပ်သည် မကောင်းသော အခြင်းအရာတစ်ခုအဖြစ် ကျွန်မတို့ ရှင်သန်နေထိုင်ရာ ဂြိုလ်ကမ္ဘာပေါ်မှာ အရင်ခေတ်ကာလကတည်းက ရှိခဲ့ဖြစ်ခဲ့၊ အခုလည်း ရှိဆဲဖြစ်ဆဲ၊ နောင်လည်း ရှိနေဖြစ်နေဦးမှာ သေချာသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

အိမ်၊ ကား၊ ရုံးအဆောက်အဦ၊ လေဆိပ်၊ ဘူတာရုံ၊ မီးရထား၊ သင်္ဘော၊ လေယာဉ် နေရာဒေသမျိုးစုံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလျက်ရှိသည်။ တစ်ဦးတစ်ယောက်ချင်း အကြမ်းဖက်မှု၊ လူစုလူဝေးနှင့် အကြမ်းဖက်မှု၊ တစ်ဦးတစ်ယောက်တည်းကို လုပ်ကြံအကြမ်းဖက်မှု၊ လူအစုလိုက်အပြုံလိုက်ကို သေကြေသတ်ဖြတ် အကြမ်းဖက်မှု၊ လက်နက်သုံးပြီး အကြမ်းဖက်မှု၊ ကာယခွန်အားသုံး၍ အကြမ်းဖက်မှု၊ စိတ်ရောဂါမှတစ်ဆင့် အကြမ်းဖက်မှု၊ လူမှုရေး၊ ဘာသာရေးကို ခုတုံးလုပ်၍ အကြမ်းဖက်မှု… စသည့် ခေါင်းစဉ်အမျိုးမျိုးအောက်တွင် အကြမ်းဖက် ပြုမူနေကြသော်လည်း အကြမ်းဖက်ခံရသူများ၏ ကာယနှင့်စိတ္တ ချို့ယွင်းဆင်းရဲရခြင်းမှာတော့ အားလုံးအတူတူပင် ဖြစ်သည်။

ထိုထိုသော အကြမ်းဖက်ခံရသူများထဲတွင်မှ အရွယ်မရောက်သေးသော ကလေးသူငယ်နှင့် အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုသည် အခြားသော အကြမ်းဖက်မှုများထက် အရေအတွက် ပိုများနေမလားဟု ကျွန်မ သံသယ ဖြစ်မိသည်။

မိသားစုဝင် အချင်းချင်း အကြမ်းဖက်မှုတွေကတော့ သိပ်ကို အရုပ်ဆိုး အကျည်းတန်လှပါသည်။ သားဖြစ်သူက မိဘနှစ်ပါးလုံး၏ နောက်စေ့ကို တူဖြင့်ရိုက်သတ်ခဲ့သည့်သတင်းမှာ ထိတ်လန့်တုန်လှုပ်စရာ အဖေရင်းကိုယ်တိုင် ဆယ်ကျော်သက်ရွယ်သမီးငယ်ကို မတော်မတရားပြုကျင့်မှုများကလည်း မကြားဝံ့မနာသာ။ လင်ယောက်ျားကိုယ်တိုင် မိမိဇနီးသည်အား အခြားယောက်ျားများနှင့်အိပ်ရန် အတင်းအကြပ် စေခိုင်းခံရသော ကလေးသုံးယောက်မိခင်၏ ရင်ဖွင့်အကူအညီတောင်းခံသံ။ အဖွား၊ အဒေါ်နှင့် ဦးလေးတို့က ဗီရိုထဲ သော့ခတ်ထည့်ပြီး ဒဏ်ပေးရာမှ အသက်ဆုံးပါး ရရှာသော ဆယ်ကျော်သက်မိန်းကလေး။ 

