စိုးရိမ်မိပါသည်

Category: ,

(၁)

လွန်ခဲ့တဲ့ သုံးပတ်မြောက် တနင်္ဂနွေတစ်ရက်က ဇွန်အပတ်စဉ် မြန်မာစာ လုပ်အားပေးသွားသင်နေကျ ဘုန်းကြီးကျောင်းကို ကျောင်းသားသစ်တစ်ယောက် လာအပ်ပါတယ်။ ကျောင်းလာအပ်ပေးသူက ကျောင်းသားလေးရဲ့ အဘိုးပါ။ အဖေဖြစ်သူလည်း ပါပါတယ်။ လုပ်အားပေးကျောင်းမှာ ကျောင်းအပ်လက်ခံတော့မယ်ဆိုရင် အချက်နှစ်ချက်နဲ့ ကိုက်ညီရပါမယ်။ တစ်က ကလေးအသက် ၅နှစ်နဲ့အထက် ရှိရပါမယ်။ နှစ်က ကလေးဟာ မြန်မာလို ကောင်းကောင်း ပြောဆိုဆက်ဆံနိုင်ရပါမယ်။ အသက်အရွယ် သတ်မှတ်ချက်ထားရတာက ကလေးတွေ သိပ်ငယ်တဲ့အခါ ဆရာမတွေအတွက် စာသင်ပေးရုံသာမက ကလေးပါထိန်းရတဲ့ဝန် ပိသွားမှာစိုးလို့ပါ။ မြန်မာလို communicate လုပ်နိုင်ရမယ်ဆိုတာကတော့ ကျောင်းမှာ မြန်မာသင်ပုန်းကြီးဖတ်စာအတိုင်း သင်ကြားတာဖြစ်လို့ မြန်မာပြည်မှာ သင်သလိုပဲ ဆရာနဲ့တပည့် မြန်မာလို အပြန်အလှန် စာအံပြီး သင်ပေးတာကြောင့်ပါ။

ကလေးက ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးပါ။ အဘိုးနဲ့အဖေဖြစ်သူတို့ တိုက်တွန်းမှုကြောင့် လိုက်လာခဲ့ရတဲ့ပုံပါပဲ။ ဆရာမက ကျောင်းအပ်လက်မခံခင် ကလေးရဲ့ မြန်မာစကားပြောဆိုဆက်သွယ်နိုင်မှု အခြေအနေ စစ်ဆေးကြည့်တော့မှ ကလေးက မြန်မာစကား လုံးဝ မပြောတတ်ဘူးဆိုတာ သိရပါတယ်။ မြန်မာလိုပြောတာ နားလည်မလည် မေးကြည့်တော့လည်း မဖြေနိုင်ပါဘူး။ ဆရာမ ပြောသမျှကို အဘိုးနဲ့ အဖေဖြစ်သူက အင်္ဂလိပ်လို translate လုပ်ပေးရပါတယ်။ ဒါနဲ့ ဆရာမက သူ့အုပ်ထိန်းသူများကို ထပ်မေးကြည့်ပါတယ်။ ကလေးက ဒီမှာမွေးတာလားပေါ့။ မဟုတ်ပါဘူး၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ ဆယ်နှစ်မတိုင်ခင်အထိ ကြီးလာတာပါတဲ့။ အဖေမြန်မာ၊ အမေလည်းမြန်မာပါ။ ဒါပေမဲ့ သူတက်ခဲ့တဲ့ကျောင်းက ILBC ။

သြော်… ဒီတော့မှ စာသင်ရင်း နားစွင့်နေတဲ့ ဇွန်တစ်ယောက် သဘောပေါက်သွားပါတယ်။ ကလေးက အင်္ဂလိပ်လိုပဲ အားသန်ပြီး အင်္ဂလိပ်လိုပဲ အပြောများတဲ့အပြင် အိမ်မှာလည်း မိသားစုနဲ့ မြန်မာလိုပြောဆိုဆက်ဆံမှု အတော်အားနည်းပုံ ရပါတယ်။ အခု စင်္ကာပူရောက်မှ အိမ်မှာ အဘွားဖြစ်သူက မြန်မာစာ သင်ပေးနေရာနေကနေ ဒီကျောင်းမှာ မြန်မာစာသင်ပေးတယ်ကြားလို့ ရောက်လာတာပါလို့ သူ့အဘိုးက ပြောပြပါတယ်။ လတ်တလော ကလေးရဲ့ အနေအထားက မြန်မာလို လုံးဝ communicate မလုပ်နိုင်တာကြောင့် ဆရာမက သူ့ကို လက်မခံခဲ့ပါဘူး။ အိမ်မှာ သူ့ကို မြန်မာစကား နားရည်ဝအောင် အရင်လုပ်ပေးပြီးမှ ခေါ်လာပါလို့ ပြောလိုက်ပါတယ်။

သူ့အဘိုးက မပြန်ခင် သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ကျွန်တော်…. “ဦး…. ” ပါ။ မင်းသုဝဏ်ရဲ့ သားပါ။ အဲ့ဒီစကားကြားရတဲ့ ဇွန်တို့အားလုံး သူ့ကိုကြည့်ပြီး ရုတ်တရက် အံ့အားသင့်သွားပါတယ်။ သူမိတ်ဆက်လိုက်တဲ့ ဆရာမရဲ့အမျိုးသားဟာ အာမေဋိတ်သံကြီးနဲ့ “ဟာ… မင်းသုဝဏ်ဆိုတာ တကယ့်မြန်မာစာဆရာကြီးပဲ” လို့ နှုတ်က ထွက်ကျသွားတဲ့အထိပါ။ “ဟုတ်ပါတယ်… ကျွန်တော်ပြောရမှာတောင် ရှက်ပါတယ်။ သူ့မြစ်၊ ကျွန်တော့်မြေးက မြန်မာစာ လုံးဝမတတ်ဘူး ဖြစ်နေတယ်”

အဘိုး၊ သားနဲ့ မြေး သုံးဆက် ပြန်ခါနီး ကလေးကို မြန်မာလို နှုတ်ဆက်ခိုင်း ပါတယ်။ “ဆရာမ သားပြန်လိုက်ပါဦးမယ်” လို့။ ဒီတစ်ခွန်းပြောဖို့ ကလေးက မိနစ်အတော်ကြာအောင် အားယူရလို့ ဇွန်တောင် သူ့ကို သနားသွားပါတယ်။ သူ့နှုတ်က တစ်လုံးချင်း ထွက်ကျလာတဲ့ စကားလုံးတွေဟာ မြန်မာစကားလုံးဝ မပြောတတ်တဲ့ အနောက်တိုင်းသားတစ်ယောက် အတိုင်းပါပဲ။ ကလေးရယ်… ဆရာမတို့ ငယ်ငယ်တုန်းကလေ မင်းအဘေးရဲ့ ကဗျာတွေ အော်ဟစ်ရွတ်ဆိုပြီး ကြီးပြင်းခဲ့ရတာလို့ စိတ်ထဲမှာ ပြောနေမိပါတယ်။

(၂)

ဇွန်ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို စိတ်ဝင်စားပါတယ်။ အထင်လည်းကြီးတယ်။ အင်္ဂလိပ်စာက ဘယ်နိုင်ငံသွားသွား အသုံးဝင်တယ်။ အင်္ဂလိပ်စာ တတ်ထားရင် ဘယ်နေရာသွားသွား မျက်နှာမငယ်ဘူးပေါ့… ဒီလိုပဲ အတွေးတွေ ရှိခဲ့ပါတယ်။ တကယ်လည်း အင်္ဂလိပ်စာက အရေးကြီးပါတယ်။ Second Language အနေနဲ့ မြန်မာပြည်မှာ ဆယ့်တစ်နှစ်လုံးလုံး သင်ယူခဲ့ဖူးတဲ့ အခြေခံက တကယ်တော့ မနည်းပါဘူး။ ပြောကျင့်မရှိလို့ အပြောအားနည်းမယ်၊ နားရည်မ၀လို့ အကြားစွမ်းရည် အားနည်းချင်နည်းမယ်၊ ဇွန်တို့မြန်မာတွေ အရေးနဲ့အဖတ် အားမနည်းပါဘူး။ ဇွန်က မြန်မာစာကိုလည်း ချစ်တယ်၊ အင်္ဂလိပ်စာကိုလည်း နှစ်သက်ပေမယ့် မြန်မာပြည်ကနေ ထွက်မလာခင်ထိကတော့ မြန်မာစာကို သိပ်အထင်မကြီးတတ်ခဲ့ပါဘူး။ မြန်မာစာ၊ မြန်မာစကားကို ကိုယ်ပိုင်စာ၊ ဘာသာစကားအနေနဲ့ စပြီးဂုဏ်ယူတတ်ခဲ့တာ စင်္ကာပူကို ရောက်ပြီးမှပါ။ ဒီ့ထက်ပိုပြီး ကိုယ့်စာနဲ့စကားကို ဂုဏ်ယူတတ်ခဲ့တာ အင်္ဂလန်မှာ ကျောင်းသွားတက်ခဲ့စဉ်ကပါ။

