တစ်ပါးသီလ

Category: ,

ဘဘဦးသုခ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းအကြောင်း မဟုတ်ပေမယ့် ဇွန်မိုးစက်ကိုယ်တိုင် အမှတ်မထင် တစ်ပါးသောသီလကို တစ်သက်တာပတ်လုံး  စွဲစွဲမြဲမြဲစောင့်ထိန်းဖို့ ဖြစ်သွားတဲ့အကြောင်းလေး မျှဝေချင်လို့ပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေရုံးအဆင်းမှာ အတူနေညီမငယ်တစ်ယောက်နဲ့ ဖားအောက်တောရ ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ညီမငယ်က ဆရာတော်ဘုရားကြီးထံ သင်္ကန်းကပ်လှူပူဇော်ပြီး တရားဘာဝနာ အားထုတ်ခြင်းနဲ့ ပတ်သက်ပြီး သိလိုတာကို မေးမြန်းရာက ဆရာတော်က ပြန်လည်ဖြေကြားရင်း သစ္စာတရားလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးတို့အကြောင်း အတိုချုပ် ဟောပြောလမ်းညွှန်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ မထင်မှတ်ဘဲ ဆရာတော်ဘုရားကြီးရဲ့ တရားကို အနီးကပ်ဆုံး ကြားနာခွင့်ရလိုက်လို့ ဇွန်တို့ ပီတိဖြစ်ရပါတယ်။ တရားတော် ဟောကြားပြီးတဲ့အခါ ဆရာတော်က သူရေးသားပြုစုခဲ့တဲ့ “အာနပါနကျင့်စဉ်မှ ၀ိပဿနာသို့” စာအုပ်နဲ့ “ကြာပန်းနှင့်ပမာတူသည့် ဘုရားရှင်” စာအုပ်တို့ကို ဒါနပြုပါတယ်။ တိုတောင်းလှတဲ့ လူ့ဘ၀ရခိုက် တရားဘာဝနာ အားထုတ်ကျင့်ကြံဖို့၊ စာအုပ်စာပေများများဖတ်ပြီး ကျက်မှတ်သင့်တာ ကျက်မှတ်ဖို့၊ ဒါမှလည်း တရားနာကြားတဲ့အခါ အထောက်အကူဖြစ်ကြောင်း ထပ်မံ သတိပေး ပြောကြားဆုံးမခဲ့ပါတယ်။

အစပိုင်း တရားဟောကြားချိန်မှာ ဇွန်နဲ့ညီမငယ်နှစ်ဦးသာ ရှိပေမယ့် တရားမပြီးခင်မှာ အခြားသော လူငယ်တစ်စု ရောက်လာပြီး ဆရာတော်ကို ဖူးမြော်ကြည်ညိုရင်း တရားတော်နာယူကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ့အချိန်က ဆရာတော်ဆီ လာရောက်ဖူးမြော်သူအားလုံးဟာ လူငယ်လူရွယ်များ ဖြစ်နေပါတယ်။

တရားပြီးဆုံးလို့ အားလုံးကို စာအုပ်ဒါနပြုပြီးတဲ့အခါ “ကဲ… ကလေးတို့ကိုတော့ စာအုပ်လှူလိုက်ပြီ။ ကလေးတို့ဆီက ပြန်အလှူခံရမယ်လို့ ပြောပါတယ်။ အဲဒီ့မှာ ဆရာတော်က သူ့ရှေ့က လူငယ်ပရိတ်သတ်ကို အရက်သောက်တတ်သလားလို့ မေးပါတယ်။ အမျိုးသားလူငယ်အတော်များများက ကင်းတဲ့သူ မရှိသလောက်ပါပဲ။ ဘီယာ၊ ထန်းရည် အစရှိတာတွေကို သောက်ဖူးကြပါတယ်။ အင်း… ဇွန့်စိတ်ထဲမှာလည်း ပြောနေမိတယ်။ တပည့်တော် ၀ိုင်သောက်တတ်ပါတယ် ဘုရားလို့… အပြင်မှာတော့ မလျှောက်ဖြစ်ပါဘူး။ ဆရာတော်က မင်းတို့အားလုံး အရက်သေစာ မသောက်စားဖို့ ငါ့ကို ပြန်လှူရမယ်ဆိုပြီး တစ်ခါတည်း လိုက်ဆိုခိုင်းပါတယ်။ ဒါနဲ့ပဲ ဇွန်မိုးစက်တစ်ယောက် လက်အုပ်ချီရင်း မျက်စိထဲမှာ နောက်ထပ်သောက်ခွင့် မရတော့မယ့် ၀ိုင်နီခွက်လေးကို ပြေးမြင်ယောင်ရင်းကပဲ နှုတ်ကနေ လိုက်ဆိုလိုက်ပါတယ်။ အဲ့ဒီနေ့က နယုန်လပြည့်နေ့မို့ ဇွန့်ရဲ့ မြန်မာသက္ကရာဇ်နဲ့ ကျရောက်တဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှာ ဆရာတော်ဘုရားကို ဖူးမြော်ဖို့လာခဲ့တဲ့ ဇွန်မိုးစက်ဟာ တစ်ခါမှ မကြံစည်မတွေးတောခဲ့ဘူးတဲ့ သေရည်သေရက် စွန့်လှူခွင့်ကြုံပြီး ငါးပါးထဲက တစ်ပါးသောသီလကို တစ်သက်တာပတ်လုံး စောင့်ထိန်းဖို့ အခွင့်ကြုံသွားပါတယ်။