ကမ္ဘာတစ်ဝှမ်း အပြစ်မရှိဘဲ နှိပ်စက်သတ်ဖြတ်ခံကြရသော ကလေးငယ်တွေကလည်း အမြောက်အမြား။ တလောက သတင်းကြီးခဲ့သည့် မြန်မာနိုင်ငံ ဟင်္သာတမြို့မှာ လူမဆန်စွာ ညှင်းပန်းအနှိပ်စက်ခံရသော မောင်ထိပ်ကွက်။ နယူးယောက်မြို့က ပန်းခြံတစ်ခုမှာ လမ်းပျောက်သွား၍ အိမ်ပြန်ပို့ပေးရန် အကူအညီတောင်းရာမှ အိမ်ပြန်ပို့ပေးသူက လိမ်လည်ခေါ်ဆောင်သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ဖြတ်ခံရသော ကံဆိုးလှသည့် ၇နှစ်အရွယ် အပြစ်မဲ့ ကလေးငယ်။ ဒါတွေက လတ်တလော ကျွန်မခေါင်းထဲမှာ ရှိနေသော၊ သိပ်မကြာခင်ကမှ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အနည်းအကျဉ်းမျှသာဖြစ်သည်။ တစ်နေ့တစ်နေ့ နိုင်ငံတစ်နိုင်ငံစီမှာ ဖြစ်ပွားနေသော အကြမ်းဖက်မှုနှုန်း အရေအတွက် ဘယ်လောက်များ ရှိနေပါသလဲဟု ကျွန်မ စိတ်ပူပန်စွာ တွေးတောမိသည်။

ကျွန်မ ယခုရောက်ရှိ နေထိုင်လျက်ရှိသော လုံခြုံဘေးကင်း၊ အကြမ်းဖက်မှုနည်းပါးသည့် မြို့နိုင်ငံလေးမှာတောင် လွန်ခဲ့သော လအနည်းငယ်က သီတင်းခုနစ်ပတ်အတွင်း အလောင်း ၇လောင်း  ဆက်တိုက်တွေ့ရှိခဲ့ရသည့် သတင်းကြားတော့ အံ့သြမိခဲ့သည်။ အင်းလေ… အရာရာကို ယခင် ဆယ်နှစ်ကအတိုင်း အမြဲနှိုင်းယှဉ် တွက်ဆနေလို့တော့ ဘယ်ရနိုင်ပါ့မလဲ။ ပြောင်းလဲဖြစ်တည်မှုတွေက အများကြီးရှိနေပြီပဲ၊ ရာဇ၀တ်မှုတွေလည်း အထိုက်အလျောက်တော့ များလာနိုင်တာပဲဟု… ကျွန်မစိတ်ကို ပြန်နှစ်သိမ့်ရသည်။ ခုချိန်ထိတော့ မိန်းကလေးများအတွက် လုံခြုံအန္တရာယ်ကင်းသည့် နိုင်ငံတစ်ခုမှာ ရောက်ရှိနေခြင်းက  ကျွန်မကိုယ်တိုင် အတွက်သာမက ရပ်ဝေးရှိ မိဘဆွေမျိုးများအနေနှင့်လည်း စိတ်သက်သာရာ ရစေပါသည်။

ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားနေသော အကြမ်းဖက်မှု သတင်းတွေကြားရ၊ ဖတ်ရသည့်အခါ ကျွန်မ၏အာရုံတွေ အနောက်တစ်နိုင်ငံက မြို့ကြီးတစ်မြို့ဆီ ရောက်သွားတတ်သည်။ အဲဒီမြို့မှာ ကျွန်မချစ်ခင်လေးစားရသော တစ်စုံတစ်ယောက်ရှိသည်။ သူ တစ်ခါက ကျွန်မကို ပြောပြဖူးတာ သွားသတိရသည်။ သူတို့ ကလေးရသည့်အခါ ယခုနေထိုင်သောမြို့ထက် ပိုပြီးဘေးကင်း၊ ရာဇ၀တ်မှုနည်းပါးသော မြို့တော်ကို ပြောင်းရွှေ့နေထိုင်ကြမည်တဲ့။ သို့သော်…အခုချိန်ထိ သူတို့မိသားစု မပြောင်းရွှေ့ဖြစ်သေး။ သမီးရင်သွေး တစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာခဲ့ပြီ။ ဒီသမီးတွေ အရွယ်ရောက်သည့်တိုင် သူတို့အဲဒီမြို့မှာပဲ ဆက်လက်နေထိုင်ကြဦးမလား…။ ဒါကိုတော့ ကာယကံရှင် မိသားစုကိုယ်တိုင်သာ သိရှိဆုံးဖြတ်နိုင်သည်လေ။ ကျွန်မအနေနှင့် ၀င်ရောက်စွက်ဖက် အကြံပြုစရာလည်းမလို။

သို့သော်… ထိုမြို့တွင် ဖြစ်ပျက်သွားသော အကြမ်းဖက်မှု သတင်းတစ်ခုတလေကို ကြားမိတိုင်း စိုးရိမ်ပူပန်တတ်သော ကျွန်မ၏ စိတ်အစဉ်သည် သူ၏သမီးလေးနှစ်ယောက်ဆီသို့ ရောက်ရှိသွားတတ်ကြောင်း ကိုယ်ကိုယ်တိုင် အံ့သြရိုးသားစွာ ၀န်ခံမိသော်လည်း သူ့ကိုတော့ ဘယ်သောအခါမှ ပြောပြဖြစ်လိမ့်မည် မဟုတ်ပါ။