တကယ်ပါ… အင်္ဂလိပ်စာကို အထင်ကြီးနှစ်သက်ခဲ့တဲ့ ဇွန်တစ်ယောက် အင်္ဂလန်ရောက်တော့မှ မြန်မာစာကို ပိုချစ်တတ်၊ ဂုဏ်ယူတတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာကျောင်းသားတွေနဲ့ရော လူမျိုးခြားတွေနဲ့ မိတ်ဖွဲ့ပြောဆိုဆက်ဆံရတဲ့အခါ ငါတို့မှာ ကိုယ်ပိုင်စာနဲ့ ဘာသာစကားရှိတယ်လို့ ပြောခွင့်ရတာ သိပ်ကို ကျေနပ်ဂုဏ်ယူစရာကောင်းလို့ပါ။ သွားရင်းလာရင်းနဲ့ လမ်းမှာ၊ မြို့ထဲမှာ တစ်ချို့တစိမ်းတွေနဲ့ အမှတ်မထင်တွေ့ပြီး ကိုယ့်ကိုဘယ်ကလဲ ဘာလူမျိုးလဲမေးပြီး ကိုယ့်ဆီက စကားတစ်ချို့ သင်ယူသွားတဲ့ အင်္ဂလိပ်လူမျိုးတွေနဲ့ တစ်ခါမက ကြုံဖူးပါတယ်။ 

နောက် မှတ်မှတ်ရရ Isle of Wight ကို သွားလည်တုန်းက ဘူတာတစ်ခုရုံက တစ်ဦးတည်းသော အမျိုးသမီး ၀န်ထမ်းဟာ သူ့ဘူတာကို လာလည်သမျှ နိုင်ငံခြားသားတွေကို မှတ်တမ်းတင်ပြီး ဟယ်လိုနဲ့ ဂွတ်ဒ်ဘိုင်ကို ဘာသာစကားအမျိုးမျိုးနဲ့ အသံမပီမချင်း ရအောင် အသံထွက်ပြီးလိုက်ဆို ပြီးရင် သူ့မှတ်တမ်းစာအုပ်မှာ တစ်ခါတည်း ရေးမှတ်ထားပါတယ်။ အဲလိုရေးမှတ်ထားတဲ့အထဲမှာ ဇွန်နဲ့သူဟာ သူမ ပထမဆုံးတွေ့ဖူးတဲ့ မြန်မာတွေပါ။ အဲဒီ့မြို့ကအပြန် သူမက သူ့ဘူတာရုံရဲ့ဧည့်မှတ်တမ်းမှာ ချရေးပြီး ဇွန်တို့နှစ်ယောက်ဆီက မြန်မာလို မင်္ဂလာပါနဲ့ ပြန်တော့မယ် ဆိုတာကို သင်ယူရေးမှတ်ခဲ့လို့ ဇွန်တို့နှစ်ယောက် သိပ်ကိုပီတိဖြစ်ခဲ့ဖူးပါတယ်။

အင်္ဂလိပ်စာတတ်ရင် ကမ္ဘာပတ်လို့ရပြီလို့ ထင်ခဲ့ပေမယ့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ အစရှိတဲ့ နိုင်ငံတွေ သွားတဲ့အခါ အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းနဲ့ communicate မလုပ်နိုင်တော့နိုင်ပါဘူး။ သူတို့ဘာသာစကား အနည်းငယ်တတ်ထားမှ ပြောဆိုဆက်ဆံရ အဆင်ပြေတာပါ။ ဇွန်တွေ့ဖူးတဲ့ ပြင်သစ်၊ ဂျာမန်နဲ့ ဂရိတွေဟာ အင်္ဂလိပ်စာကို အထင်မကြီးတာထက် သူတို့မှာ သူတို့လူမျိုးရဲ့ကိုယ်ပိုင်စာ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုရှိတာကို လက်မထောင် ဂုဏ်ယူတတ်ကြတဲ့ လူမျိုးတွေပါ။ အဲလိုတွေ ကြုံတွေ့ရပြီးတဲ့နောက်ပိုင်း ဇွန်တစ်ယောက် ကိုယ်ပိုင်စာ၊ စကား၊ ယဉ်ကျေးမှုရှိတဲ့ နိုင်ငံသူတစ်ယောက်အဖြစ် သိသိသာသာ ဂုဏ်ယူတတ်သွားပါတယ်။ မြန်မာစာကိုလည်း ပိုလေးစား ချစ်ခင်သွားပါတယ်။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာ မကျွမ်းကျင်တာ သိမ်ငယ်စရာမဟုတ်ပေမယ့် မြန်မာစာမတတ်ရင် အခြားကိုယ်ပိုင်ဘာသာစကားတတ်တဲ့ လူမျိုးတွေနဲ့ယှဉ်လိုက်တဲ့အခါ အထင်သေးစရာ ဖြစ်တတ်ပါတယ်။

(၃)

အခုနောက်ပိုင်း မျိုးဆက်သစ်တော်တော်များများက နိုင်ငံရပ်ခြားမှာ ကြီးပြင်း အခြေချတာဖြစ်လို့ မြန်မာစာနဲ့ စကားကို တဖြည်းဖြည်း ကင်းဝေးလာကြတာ မျက်စိရှေ့မှာပဲ နေ့စဉ်နဲ့အမျှ မြင်နေရပါတယ်။ ဇွန်တို့ မျိုးဆက်မှာတင် နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေနဲ့ အိမ်ထောင်ကျသူတွေ အတော်များနေပါပြီ။ မိဘနှစ်ပါးစုံ မြန်မာစစ်စစ် ဖြစ်တာတောင်မှ မြန်မာလိုမပြော၊ မြန်မာစာမတတ်တဲ့ ကလေးတွေ များများလာတာ၊ အဖေ၊ အမေ တစ်ဦးတစ်ယောက်က နိုင်ငံခြားသားဖြစ်နေပြီဆို မြန်မာလို ပြောဖြစ်၊ မြန်မာစာ တတ်ဖြစ်ဖို့ အခွင့်အရေးက သိပ်ကိုနည်းသွားပါပြီ။ 

မြန်မာစာ မတတ်တော့ရော ဘာဖြစ်လဲ။ ဒီကလေးတွေ မြန်မာပြည်မှာ ပြန်နေမှာလည်း မဟုတ်။ သူတို့ဘ၀နဲ့ အသားကျနေတဲ့ နိုင်ငံရပ်ခြားမှာပဲ တစ်အိုးတစ်အိမ် ထူထောင်သွားကြမှာ။ မြန်မာစာ သင်၊ တတ်လို့လည်း အပိုပါပဲ….လို့ တွေးကြတဲ့ မိဘတွေ ခုချိန်မှာ ရာခိုင်နှုန်း အတန်အသင့်ရှိနေပါပြီ။ ဟုတ်ပါတယ်… တစ်ဦးတစ်ယောက် မတတ်ရင် ဘာမှ ဖြစ်မသွားနိုင်ပေမယ့် တစ်ယောက်ကနေတစ်ရာ၊ တစ်ရာကနေ တစ်ထောင်၊ တစ်ထောင်ကနေ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း ဖြစ်လာတဲ့အခါ မြန်မာစကား ပျောက်ကွယ်သွားတော့မှာပါ။  စကားပျောက်ကွယ်သွားရင် စာပေလည်းပျောက်ကွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံ အားလုံးပျောက်ကွယ်သွားပါပြီ။