တကယ်တော့ ဇွန် ၀ိုင်မသောက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ နေ့စဉ်ငါးပါးသီလ ခံယူမယ်ဆိုတဲ့အသိနဲ့ ရုံးဒင်နာမှာတောင် မသောက်ဖြစ်တော့ပါဘူး။ နောက်ဆုံးသောက်ခဲ့တာ ၂၀၀၇ သြဂုတ်လထဲမှာပါ။ အရင်ရုံးကပြုလုပ်တဲ့ နေ့လည်စာစားပွဲတစ်ခုမှာပါပဲ။ အဲ့ဒီ့နောက်ပိုင်း ရုံးမသွားခင် သီလယူလိုက်တော့ ငါ..ဒီနေ့ သီလယူထားတယ်ဆိုတဲ့အသိနဲ့ မသောက်ဖြစ်အောင် ထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်။ တစ်ခါလောက် ထိန်းချုပ်လိုက်နိုင်တယ်ဆိုရင်ပဲ နောက်ပိုင်းမှာ မသောက်မိအောင် ထိန်းချုပ်ဖို့ လွယ်ကူသွားတာ တွေ့ရပါတယ်။ သီလခံယူဆောက်တည်ထားတဲ့ အကျိုးကျေးဇူးအခံကြောင့်လည်း ပါပါတယ်။

ဇွန့်ဘ၀မှာ ဘီယာကို ကလေးဘ၀တုန်းက တစ်ခါမြည်းဖူးပြီး၊ ဗော့ဒ်ကာတစ်ခါ၊ ၀ီစကီတစ်ခါနဲ့ ၀ိုင် အကြိမ်များစွာ သောက်ဖူးခဲ့ပါတယ်။ ဗော့ဒ်ကာကိုလည်း မြည်းကြည့်ရုံသက်သက် သောက်ခဲ့တာဖြစ်ပြီး ၀ီစကီကတော့ အင်္ဂလန်ရောက်ခိုက် အနုတ်လက္ခဏာရောက်အောင်အေးတဲ့ ဆောင်းရာသီမှာမှ အဆောင်က အပူပေးစက် ပျက်သွားလို့ နေမကောင်းချင်ဖြစ်ပြီး ကိုယ်တွင်းနွေးအောင် ၀ီစကီကို ရေနွေးနဲ့ရောစပ်ပြီး ဆေးပမာသောက်ခဲ့တာပါ။ ဒါပေမဲ့ သောက်ပြီးသိပ်မကြာခင်ဘဲ အကုန်ပြန်အန်ထွက်တာနဲ့ နောက်ဘယ်တော့မှ မသောက်ဖြစ်တော့ပါဘူး။ ၀ိုင်ကိုတော့ ကြိုက်မိလို့ သောက်ခဲ့တာပါ။ တလောကပဲ သူငယ်ချင်းတွေနဲ့ ပြောဖြစ်သေးတယ်၊ ညမအိပ်ခင် ဆေးဖြစ်ဝါးဖြစ် ၀ိုင်တစ်ခွက်လောက် ပုံမှန်သောက်အိပ်မယ်ဆိုပြီးတော့…။ တကယ်လို့များ ဆရာတော်ဘုရားဆီမှာ စွန့်ခွင့်မကြုံခဲ့ရင် နောက်ထပ် အချိန်မရွေး သောက်မိသွားနိုင်ပါတယ်။ သြစတြေးလျ သွားလည်တဲ့အခါ ၀ိုင်ထုတ်လုပ်တဲ့ စပျစ်ခင်းတွေရှိရာ လေ့လာရေးသွားပြီး ၀ိုင်းမြည်းစမ်းကြည့်ဖို့ ဆန္ဒကလည်း ရှိနေခဲ့တာကိုး။