ဇွန်မိုးစက်

Comments ( 5 )

ညနေက Clementi Mall ဖက်ကို လမ်းလျှောက်ဖြစ်တယ်... လူတွေမှ အများကြီးပဲ... ကြိတ်ကြိတ်တိုးနေတာပဲ... MRT မှာ အရင့် အရင်က တခါမှ မတွေ့ဖူးတဲ့ CCTV Camera တွေ အများကြီးတွေ့ခဲ့ရတယ်... လုံခြုံမှုတွေ နည်းပါးလာတဲ့ လက္ခဏာတခုပေပဲလို့ တွေးပြီး နောက်ထပ်လည်း အရှည်ကြီး ဆက်တွေးကြည့်နေမိတယ်... ကြည်လင်နေတဲ့ စိတ်တွေ နည်းနည်းနောက်သွားတယ်...း((

အကြမ်းဖက်မှုတွေကတော့ ရှိနေလိမ့်ဦးမယ် ညီဇွန်ရယ်၊ နဲပါးသွားပါစေ လို့ပဲ....

ဟုတ်တယ်ဗျာ..၊ အကြမ်းဖက်မှုတွေက ခေတ်အဆက်ဆက်မှာ ရှိခဲ့တာ မှန်ပေမယ့် ဒီဖက်ခေတ် လို မီဒီယာရဲ့ မြန်ဆန်မှုကြောင့် နေ့စဉ်လိုလို မြင်နေ ကြားနေရတော့ တာပါပဲ၊ သတင်းတွေ ကြည့်ရင်၊ ဖတ်ရင် စိတ်မောပြီး ကျန်ခဲ့တယ်၊ တဦးနဲ့တဦး၊ တအုပ်စုနဲ့ တအုပ်စု၊ တနိုင်ငံနဲ့ တနိုင်ငံ အကြမ်းဖက်မှု တွေက (ဝမ်းနည်းဖို့ကောင်းစွာနဲ့ပဲ) ဆက်ရှိနေဦးမှာ ပါပဲ၊ မျက်မှောက်ကို ထင်ဟပ်တဲ့ ဇွန့်ရဲ့ ပို့စ်လေးမှာ ခံစားမှုတွေပါ မှုန်းခြယ်ထားလို့ ဖတ်ရတာ တုန်ခါမှု ရှိပါတယ်..။

တခါတလေ ကိုယ့်ဟာကိုယ်ထက် ကိုယ်နဲ့ပတ်သတ်တဲ့ သူများတွေကို ပိုပူမိတတ်တယ်။ ဥပမာ - ရန်ကုန်မှာ ၃ နေရာ ဗုံးကွဲတုန်းက ခဏပဲ လန့်ပြီး နောက်တပတ်လောက်နေတော့ ပုံမှန်အတိုင်း သွားလာနေလို့ဖြစ်သွားတယ်။ သင်္ကြန်ဗုံးကွဲတော့ ပတ်သတ်ရာရာ အကုန်လုံးကို လိုက်ပူနေရတာ တော်တော်နဲ့ မပြီးဘူး။ ဘာကို ဒေါသထွက်မှန်းလည်း မသိဘူး။

ခုလည်း ကိုယ်နေတဲ့နေရာမှာ တစ်ခုခုဆို ဒီလောက် မပူပင်ဘူး။ အဝေးက ကိုယ်နဲ့ပတ်သတ်ရာ ပတ်သတ်ကြောင်းရှိတဲ့နေရာတွေမှာ တစ်ခုခုဆို သူတို့နဲ့ ကိုယ် ဝေးနေတုန်း တစုံတရာဖြစ်ရင် တော်တော်နဲ့ ဖြေနိုင်မယ်မဟုတ်ဘူး ဆိုတာ တွေးမိတယ်။

တစ်ယောက်တည်း သီးသန့်နေဖြစ်တဲ့အခါ ပိုပူတတ်လာတာများလား မသိပါဘူး။

မမရေ...အဓိကကကတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ
ဖောက်ပြန်ပျက်စီးလာတဲ့အတွက်ကြောင့် ထင်တယ်နော်။း( တစတစတိုးလာမှာပဲစိုးရိမ်မိတာ။း(

ဂျင်း