တရုတ်လူမျိုးတွေကို သိပ်ချီးကျူးပါတယ်။ သူတို့ ဘယ်နေရာရောက်ရောက်၊ ဘယ်နိုင်ငံကို ရွှေ့ပြောင်းရွှေ့ပြောင်း တရုတ်စာကို သင်ရပါတယ်။ ဇွန်တက်ခဲ့တဲ့ အထက်တန်းကျောင်း အမှတ် ၂ လသာက တရုတ်တန်းနယ်မြေမှာ ရှိတာမို့ ကျောင်းမှာ တရုတ်လူမျိုးကျောင်းသူတွေ တော်တော်များပါတယ်။ သူတို့က ကျောင်းလည်းတက်၊ ဆိုင်ရှိသူတွေက အိမ်ရဲ့ စီးပွားရေးမှာလည်း ၀င်ကူ၊ ကျူရှင်လည်း ယူတဲ့အပြင် တရုတ်စာကိုလည်း သင်ရပါသေးတယ်။ ဒါပေမဲ့ တရုတ်စာပါသင်နေရလို့ သူတို့ဆီက  စိတ်ပျက် ညည်းညူသံ တစ်ခါမှ မကြားရပါဘူး။ တရုတ်လူမျိုးဖြစ်ပြီး တရုတ်စာမတတ်ရင် ရှက်စရာကောင်းတယ်လို့ သူတို့ခံယူထားတဲ့အတွက် အပင်ပန်းခံပြီး တရုတ်စာကို တစ်တန်းပြီးတစ်တန်း ရအောင်သင်တာပါ။ 

အမေရိကန်ပြည်ပေါက် ဟောလီးဝုဒ်မင်းသမီး လူစီးလျူးက တရုတ်လူမျိုး အမေရိကန်နိုင်ငံသူဖြစ်ပေမယ့် တရုတ်စာ တတ်ပါတယ်။ စာတွေသင်ရင်းကနေ တရုတ်ပြည်ကို ချစ်မြတ်နိုးစိတ်တွေပေါ်လို့ ဘေဂျင်းထိအရောက်သွားပြီ ကျောင်းတက်ခဲ့ပါတယ်။ တရုတ်လူမျိုးတွေ ကိုယ့်စာစကားကို အလေးထား၊ အပင်ပန်းခံပြီး သင်ယူခဲ့လို့လည်း ခုနေခါ ကမ္ဘာမှာ တရုတ်စာဟာ အင်္ဂလိပ်စာပြီးနောက် အရေးပါတဲ့ ဘာသာစကားတစ်ခု ဖြစ်လာတာပါ။

အိန္ဒိယလူမျိုးတွေလည်း ရောက်တဲ့အရပ်မှာ သူတို့စာ၊ စကား သင်ကြားရတာပါပဲ။ ဂျပန်လူမျိုးတွေဟာလည်း သူတို့စာစကားကို သိပ်ပြီးမြှင့်တင်တဲ့ လူမျိုးတွေပါ။ ဇွန်တို့မြန်မာတွေက သိပ်ပြီး flexible ဖြစ်လွန်းလို့လားတော့မသိ၊ ရောက်တဲ့အရပ်မှာ မြန်မာစာကို အလွယ်တကူ မေ့လိုက်နိုင်ပါတယ်။ စင်္ကာပူလို မြန်မာနိုင်ငံနဲ့လည်း မဝေးလှတဲ့၊ ဘယ်နေရာသွားသွား မြန်မာလူမျိုးတွေ အလွယ်တကူ တွေ့မြင်နိုင်တဲ့၊ မြန်မာစကား ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံ ကြားနာခွင့်ရတဲ့၊ မြန်မာ ဘုန်းကြီးကျောင်း ၁၂ ကျောင်းရှိပြီး ကျောင်းတစ်ဝက်လောက်က မြန်မာစာ သင်ပေးတဲ့ နိုင်ငံမျိုးမှာ ကြီးပြင်းရတဲ့ မြန်မာကလေးတွေတောင် မြန်မာစာ သိပ်ကို အားနည်းနေပါပြီ။ 

(၄)

ဒီမှာကျောင်းတက်တုန်းက ဇွန့်သူငယ်ချင်း အင်ဒိုနီးရှားတရုတ်မလေးတစ်ယောက်က ဘာသာစကား ၅ မျိုး တတ်ပါတယ်။ အင်ဒိုနီးရှန်းမို့ ဘဟာဆာ အင်ဒိုနီးရှားဘာသာစကား တတ်ပါတယ်။ အင်္ဂလိပ်လို ကျွမ်းကျင်တယ်။ တရုတ်လူမျိုးမို့ မန်ဒရင်းဘာသာစကားလည်း တတ်တဲ့အပြင် သူတို့အိမ်သုံး တရုတ် dialect တစ်ခုလည်း တတ်ပါသေးတယ်။ နောက် ဘဟာဆာနဲ့ မာလာယု မလေးစာက ဆင်လို့ မလေးလိုလည်း နားလည်ပါတယ်။ ဒါကြောင့် သူကျောင်းပြီးတာနဲ့ စင်္ကာပူလို ဘာသာစကားတစ်မျိုးထက် ပိုသုံးတဲ့နိုင်ငံမှာ အလုပ်ချက်ခြင်းရပါတယ်။

ဘာသာစကားနှစ်မျိုးတတ်တဲ့သူဟာ တစ်မျိုးတတ်တဲ့သူထက် ပိုသာပါတယ်။ သုံးမျိုးတတ်သူက နှစ်မျိုးတတ်တဲ့သူထက် ပိုသာတယ်။ ဘာသာစကားပိုတတ်မြောက်လေ တတ်မြောက်သူအတွက် အကျိုးရှိလေပါပဲ။ ခုဆို စင်္ကာပူမှာ မွေးပြီး ကြီးပြင်းတဲ့ မြန်မာကလေးတွေ အင်္ဂလိပ်စာနဲ့ တရုတ်စာတတ်သွားတာ သူတို့လေးတွေအတွက် သိပ်ကောင်းပါတယ်။ မြန်မာမို့လို့ မြန်မာစာလည်း တတ်ထားရင်လည်း ပိုမကောင်းဘူးလား။ မြန်မာစာတတ်တဲ့အတွက် ဘယ်သူကမှ မကဲ့ရဲ့ မရှုံ့ချပါဘူး။ ကိုယ့်လူမျိုး၊ မိဘဘိုးဘေးရဲ့ စာစကားတတ်မြောက်ထားတာ ဂုဏ်ယူစရာပါ။ တစ်ချိန်ချိန်မှာ အသုံးချခွင့် မကြုံဘူးရယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ 

ကလေးငယ်လေ ဘာသာစကားစွမ်းရည် တတ်မြောက်ဖို့ ပိုမြန်လေပါပဲ။ အသက် ၃နှစ်ကနေ ၁၂ နှစ်အထိ သင်ကြားသမျှ ဘာသာစကားတိုင်းကို သူတို့ဦးနှောက်က absorb လုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း စလုံးကလေးတွေ အင်္ဂလိပ်စာ၊ မန်ဒရင်းနဲ့ သူတို့အိမ်သုံး တရုတ် ဒိုင်ယာလက်ခ် နောက်ထပ်တစ်မျိုးမျိုးကို အသာလေး ပြောဆိုတတ်နေတာပါ။ မြန်မာကလေးတွေက အင်္ဂလိပ်စာနဲ့တရုတ်စာ ၂မျိုးတတ်သွားပေမယ့် မြန်မာစာ ပြတ်ကျန်ခဲ့တာ များပါတယ်။ အိမ်က ၀ိုင်းဝန်းပံ့ပိုးပြီး ဂရုတစိုက် သင်ကြားပေးနိုင်တဲ့ ကလေးတွေမှာသာ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တာ တွေ့ရပါတယ်။ အိမ်မှာလည်း မြန်မာစာနဲ့ အမြဲထိတွေ့မှုရှိနေအောင် မြန်မာလို ပြောဆိုဆက်ဆံပေးဖို့ လိုအပ်ပါတယ်။

(၅)

ပြီးခဲ့တဲ့လက စာပေဟောပြောပွဲမှာ မြန်မာစာအားနည်းသွားတဲ့ မျိုးဆက်သစ်တွေအကြောင်းနဲ့ ပတ်သက်ပြီး ဆရာအောင်သင်းကို မေးတော့ ဆရာက သိပ်များများ မပြောပါဘူး။ ခပ်တိုတိုပဲ ပြန်ဖြေပါတယ်။ သားသမီးကို အဆုံးရှုံးခံမလားတဲ့။  ဒါက မိဘတွေရဲ့ ရွေးချယ်မှုအပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ သားသမီးတွေ မိခင်ဘာသာစကား မတတ်ရင် လူမျိုး၊ ဘာသာ၊ နိုင်ငံပျောက်တာက နောက်မှ။ မိဘတွေက သားသမီးတွေကို လက်လွှတ်ဆုံးရှုံးရမှာက အရင်ပါ။