အခုဆို စောင့်ထိန်းအပ်တဲ့ ငါးပါးသီလထဲက တစ်ပါးဟာ ကိုယ်အသက်ရှင်နေသမျှ ကာလပတ်လုံး လုံခြုံသွားပါပြီ။ ဒါဖြင့်နောက်ထပ် လေးပါးကရော… မေးလာစရာ အကြောင်းရှိပါတယ်။ နောက်ထပ်လေးပါးထဲမှာ သူတပါးပစ္စည်းခိုးယူမှုနဲ့ သူတပါးသားမယားပစ်မှားခြင်းအမှုကိုလည်း တစ်သက်တာပတ်လုံး စောင့်ထိန်းဖြစ်မယ်ဆိုတာ ကိုယ်ကိုယ်တိုင် အသေအချာ သိနေပါတယ်။ အဲ… နောက်ကျန်တဲ့နှစ်ခုထဲမှာ သူတစ်ပါးအသက်သတ်ခြင်းကို ရံဖန်ရံခါ သတိလက်လွတ်ပြီး  ကျူးလွန်မိတတ်တာမျိုးက ရှိနေပါသေးတယ်။ တလောကပဲ သတိလွတ်ပြီး လက်ကိုလာကိုက်တဲ့ ခြင်တစ်ကောင်ကို ရိုက်မိသွားပါတယ်။ ကိုယ်မသိလိုက်ဘဲ  ပိုးမွှားပုရွက်ဆိတ်တွေကို  အမှတ်မထင် တက်နင်းမိသွားတာမျိုး၊ ကြမ်းပိုးလိုအကောင်တွေကျတော့ သိသိကြီးနဲ့ နှိမ်နင်းရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

အိမ်မှာ ခြင်အကိုက်ခံရဆုံးဖြစ်တဲ့၊ ခြင်တွေကို မကြာခဏ ရိုက်ဖူးတဲ့ ဇွန့်စိတ်ထဲမှာ ငါတော့ခြင်တွေ၊ ပုရွက်ဆိတ်လေးတွေကို သတ်မိပြီ… ပါဏာတိပါတာကံကို ကျူးလွန်မိပြီ၊ အပယ်ကျတော့မှာပဲလို့ တွေးကြောက်မိပြီး အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းတစ်ပါးကို မေးလျှောက်ဖူးပါတယ်။ ဦးဇင်းက စေတနာမပါရင် ကံမမြောက်ဘူးလို့ ဆိုပါတယ်။ သေစေလိုတဲ့ စေတနာနဲ့ သတ်လိုက်မှသာ ပါဏာတိပါတာ ကံထိုက်တယ်၊ စေတနာက အဓိကကျပါတယ်တဲ့။ အဘိဓမ္မာသင်ပြီးနောက်ပိုင်း ဒီကံတွေနဲ့ပတ်သက်ပြီး အကြောင်းလေးပါးတိုက်ဆိုင်မှ အပယ်ကျဖို့ ကံမြောက်တယ်ဆိုတာ သေသေချာချာ သိလာရပါတယ်။ 

ပါဏာတိပါတာကံမြောက်ဖို့အတွက် သူတစ်ပါးကို သေစေလိုတဲ့ စိတ်စေတနာရှိရမယ်၊ တစ်ပါးသူကို အမှန်တကယ်သတ်ဖို့ ကြိုးစားအားထုတ်ခဲ့မယ်၊ တကယ်လည်း သေအောင်သတ်ဖြတ်ခဲ့မယ်၊ အသတ်ခံရတဲ့ ပုဂ္ဂိုလ်သတ္တ၀ါကလည်း အသက်သေသွားရမယ်။ အဲ့ဒီအခါကျရင်တော့ အပယ်ကျတဲ့ ပါဏာတိပါတာကံ မြောက်သွားပါပြီ။ ကျန်တဲ့ သီလတွေမှာလည်း အဲဒီ့အတိုင်းပါပဲ။ အကြောင်းလေးပါး ညီညွတ်သွားတဲ့အခါမှာ အပယ်ကျမယ့်ကံ ထိုက်ပါတယ်။ အဲလိုသိလိုက်ရတဲ့အခါ ဇွန့်စိတ်ထဲ ရှင်းလင်းသွားပြီး ဗုဒ္ဓရဲ့တရားတော်တွေအပေါ် အဆတိုးလို့ လေးနက်ယုံကြည်မိပါတယ်။