ဇွန့်အသိထဲမှာကို တွေ့ဖူးပါတယ်။ အိမ်မှာ မိဘက ကလေးကို မြန်မာလိုပြောပေမယ့် ကလေးက အင်္ဂလိပ်လိုပဲ ပြန်ပြောတယ်။ နားတော့လည်တယ်။ ပြန်မပြောဘူး။ အဲဒါလွန်ခဲ့တဲ့ ၁၀နှစ်က တွေ့ဖူးတဲ့ ကလေးပါ။ အခု အဲဒီကလေးလည်း ကြီးနေပြီ။ မြန်မာလိုလည်း မပြောတတ်တော့ပါဘူး၊ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးလည်း နွေးထွေးမှုမရှိတော့ဘဲ ကလေးက သူယုံကြည်ရာဘာသာကိုးကွယ်ပြီး တစ်ဂိုဏ်းသက်သက် ဖြစ်သွားပါတယ်။ ဒါတွေက သူ့အမေကိုယ်တိုင် ဇွန့်ကို ပြောပြလို့ သိရတာပါ။ သူ့သူငယ်ချင်းရဲ့ သမီးလေးလည်း အဲလိုပါပဲ။ မြန်မာစာစကားနဲ့ အလှမ်းဝေးရာကနေ ဘာသာတရားနဲ့ပါ အလှမ်းဝေးပြီး ဘာသာခြားဖြစ်သွားလို့ ဘာသာတရား ကိုင်းရှိုင်းတဲ့အမေက မျက်ရည်ကျပြီး စိတ်ဆင်းရဲခဲ့ရပါတယ်။

ဇွန်တို့ မြန်မာလူမျိုးအများစုက ဗုဒ္ဓဘာသာဝင်တွေပါ။ မြန်မာစာ၊ စကားတတ်မှသာ ဘုရားစာတွေရဲ့ အနက်အဓိပ္ပာယ်ကို ကျကျနန ရှင်းပြပေးလို့ရတယ်။ ပီပီသသ ရွတ်ဆိုနိုင်ဖို့ သင်ပေးလို့ရမှာပါ။ ဇာတ်ကြီးဆယ်ဘွဲ့တို့၊ ဗုဒ္ဓ၀င်စာပေတို့ဆိုသာလည်း မြန်မာစာ၊ စကား တတ်မှသာ ဖတ်နိုင်၊ လေ့လာနိုင်၊ လူကြီးတွေပြောပြတာကို နားထောင်မှတ်သားနိုင်မှာပါ။

တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ကို အသွားအပြန်နဲ့ စာသင်ချိန် စုစုပေါင်း ၆နာရီခွဲ အချိန်ပေးပြီး လုပ်အားပေးသွားတဲ့ ဇွန့်ရည်ရွယ်ချက်က ကလေးတွေကို မြန်မာစာတတ်စေချင်ရုံ ဆန္ဒထက် ပိုပါတယ်။ စာထဲကတစ်ဆင့် ကလေးတွေကို မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေအကြောင်း ပြောပြခွင့်ရတယ်။ မြန်မာနိုင်ငံကို ရင်းနှီးအောင်၊ မြန်မာစာကို မြန်မာလူမျိုးရဲ့ ကိုယ်ပိုင်စာပေရယ်လို့ ချစ်မြတ်နိုးတတ်အောင် သင်ပေးခွင့်လည်းရတဲ့အပြင် မြန်မာဖတ်စာ တွေထဲကနေပဲ လိမ္မာယဉ်ကျေးမှုရှိအောင် သွန်သင်ဆုံးမခွင့်လည်း ရလို့ပါ။ 

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို ဖေးမပေးရမယ်ဆိုတာတွေအားလုံး စာထဲမှာပါပါတယ်။ အဲ့ဒီ့ထက်ပိုပြီး ဘုရားရှိခိုးတွေလည်း ရွတ်ဆိုတတ်သွားမယ်။ ဘာသာတရားနဲ့ပတ်သက်တဲ့ အခြေခံပါ တစ်ခါတည်း ရသွားပါတယ်။ စာတစ်ခုတည်းကနေရလာမယ့် အကျိုးဆက်တွေ အများကြီးပါ။ မြန်မာစာသင်နေတဲ့ ကလေးတစ်ယောက်ဟာ မြန်မာစာနဲ့ မရင်းနှီးတဲ့ ကလေးတစ်ယောက်ထက်ပိုပြီး  မြန်မာပြည်အပေါ် ရင်နှီးခင်တွယ်စိတ်ရှိတာကိုလည်း သိသိသာသာ တွေ့ရပါတယ်။ အဲဒါတွေကြောင့်ပဲ ဇွန်ဟာ တနင်္ဂနွေနေ့ဆို သူများတွေလို အိမ်မှာအနားယူချင်၊ စာရေးစာဖတ်ချင်၊ အင်တာနက်ပေါ် တက်ချင်ပေမယ့် ကိုယ့်အားလပ်ချိန်မှာ ကိုယ်စွမ်းနိုင်သလောက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  အခမဲ့လုပ်အားပေး သွားနေတာပါ။

(၆)

ဆရာကြီး မင်းသုဝဏ်ရဲ့ မြစ်ကလေးက နောက်နှစ်ပတ်မြောက်မှာ ကျောင်းကို ပြန်ရောက်လာပါတယ်။ ဒီတစ်ခါတော့ သူ့ကို ကျောင်းအပ်လက်ခံလိုက်ရပါတယ်။ သူ့ကို မြန်မာစာတတ်မြောက်စေချင်တဲ့ အဓိကပုဂ္ဂိုလ်နှစ်ဦးက အဘိုးနဲ့အဘွားပါ။ ဒီနေရာမှာ မိဘတွေရဲ့ ဆန္ဒက သိပ်မထင်ရှားပါဘူး။ သူကလေးမှာ အစ်မတစ်ယောက် ရှိပါသေးတယ်။ သူလေးကလည်း မြန်မာစကားကို နားတော့လည်တယ် ဒါပေမယ့် နဲနဲပဲ ပြောတတ်ပါတော့တယ်။ တကယ်တော့ ဒီကလေး ကျောင်းကိုပြန်ရောက်လာတာဟာ မြန်မာစာကို တတ်ချင်လွန်းလို့ လာတာထက် သူက တရုတ်စာကို လုံးဝစိတ်မ၀င်စား၊ မသင်ချင်တာကြောင့် GCE ‘O’ Level က Second Language မှာ မြန်မာစာယူပြီး ဖြေလို့ရတဲ့အတွက် မြန်မာစာကိုပဲ ယူတော့မယ်လို့ ဆုံးဖြတ်ပြီး လာသင်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အင်း… ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဆရာကြီးမင်းသုဝဏ်ရဲ့မျိုးဆက် မြန်မာကလေးတစ်ယောက် မြန်မာစာကို ဒုတိယ ဘာသာရပ်အနေနဲ့ သင်ယူဖို့ ဆုံးဖြတ်လိုက်တာ ၀မ်းသာစရာပဲပေါ့။

ဒါပေမယ့်… ရေမြေခြားကို ပြောင်းရွှေ့အခြေချပြီး ကမ္ဘာအနှံ့အပြားမှာ ရောက်ရှိနေထိုင်ကြတဲ့၊ ခံယူချက် သဘောတရားတွေ ပြောင်းလဲနေတဲ့ မြန်မာမိဘတွေရဲ့ နောက်မျိုးဆက်လက်ထက်မှာ 
 မှေးမှိန်ပျောက်ကွယ်တော့မယ် မြန်မာစာနဲ့ စကားအတွက် ဇွန်တစ်ယောက် စိုးရိမ်နေမိပါတယ်။


ဇွန်မိုးစက်

Comments ( 25 )

မြန်မာတိုင်းမြန်မာစကားကို တန်ဖိုးထားတတ်ကြပါစေ လို့  ဆုတောင်းပါတယ်။

အား .. အများကြီးရေးပြီး ဘယ်ရောက်သွားလဲမသိဘူး ..း(

လူကြီးတွေအပေါ် အဓိက မူတည်ပါတယ် .. ကလေးတွေကို လမ်းညွှန်ပြသပေးနိုင်မယ့် မိဘတွေ အနေနဲ့ သတိပြုရမှာပါ ..

ဗုဒ္ဓရဲ့ တရားတွေကို သိချင် တတ်ချင်လွန်းလို့ မြန်မာစာကို အခြေခံကစ သင်နေတဲ့ နိုင်ငံခြားသားတွေ ရှိနေတယ်ဆိုတာ သတိရပြီး ကိုယ့်ဘာသာ ကိုယ့်စကားအတွက် ဂုဏ်ယူတတ်ကြပါစေ ..

ဇွန် ပြောတာတွေကို နားလည်မိတယ်။

မှန်တာပြောရရင် ဘာသာစကားနဲ့ ပတ်သတ်လို့ ဇွန့်လို မတွေးဖူးပါဘူး။ ဒီရောက်နေတဲ့ ကလေးတွေနဲ့ မိခင်ဘာသာ စသဖြင့်... အဲဒီအကြောင်းအရာနဲ့ ပတ်သတ်လို့ စိတ်ဝင်စားမိပေမယ့် သိပ်အလေးအနက်မရှိဘူး ပြောရမယ်ထင်တယ်။

ဒီရောက်ပြီးနောက်ပိုင်းမှာ ဗမာစာ/စကားနဲ့ နိုင်ငံခြားရောက် မိသားစုတွေအကြောင်း ဖတ်မိ သိလာတဲ့အခါ စိတ်ထဲမှာ ခွဲခြားလိုက်မိတာ ၂ မျိုးရှိတယ်။

တစ်မျိုးက ဗမာစာကို မလိုပါဘူး၊ အထင်မကြီးပါဘူး ဆိုတဲ့တစ်မျိုး။

နောက်တစ်မျိုးက ကလေးတွေကို သင်စေ တတ်စေချင်ရက်နဲ့ အကြောင်းအမျိုးမျိုးကြောင့်ပါ ဆိုတဲ့တစ်မျိုး။ ၂ မျိုးလုံးကိုတော့ ကောင်းသည် ဆိုးသည် မဝေဖန်ချင်ပါဘူး။ မှတ်ချက်လောက်ပဲ ချမိတယ်။

မလိုပါဘူး အထင်မကြီးပါဘူးဆိုတဲ့ တစ်မျိုးကိုတော့ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းကြရမှာမို့ ပြောစရာ စကားမရှိပေမယ့်... (ရလဒ်ကို လတ်တလောကာလတိုအတွက် ကာယကံရှင်တွေကလွဲလို့ ဘယ်သူကမှ တိုက်ရိုက် မခံစားရဘူးလေ)

သင်စေ တတ်စေချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပါဆိုတဲ့ နောက်တစ်မျိုးကိုတော့ နေရာအနှံ့ကို ရောက်နေတဲ့ တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးတွေလောက် မစွမ်းဆောင်နိုင်ဘူးလို့ပဲ အစင်းဆုံး တွေးမိတယ်။

အိမ်မှာ အတူနေတဲ့ တရုတ်လူမျိုးမိန်းကလေး နှစ်ယောက်ရှိတယ်။ တောင်ကြီး နဲ့ ရန်ကုန်က။ တယောက်က ကိုယ်နဲ့ တနှစ်လောက်ပဲကွာပြီး တယောက်က ၂၇ လောက်။ သူတို့ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်။ သူတို့ ဒီမှာ အလုပ်လုပ်တဲ့အခါ သူများထက် ခေါင်းတလုံးပိုသာတာ အမှန်ပဲ။

သူတို့ဘာသာစကားကို ခပ်ငယ်ငယ် စသင်တဲ့အချိန်မှာ တရုတ်စာကို အသုံးချပြီး စင်ကာပူလို နေရာမျိုးမှာ သူများထက်သာရကောင်းရဲ့လို့ သူတို့မိဘတွေအနေနဲ့ တွေးမိလို့ သင်စေခဲ့တာ မဖြစ်နိုင်ဘူးဆိုတာ သေချာတယ်။

ဒီတော့ ဗမာတွေဟာ တရုတ်/ အိန္ဒိယတွေလောက် ဒီဘက်မှာ မစွမ်းဆောင်နိုင်ဘူးလို့ပဲ မှတ်ချက်ချရတော့မှာပေါ့။

နောက်မှတ်ချက်တစ်ခုကတော့ ကိုယ့်စိတ်ထဲက အထင်ပါ။

ကိုယ့်ကလေး ဗမာစကား မကျွမ်းကျင်တာကို ဂုဏ်မယူနိုင်တဲ့ မိဘတွေလည်း ရှိကောင်းရှိမှာဖြစ်ပေမယ့်၊ အဲဒါကိုမှ ဂုဏ်လုပ်နေတတ်တဲ့ မိဘတွေလည်းရှိတယ်လို့ ထင်မိတယ်။ မှန်/မှား/ကောင်း/ဆိုး ဆိုတာထက် အဲဒီနေရာမှာ ကိုယ့်ကလေး ဘာလုပ်လုပ် မိဘတွေရဲ့ ချစ်ခင် အပြစ်မမြင် ဂုဏ်ယူချင်တဲ့ အခြေခံစိတ်သဘော လို့တော့ နားလည်မိတယ်။

ဒါပေမဲ့ ကြာလာတော့ ဒါကိုက ဂုဏ်တုဂုဏ်ပြိုင်လုပ်ရတဲ့ စတိုင်တမျိုးဖြစ်သွားပြန်ရောနေမယ်။ =)

***
နောက်တခု မှန်တာထပ်ပြောရရင် အကြောင်းအရာရင်းထက် ဇွန် ကလေးတွေကို စာသင်ပေးဖြစ်ရတဲ့ ခံယူချက်ကို ပိုစိတ်ဝင်စားမိပါတယ်။ =)

ဘာပြောရမှန်းမသိအောင် ဝမ်းနည်းမိတာပဲ သိတယ်။ သူ့အဘေးက ဒါမို့ သူလည်း မမှီတောင် ဒီလောက်ဖြစ်ဖို့မကောင်းဘူးလို့ မမြင်သင့်ပေမယ့်၊ မြင်ခွင့်မရှိပေမယ့် ဝမ်းနည်းမိတဲ့ စိတ်ကိုတော့ မဖျောက်နိုင်ဘူး။

JJ

ဒီလိုကလေးတွေ အများကြီးရှိပေမယ့် ကလေးရဲ့အဘေးက ဘယ်သူ ဘယ်ဝါမှန်းသိလိုက်ရတော့ ဟာခနဲဖြစ်သွားတယ်။ ဖြစ်မှဖြစ်ရလေဗျာ။ ကျနော့်မှာလည်း ILBC တက်နေတဲ့ တူလေးတွေရှိတယ်၊ ဒါပေမဲ့ အိမ်ကဗမာလိုရော၊ တရုတ်လိုရော ပြောကြလို့ထင်တယ်၊ ဗမာစကား တရုတ်စကားကို ချောချောရှူရှူတတ်ကြပါတယ်၊ အင်္ဂလိပ်လိုတော့ ကျောင်းမှာပဲ ပြောကြတယ်။

ဆရာကြီးနာမည်ကိုတော့တိုကိရိုက်ကြိးမထည့်စေချင်ပါ.သွယ်ဝိုက်ရေးလျှင် လည်း လိုရင်းးကိုရောက်ပါသည်။ ပေးလိုသော message သည် အဓိကဖြစ်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ILBC တက်တာ ကောင်းတယ် မကောင်းဘူး ဒီတလော ပြောဖြစ်နေသေးတာ သူငယ်ချင်းတစ်ချို့နဲ့။

ကိုယ့်အမြင်က နိုင်ငံခြား ပို့ချင်တဲ့ ကိုယ့်ဦးလေးတစ်ယောက်ကို မြန်မာကျောင်း ၈ တန်းအထိထား ၉ တန်း ၁၀ တန်း ၂ နှစ်စာကို GCE O ဖေဖြို့လုပ်လို့ တိုက်တွန်းခဲ့ဖူးတာ

အင်းးးး ဘာပြောရမှန်းတောင် မသိတော့ဘူး ဇွန်ရေ...။ အဓိကက ဘယ်သူ့ကလေး မြေးမြစ်ပဲ ဖြစ်နေပါစေ မြန်မာမျိုးဆက်တိုင်း မြန်မာစကား/ စာ တတ်စေချင်မိတာ အမှန်ပဲ။ ဖြစ်တတ်/ ဖြစ်လေ့ရှိပါတယ်။ အနီးကပ် မိဘဖြစ်သူတွေမှာ တာဝန် ရှိတယ်လို့ မြင်ပါတယ်။ အိမ်မှာ ကလေးကို မြန်မာလို ပြောကို ပြောပေးရမှာ.. .မြန်မာရုပ်ပြလေးတွေ ကလေးနဲ့ သင့်တော်မဲ့ စာလေးတွေ ပေးဖတ်ရမှာ....။ ဟူးးးးးးရင်မောလိုက်တာ....