ငါးပါးသောသီလထဲမှာ နေ့စဉ်နဲ့အမျှ လိုက်နာကျင့်ကြံဖို့ အခက်ဆုံးကတော့ မုသာဝါဒလို့ ထင်ပါတယ်။ ဇွန့်အဖို့တော့ လုပ်ငန်းခွင်မှာ မကြာခဏ ကြုံရလို့ပါ။ တခါတရံ client တွေ ဖုန်းလှမ်းဆက်လို့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မဖြေအားတဲ့အခါ၊ ဖုန်းမကိုင်ချင်တဲ့အခါ သူတို့မှာကြားသလို ရှိရဲ့သားနဲ့ မရှိဘူး၊ မအားဘူး စသဖြင့် မုသားပြောပေးရတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အကျိုးယုတ်စေမယ့် မုသားမဟုတ်ဘူးလို့တော့ ဆင်ခြင်ဖြေသိမ့်မိပါတယ်။ ကိုယ်ကိုယ်တိုင်အတွက်တော့ မုသားစကားမဆိုမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ဖို့ သတိပေးနေရပါတယ်။ ဒါမှလည်း ငါးပါးသောသီလကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးနဲ့ မဖောက်ဖျက်အောင် စောင့်ထိန်းနိုင်မှာမို့ပါ။

သုရာမေရယ ကျူးလွန်မိတဲ့သူ၊ အရက်သေစာ သောက်စားမူးယစ်ထားတဲ့သူဟာဟာ ကျန်ရှိနေတဲ့သီလလေးပါးကို မေ့လျော့ချိုးဖောက်ဖို့ အချိန်မရွေး အဆင်သင့်ဖြစ်နေသူတစ်ယောက်ပါပဲလို့ ဖားအောက်တောရက အရှင်ရေ၀တဟောကြားခဲ့ဖူးတာ အမှတ်ရရင်း… ဇွန်တစ်ယောက် မွေးနေ့မှာ  မမျှော်လင့်ဘဲ စွန့်လှူခွင့်လိုက်ရတဲ့ မူးယစ်မေ့လျော့စေတတ်သော အရက်သေစာသောက်စားမှုအတွက် ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်နေပါတော့တယ်။


ဇွန်မိုးစက်

Comments ( 11 )

မြတ်သော အလှူဒါနမို့ သာဓု သုံးကြိမ်ခေါ်ပါတယ် ညီမ...

ငါးပါးသီလထဲမှာ ညီမပြောသလိုပဲ အခက်ဆုံးကတော့ မုသာဝါဒ ပါပဲ...။ သူတပါးကို အကျိုးယုတ်စေမှာ မဟုတ်တဲ့ White Lies တွေတော့ မလွဲမရှောင်သာ ပြောခဲ့ရဖူးတယ်...

သာဓု သာဓု သာဓု ပါ မဇွန်း)

ညီမကတော့ မကြိုက်တတ်ဘူး .. အဲ လှူလည်း မလှူထားဘူး ..း)

သာဓု.. သာဓု.. သာဓု ပါ ဖွန်....

အ မ က အဲ ဒီ ဟာ တော့ရှောင် နိုင် တာ မွေး က ထည်း က ဒီ နေ့ ထိ ပဲ ( Because it is easiest for me ) ဟဲ ဟဲ

thar du thar du thar du

အမက ဖားအောက်ကျောင်းကို ဗုဒ္ဓဟူးနေ့ ရောက်သွားတာ... ကြာသပတေးနေ့ နယုန်လပြည့်နေ့မှာတော့ ဒီကျောင်းကို http://www.watananda.com/
ညနေဘက်ရောက်တယ်။

အမလည်း မိန်းကလေးဖြစ်နေလို့သာ
သောက်ခွင့်ရရင် ကြိုက်နိုင်တဲ့ အနေအထားရှိလို့
မသောက်ဖြစ်အောင်နေရတယ်။

Blog တွေလိုက်လည်နေတာ တိုက်ဆိုင်လို့ ဝင်ပြောခဲ့ဦးမယ်.. ကျနော်လည်း မနေ့ ( ၂၂ / ၆ /၁၁ )က ကျရောက်တဲ့ မွေးနေ့ကစပြီး တသက်လုံး အရက်သေစာ မသောက်သုံးတော့ဘူး လို့ ကိုယ့်ဖာသာကိုယ် Birthday Resolution လုပ်ထားလို့ ရှေ့လျှောက် မဇွန်လိုပဲ “တပါး (+၂ပါး = စုစုပေါင်း ၃ပါး ) သီလ” လုံပါတော့မယ်။ တသက်လုံး ဖြတ်ရတော့မှာ ဆိုတော့ ဇွန် ၂၁ ရက်နေ့က “ငါ့ကို ဘီယာ လာတိုက်တဲ့သူ ရှိရင် ကောင်းမယ်” လို့ တွေးနေမိသေးတယ်။ အဲ..ဒါပေမဲ့ သောက်ရမဲ့ကံ မပါတော့ မနေ့က မွေးနေ့ ( သူတို့ မသိ ) ကျမှ အတူနေ အိမ်ရှင်က beer သောက်နေတာ ဝင်သောက်ဖို့ ခေါ်တယ်လေ.. အခေါ် ကောင်းပေမဲ့ အခါနှောင်းခဲ့ လေပြီ..း)) (ကျနော်ကတော့ တခါ သောက်လိုက်ရင် ၂ ပါတ်လောက် alcoholic အဆင့် ဖြစ်သွား တတ်လို့ ကျန်းမာရေးအရ ရှောင်တာပါ.. )