မြန်မာလိုတတ်ဖို့လဲအရေးကြီးတယ်ဆိုတာဖတ်ရတော့ ဝမ်းသာမိပါတယ်။ အခမဲ့သင်တန်းသွားပေးနေတဲ့ဇွန်ကိုလဲ ကျေးဇူးတင်ပါတယ်။

မဇွန်ရေ
ဆရာကြီး ဦးအောင်သင်း အဲ့နေ့ကဖြေသွားတဲ့ နောက်ဆုံးစကားလေးက မြန်မာဖြစ်ပြီးမှ မြန်မာ့ကျက်သရေတုံးချင်တယ် ဆိုရင်တော့ မင်းတို့သဘောပဲကွာ... ဆိုတာလေ။
မဇွန် စာသွားသင်ပေးနေတဲ့ ကုသိုလ်ကို သာဓု ခေါ်ပါတယ်။

ဆရာကြီးရဲ့နံမယ်ကိုသုံးလိုက်တဲ့ဇွန်ရဲ့ ရည်ရွယ်ချက်ကိုသိသလိုလိုပါ
ဒါပေမဲ့ စင်ကာပူမှာ ဆရာကြီးရဲ့မိသားစုဝင်တွေအများကြီးရှိကြပါတယ်
သူတို့သိရင်ဘယ်လိုများနေမလဲစဉ်းစားမိပါတယ်
ဒီကလေးမြန်မာလိုမပြောတတ်ပေမဲ့ မြန်မာနံမယ်တော့ရှိမယ်ထင်ပါရဲ့
မြန်မာနံမယ်တောင်မှမရှိတော့တဲ့ ဆရာကြီးရဲ့မျိုးဆက်သစ်လေးတွေရှိပါတယ်ဆိုရင်......
ဇာတိပုညဂုဏ်မာနဆိုတဲ့စကားနဲ့ ကမ္ဘာရွာ ဆိုတဲ့စကားကို ချိန်ထိုးစဉ်းစားမိတာအမှန်ပါ

မမရေ....

ဘာတွေညာတွေ၊ ဘယ်သူဘယ်ဝါ့သားသမီးမြေးမြစ်တွေစတာတွေကိုပြောမနေတော့ပါဘူး။

ဂျင်းရဲ့ခံယူချက်ကတော့ ဘယ်နိုင်ငံပဲရောက်နေနေ၊ ဘာကြီးပဲဖြစ်နေနေ မြန်မာကမွေးတဲ့သူဟာ မြန်မာသွေးပါနေပြီ။ မြန်မာ့မျိုးဆက်ဖြစ်နေပြီကိုဖြစ်တဲ့အတွက် မြန်မာစာ မြန်မာစကားကို (အကျွမ်းကျင်ကြီးမဟုတ်ရင်တောင်မှ) တတ်ကိုတတ်သင့်တယ်လို့ကို ထင်မိပါတယ်။ မိဘတွေအနေနဲ့ကလည်း ဘာညာဆိုတဲ့ ဆင်ခြေတွေပေးနေမယ့်အစား မိမိတို့ အမျိုးဘာသာစာပေယဉ်ကျေးမှုမပျောက်အောင် မိမိတို့မှာလည်းတာဝန်ရှိပါလားဆိုတဲ့ အခြေခံအသိတရားလေးလောက်တော့ ထားကြစေချင်တယ်။ ကြုံတုန်း ၀င်ပွားလိုက်တာ...။ :)


ချစ်တဲ့
ဂျင်း

အခုလို ဇွန်ရေးလိုက်တာ အင်မတန် ကောင်းပါတယ်။ မျိုးဆက်သစ်တွေ ဖြစ်ပျက်နေတာတွေအားလုံးဟာ မိဘတွေရဲ့ ခံယူချက်တွေက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောပြနေပါတယ်။

ကျွန်တော်တို့ မြန်မာတွေ တလွဲဆံပင်ကောင်းဖြစ်နေတာတွေကို ကိုယ်ပိုင်စဉ်းစားဥာဏ်သုံးပြီး ပြင်စေချင်မိပါတယ်။

သားသမီးဆိုးနေတာကို ဂုဏ်ယူပြောတာတွေ၊ မြန်မာစာ မပြောတတ်မဆိုတတ်တာကို ပညာတတ်ကြီးထင်နေတာတွေကို ဖျောက်သင့်နေပါပြီ။

:) ပြုံးသွားပါတယ်

ဒီပို့စ်လေးကို ဖတ်ပြီး ကျွန်တော့်စိတ်ထဲ သဘောမကျတာလေးတွေ ပြောချင်ပါတယ်။

၁) ကျွန်တော်တို့ တရုတ်စာ၊ အင်္ဂလိပ်စာ စတဲ့ တခြားဘာသာတွေ သင်တုန်းက နကန်းတစ်လုံးမှ မသိဘဲ အဲဒီကျောင်းတွေကို သွားတက်ခဲ့တာပါ။ အဲဒီတုန်းက ဆရာ၊ ဆရာမတွေက အိမ်က အဖေ၊ အမေဆီမှာ အဖြစ်ရှိအောင် ပြန်သင်လာခဲ့ပါဦး လို့မပြောခဲ့ပါဘူး။ စာသင်ကျောင်းဆိုတာ စာမတတ်တဲ့သူကို သင်ပေးရတာ မဟုတ်ဘူးလားဗျာ။

၂) ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သားက သူ့အဖေလို နာမည်သိပ်မကြီးလိုက်ပါဘူး။ ဒါနဲ့ပဲ ဂီတလောကကြီး ပျက်စီးနေပြီလို့ ပြောတာလေးကတော့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်နေပြီ လို့ အော်လိုက်သလိုမျိုး ခံစားမိပါတယ်။

၃) ကျွန်တော့်အမြင် ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာ မွေးလာလို့ ဒီစာ၊ စကားကို ရင်းနှီးခဲ့၊ ဖတ်ခဲ့၊ ပြောဆို ခဲ့ရသူတွေပါ။ ကျွန်တော့်အမြင်ကတော့ မြန်မာစာ တတ်လို့ ဘယ်မှာမှာ အသုံးမကျပါဘူး။ (ပွင့်ပွင့်လင်းလင်းပြောတာပါ။) ကိုယ့်လူမျိုး၊ ကိုယ်ပိုင် ဘာသာစကားရှိတယ်ဆိုတာ ချပြရုံ (ကြွားနိုင်ရုံ) ထက်ပိုပြီး ဘာမှ မရှိဘူးလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက် ဖြစ်ပါတယ်။

အရာရာတိုင်းဟာ နှိုင်းရသဘောဆောင်ပါတယ်။ ကျွန်တော်က အထင်မကြီးတဲ့အရာကို တစ်ခြားတစ်ယောက်က အထင်ကြီးချင်ကြီးပါမယ်။ ကြီးလို့ရပါတယ်။ ဒါက ပုဂ္ဂလိက လွတ်လပ်ခွင့်ပါ။ ကျွန်တော် မလုပ်နိုင်တဲ့ အရာကို တစ်ခြားတစ်ယောက်ယောက်က လုပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီမြန်မာဘာသာဆိုတဲ့ အရာကို ကိုယ်က ကျွမ်းကျင်ပိုင်နိုင်တိုင်း တခြားသူကို မတတ်ရကောင်းလားဆိုပြီး မြင်တာကိုတော့ ကျွန်တော် သဘောမကျပါဘူး။ (ပွင့်ပွင့်လင်းလင်း ပြောတာပါ)

မြန်မာစာ တိုးတက်နေတယ်၊ ဆုတ်ယုတ်နေတယ်ဆိုတာ တိုင်းတာတဲ့သူရဲ့ ခံယူချက်နဲ့ ဆိုင်ပါလိမ့်မယ်။

ကျွန်တော့်အမြင်ထဲ မရှင်းတာလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောတာပါ။ စာရေးသူရဲ့ စိုးရိမ်နေစိတ်ကလေးကို သရော်သလို ဖြစ်သွားရင်တော့ ဒါဟာလည်း အမြင်မတူတာပဲလို့ လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်။

ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်

@ကိုဟန်သစ်ငြိမ်... ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိတဲ့အတိုင်း ချရေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုဟန်သစ်ငြိမ် မကျေနပ်ချက် နံပါတ် ၁ အချက်နဲ့ ပတ်သက်ပြီးတော့ပဲ ပြောပြချင်တာပါ။ မှန်ပါတယ်... စာသင်ကျောင်းဆိုတာ မသိနားမလည် မတတ်သေးတဲ့ ကလေးတွေကို သင်ပေးရတဲ့နေရာပါ။ ဇွန်တို့အခုကျောင်းက ဘုန်းကြီးရဲ့ ခွင့်ပြုချက်နဲ့ တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ကို စာသင်ချိန်၃နာရီ (မုန့်စားချိန် နာရီဝက်နှုတ်လိုက်ရင်) ၂နာရီခွဲနဲ့ သင်ရတာပါ။ တကယ့်ကျောင်းတွေလို တစ်ပတ်၅ရက်နှုန်းနဲ့ သင်ခွင့်မရပါဘူး။ ဒါကြောင့် ရသလောက်အချိန်နာရီအတွင်းမှာ စာသွားနှုန်းပိုထိရောက်မှုရှိဖို့အတွက် မြန်မာလိုပြောဆိုဆက်ဆံနိုင်တဲ့ ကလေးတွေကို ကျောင်းအပ်လက်ခံရခြင်းပါ။ မြန်မာပြည်မှာ သူငယ်တန်း စတက်ပြီးဆိုတာနဲ့ ကလေးအားလုံးဟာ စကားအထိုက်အလျောက် ပြောဆိုတတ်ပြီမို့ ဆရာတွေက ကလေးအားလုံးကို တပြေးညီ အတန်းလိုက် သင်ကြားပေးနိုင်ပါတယ်။
ဇွန်တို့ လုပ်အားပေးကျောင်းမှာ ကလေးတွေက စာမေးပွဲရှိလို့ မလာနိုင်တဲ့အခါ၊ ဘုန်းကြီးကျောင်းက အလှူရက်တွေရှိလို့ ပိတ်ပေးရတဲ့အခါမျိုးတွေရှိတော့ ကလေးတစ်ယောက်နဲ့တစ်ယောက် ရောက်ရှိသင်ကြားနေတဲ့ သင်ခန်းစာတွေကလည်း မတူပါဘူး။ လုပ်အားပေးဆရာမဦးရေ အားနည်းတဲ့အချိန်ဆို ဆရာမတစ်ယောက်တည်းက မတူညီတဲ့ သင်ခန်းစာတစ်ခုစီအတွက် ကလေးငယ် ၄၊၅၊၆ ယောက်ကို တပြိုင်နက်တည်း သင်ပေးလို့ မရပါဘူး။ တစ်ယောက်ချင်းစီ သင်ပေးရတာပါ။
မြန်မာလို မတတ်တဲ့ကလေးကျတော့ သူ့အတွက် သူများထက်ပိုပြီး အချိန်ပေးရပါတယ်။ အဲ့ဒီအတွက် တခြားကလေးတွေအတွက် အချိန်နည်းသွားပါတယ်။ အားလုံးကို အချိန်မျှမျှတတနဲ့ သင်ပေးချင်ပါတယ်။ ဒီလိုအခက်အခဲလေးတွေရှိတဲ့အတွက် မြန်မာစကားတတ်ထားရင် ကျောင်းသားအတွက်ရော ဆရာအတွက်ပါ ပိုအဆင်ပြေလို့ ဒီစည်းကမ်းချက်ကို ရှေ့က အတွေ့အကြုံရှိ ဆရာမကြီးများက ထည့်သွင်းထားခြင်းပါ။
ဒီအချက်အတွက် ကိုဟန်သစ်ငြိမ် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။
ကျန်တဲ့အချက်တွေကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံ၊ ခံစားချက်၊ အမြင်သဘောထားနဲ့သာ သက်ဆိုင်တာမို့ ဇွန့်ဘာမှ ထပ်ပြောစရာ မရှိပါဘူး။

အချိန်ယူပြီး လာဖတ်ပေးသွားကြတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

အမ..
ညီမ ကတော့
စကားလုံးအကြီးကြီးတွေ သုံးတာတော့ မဟုတ်ပါဖူး..
မြန်မာလူမျိုး၊ မြန်မာစာ၊ မြန်မာ ဓလေ့ ထုံးစံ၊ မြန်မာယဉ်ကျေးမှုတွေ ကိုချစ်တယ် ..
မြန်မာ့ဓလေ့ နဲ့ မြန်မာ့ ယဉ်ကျေးမှု ရဲ့ အနှစ်သာရ နက်နက်ရှိုင်းရှိုင်း ကို မြန်မာစာ တွေ ထဲမှာ ပဲတွေ့နိုင်မယ် ထင်တယ် ... ..
မြန်မာတယောက် မြန်မာစာ မတတ် တာ ကိုယ့်အဖေ ဘယ်သူလဲ မသိသလို ... ဖြစ်နေတယ် ... အမေကျော်လို့ ဒွေးတော် လွမ်း ... သလိုပဲ... ကိုဟန်သစ်ငြိမ်းရဲ့ နံပါတ် ၁ အချက် အခြေအနေ နဲ့ နေရာဒေသ မတူပါဖူး .... ၂ အချက် ကတော့ ဇော်ဝင်းထွဋ် ရဲ့ နေရာ နဲ့ ဆရာမင်းသုဝဏ်နဲ့ နေရာ သူတို့ ၂ ယောက် ရဲ့ စိတ်ဓာတ် ... မြန်မာ ပြည်သူပြည်သားတွေ အပေါ် မှာ ထားတဲ့ စိတ်စေတနာ ခံယူချက် .. အရမ်း ကို မိုးနဲ့ မြေလို ကွာ ပါတယ် ... လုံးဝ နှိုင်းယှဉ် လို့ မတန် ပါဖူး (ရိုင်းရင် ခွင့်လွှတ်ပါ.. ဇော်ဝင်းထွဋ် ဘာကောင်မို့ လဲ .. သူမှာ ဘာအထင်ကြီးစရာ ရှိလို့ လဲ ကိုယ့် အဖိုးရဲ့ သီချင်းတောင် နားထောင်ဖူး ကြားဖူးလူမဟုတ်ဖူး) မိုးနဲ့ မြေ၊ ဆီနဲ့ ရေပါ ............
၃ အချက် ကတော့ အမရဲ့ ပို့စ်ထဲမှာလဲ ပါသွားပါပြီ .. အဲဒါ ကတော့ စကားပျောက်ကွယ်သွားရင် စာပေလည်းပျောက်ကွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံ အားလုံးပျောက်ကွယ်သွားပါပြီ... နောက်တစ်ခု က မြန်မာ စကား တွေ ဟာ အလွန် ကို အဓိပ္ပါယ် ပြည့်ဝနေပါတယ် ....ါ ဆရာတော် အရှင်ဆေကိန္ဒဟောတဲ့တရားတွေ ထဲ မှာ တရားဟောရင် မြန်မာ စကားတွေ ရဲ့ အဓိပ္ပါယ်လေးတွေကြားညှပ်ပြီး ထည့်ရှင်းပြသွားလေးတွေ နာဖူးပါတယ် အရမ်း ကို ကောင်းလှပါတယ် ..... ...

မြန်မာ လူမျိုး မြန်မာစာ မတတ် တာ အပြစ်တင် တာ ဟာ အလွန် သဘာဝကျတဲ့ အပြစ်တင်တဲ့အရာ ပါ... ကိုဟန်သစ်ငြိမ်း အပြော အရ..တချိန် က မြန်မာစာသည် ငါတို့ စာ .. မြန်မာစကားသည် ငါတို့စကားဆိုပြီး ကြွေးကြော်သံတွေ နဲ့ မြန်မာ ပြည် မြန်မာ စာ ကို ယနေ့အထိ ဆက်လက် တည်တံ့ အောင် လုပ်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ ဘိုးဘွားတွေ ကို စော်ကားနေသလို ဖြစ်နေတယ်.. ကျွန်မတို့ မြန်မာ စကားပုံတွေ အများကြီး ပါ.... အဲဒီ ထဲက တစ်ခု ကတော့ သံကိုသံဖျက် သံချေးတက် တဲ့..
ကိုဟန်သစ်ငြိမ်း ကတော့ သံကို သံဖျက် သံချေးတတ် လုပ်နေပါပြီ... အဲလို လူတွေ နည်းသထက် နည်းပါစေ... လို့ ပဲဆုတောင်းရတော့ မှာ ပဲ .....
I m just reader ......