သာဓု သုံကြိမ်လေးနက်စွာခေါ်ဆိုသွားပါတယ် မဇွန်...

ဇွန်ရေ...

မလေး မကြာမကြာရောက်တယ်နော်။

လိမ်ညာခြင်း ဆိုတာကို မလေး အဓိပ္ပာယ်ဖွင့်ကြည့်နေမိတယ်။ ဇွန်ပြောသလို သူငယ်ချင်းတွေတွက် ပြောပေးရရင် အင်္ဂလိပ်ကျတော့ ပြောပေးရတယ် အဆင်ပြေတယ်။ လိမ်ရာလည်း မရောက်ဘူး။ "She/He's not available to come to the phone" မက်စေခ်ျယူထားပေးမယ်လေ။ အဲလို..

ဗမာလိုကျတော့ နည်းနည်းခက်တယ်။ အထူးသဖြင့် ၀ါရင့်သူ ဖုန်းဆက်လာရင် ကိုယ်က ကြားထဲက ပြောပေးရသူဆိုရင်..။ သူ မအားသေးလို့ ဖုန်းမဖြေနိုင်သေးပါဘူး.. ဆိုပြီး ဥပမာ အဒေါ်တို့ဘာတို့ကို ပြောဆိုရင်.. ဟိုကလည်း မေးမယ် 'ဟဲ့ မအားရင် ဘာလုပ်နေလို့လည်း ဘယ်သွားနေလည်း" မလွယ်ဘူး...နော်


ချစ်တဲ့
မလေး

ထာဝရမြဲတော့မယ့် တစ်ပါးသော သီလအတွက် သာဓုခေါ်မိပါတယ် အစ်မဇွန်ရေ...

မမ

ညီမလေးဘ၀မှာလည်း အရက်သေစာနဲ့ ပတ်သက်လို့ဆိုလို့ စပျစ်ဝိုင်လေးအနည်းငယ်ကို ဘယ်လိုအရသာရှိမလဲဆိုပြီး မဆိုစလောက်လေး မြည်းကြည့်မိဘူးတာက လွဲလို့ မွေးကတည်းကနေ ဒီနေ့အထိ ဘယ်လိုအရက်သေစာမျိုးကိုမှ မသောက်ခဲ့ဖူးပါဘူး။ အခုလိုနိုင်ငံရပ်ခြားမှာ အလုပ်လုပ်တော့လည်း မမလိုပဲ ကုပ္မဏီပွဲတွေမှာ မဖြစ်မနေလိုမျိုးကို သောက်ရတော့မယ့် အနေအထားမျိုးတွေ ကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဂျင်းကတော့ မိတ်ပျက်ရင်ပျက်ပါစေ...ယဉ်ကျေးစွာနဲ့ပဲ အတန်တန်ငြင်းဆိုခဲ့ပြီး လုံးဝမသောက်မိအောင်နေခဲ့ပါတယ်။ ဂျင်း ကိုယ့်ကိုကိုယ်ယုံကြည်ပါတယ်။ ဂျင်းဘ၀မှာ ဘယ်တော့မှလည်း အရက်သေစာကို သောက်သုံးဖြစ်မှာမဟုတ်ဘူးဆိုတာပါပဲ။ မမလိုပဲ တရားဝင်လှူဖို့အဆင်ပြေတဲ့အခါကျရင် ဆရာတော်တစ်ပါးပါးစီမှာ လှူပစ်ပါ့မယ်။ မမရဲ့ တစ်သက်တာလုံးစောင့်ထိန်းသွားမယ့် သီလသုံးမျိုးအတွက်လည်း သာဓု ၃ ကြိမ် ၀မ်းမြောက်ဝမ်းသာ ခေါ်ဆိုသွားပါတယ်။

ချစ်တဲ့
ဂျင်း