အမ..
ညီမ ကတော့
စကားလုံးအကြီးကြီးတွေ သုံးတာတော့ မဟုတ်ပါဖူး..
မြန်မာလူမျိုး၊ မြန်မာစာ၊ မြန်မာ ဓလေ့ ထုံးစံ၊ မြန်မာယဉ်ကျေးမှုတွေ ကိုချစ်တယ် ..
မြန်မာ့ဓလေ့ နဲ့ မြန်မာ့ ယဉ်ကျေးမှု ရဲ့ အနှစ်သာရ နက်နက်ရှိုင်းရှိုင်း ကို မြန်မာစာ တွေ ထဲမှာ ပဲတွေ့နိုင်မယ် ထင်တယ် ... ..
မြန်မာတယောက် မြန်မာစာ မတတ် တာ ကိုယ့်အဖေ ဘယ်သူလဲ မသိသလို ... ဖြစ်နေတယ် ... အမေကျော်လို့ ဒွေးတော် လွမ်း ... သလိုပဲ... ကိုဟန်သစ်ငြိမ်းရဲ့ နံပါတ် ၁ အချက် အခြေအနေ နဲ့ နေရာဒေသ မတူပါဖူး .... ၂ အချက် ကတော့ ဇော်ဝင်းထွဋ် ရဲ့ နေရာ နဲ့ ဆရာမင်းသုဝဏ်နဲ့ နေရာ သူတို့ ၂ ယောက် ရဲ့ စိတ်ဓာတ် ... မြန်မာ ပြည်သူပြည်သားတွေ အပေါ် မှာ ထားတဲ့ စိတ်စေတနာ ခံယူချက် .. အရမ်း ကို မိုးနဲ့ မြေလို ကွာ ပါတယ် ... လုံးဝ နှိုင်းယှဉ် လို့ မတန် ပါဖူး (ရိုင်းရင် ခွင့်လွှတ်ပါ.. ဇော်ဝင်းထွဋ် ဘာကောင်မို့ လဲ .. သူမှာ ဘာအထင်ကြီးစရာ ရှိလို့ လဲ ကိုယ့် အဖိုးရဲ့ သီချင်းတောင် နားထောင်ဖူး ကြားဖူးလူမဟုတ်ဖူး) မိုးနဲ့ မြေ၊ ဆီနဲ့ ရေပါ ............
၃ အချက် ကတော့ အမရဲ့ ပို့စ်ထဲမှာလဲ ပါသွားပါပြီ .. အဲဒါ ကတော့ စကားပျောက်ကွယ်သွားရင် စာပေလည်းပျောက်ကွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံ အားလုံးပျောက်ကွယ်သွားပါပြီ... နောက်တစ်ခု က မြန်မာ စကား တွေ ဟာ အလွန် ကို အဓိပ္ပါယ် ပြည့်ဝနေပါတယ် ....ါ ဆရာတော် အရှင်ဆေကိန္ဒဟောတဲ့တရားတွေ ထဲ မှာ တရားဟောရင် မြန်မာ စကားတွေ ရဲ့ အဓိပ္ပါယ်လေးတွေကြားညှပ်ပြီး ထည့်ရှင်းပြသွားလေးတွေ နာဖူးပါတယ် အရမ်း ကို ကောင်းလှပါတယ် ..... ...

မြန်မာ လူမျိုး မြန်မာစာ မတတ် တာ အပြစ်တင် တာ ဟာ အလွန် သဘာဝကျတဲ့ အပြစ်တင်တဲ့အရာ ပါ... ကိုဟန်သစ်ငြိမ်း အပြော အရ..တချိန် က မြန်မာစာသည် ငါတို့ စာ .. မြန်မာစကားသည် ငါတို့စကားဆိုပြီး ကြွေးကြော်သံတွေ နဲ့ မြန်မာ ပြည် မြန်မာ စာ ကို ယနေ့အထိ ဆက်လက် တည်တံ့ အောင် လုပ်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ ဘိုးဘွားတွေ ကို စော်ကားနေသလို ဖြစ်နေတယ်.. ကျွန်မတို့ မြန်မာ စကားပုံတွေ အများကြီး ပါ.... အဲဒီ ထဲက တစ်ခု ကတော့ သံကိုသံဖျက် သံချေးတက် တဲ့..
ကိုဟန်သစ်ငြိမ်း ကတော့ သံကို သံဖျက် သံချေးတတ် လုပ်နေပါပြီ... အဲလို လူတွေ နည်းသထက် နည်းပါစေ... လို့ ပဲဆုတောင်းရတော့ မှာ ပဲ .....
I m just reader ......

မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာစာတတ်ကိုတတ်ရပါ မယ်။ ကိုယ်တွေ့ တစ်ခုအနေနဲ့  ရန်ကုန်မှာ ကြုံဖူးတာက ပြင်သစ်သူ တစ်ယောက် UFL မှာ မြန်မာစာလာသင်ပါတယ် သူ့ ကိုမြန်မာစာ လွယ်လား လို့ မေးကြည့်တော့ အရမ်းခက်တယ်တဲ့။ အဲဒီအချိန်မှာ ကိုယ့်အတွေးက မရင့်ကျက်သေးဘူး။ ကိုယ်တိုင်englishဘာသာကနေ မြန်မာဘာသာပြန်ဆို တော့မှ အများနားလည်အောင် ရေးဖို့ ဆိုတာ တော်တော် ခက်ခဲကြောင်းတွေ့ ရပါတယ်။ အဲဒီအချိန်မှာ ပြင်သစ်သူရဲ့ စကားကို အမှတ်ရစေပါတယ်။ မြန်မာစာရဲ့ လေးနက်ပုံကိုလည်း ချစ်လာတယ်။ မြန်မာလူမျိုးဖြစ်တဲ့အတွက် ဘယ်နိုင်ငံ ပဲ ရောက်ရောက် မြန်မာဟာမြန်မာပဲပေါ့ ရှက်စရာ မရှိဘူးလို့ ထင်ပါတယ်။

ကာလံ ဒေသံ နဲ့ အညီ နေရမယ်လို့ အဆို ရှိ သလားလို့...
Just my two cent's worth!
m

ဇွန့်ရဲ့ ဒီပို့စ်ကို အရမ်းနှစ်သက်သဘောကျတယ်။ ဒါ့ကြောင့်လဲ အမသားကို မြန်မာစာ ဖတ်တတ်အောင် ကြိုစားတယ်။ အရေးမှာတော့ သူက အားနည်းနေတယ်။ ဖတ်တတ်တာလေးနဲ့တော့ ကျေနပ်ရတာပေါ့လေ။

အမခင်မင်းဇော်

someone above made a point that the author is assuming the future of myanmar people's language and culture is degrading just because Sir Min Thu Wun's great grandson cannot speak myanmar. as i read thorough the post more than twice critically, i didn't find such point implied by the author. it's only how the reader interprets what the author's message could be. another point he made is by suggesting that fluency of myanmar language is of no use except as a fact to show off that we have own language and culture. this point is not wrong but it sounds very funny when all readers read and understood what he's trying to describe, which was all written in myanmar as a communication medium. if one thinks a language he was raised up with is useless, then why is he making comments in that language? does he think people reading this blog cannot understand the english he can use? think about any myanmars who are raised up with myanmar language. no matter how they are strong in english and can communicate with it in all four skills, can anyone make a thought in their head in 'english'? when we are hungry, our mind thinks "bite sar lite tar" and words alike. nobody pronounces "damn..i'm sooo hungry!" in the head. now who says myanmar language is useless at least for our brain's thinking mechanism? in short, my point is that a language is a weapon or a tool to communicate with different people all over the world. knowing or being fluent in a language(whether native or international) is NEVER useless. even singaporeans here who don't have a precise native language (even though they are boosting 4 official languages) like to claim their distorted english language as 'singlish' and proud to speak that way. we, myanmars, are way left behind in using correct and formal english language just by imitating this poorly arrogant singlish accent. i never met any indian or chinese who tries to imitate singlish accent. they just use thier racially biased english tone and they are comfortable as well as working fine with it. and now it's time to consider whether myanmar language is not useful or we are too passive and easily influenced by a foreign culture or language.

ညီမလေးေ၇ သိပ်ကောင်းတဲ့ပို့ စ် လေးပါ၊ အမ သမီးလေးက ၉နှစ်ပါ။ primary 3 တက်နေပါတယ်။ သမီးလေးကို မြန်မာစာ မြန်မာစကား မတတ်မှာ အ၇မ်းစိုး၇ိမ်မိတယ်။ ၇သမျှအချိန်လေးကို မြန်မာစာသင်ပေးပါတယ်။ ခုဆို ပထမတန်းစာကိုေ၇းတတ်ဖတ်တတ်နေပါပြီ။ ညီမလေး၇ဲ့ ပို့ စ်လေးဖတ်ခွင့်၇တာ ကျေးဇူးတင်ပါတယ်။

Burmese,are,still being conservative,even when they live in abroad.
What's the big deal? If they ever think on global scale. Parent can try to get exposure of native culture and language,it is not an impossible task.
And if the child grows up,and he has properly trained,balanced kind of education,he will probably try to find his/her roots. It also depend on the place where the child is raised,thus it is said above 'proper,balanced education'. Get your children Liberal education instead of forcing them to lawyers,surgeons or engineers.
Again,why don’t anyone even dare to point out the root of all evil,rulers destroying everything systematically. In SayaGyi Min Thu Won's time,they build the nation,in his great grandson's time the whole thing got destroyed and sold.