ဒိုမိန်း

Category: ,

တလောက blogspot မှာ error တက်ပြီး ဘလော့ဂ်ထဲ ၀င်မရတဲ့အခါ၊ ကော်မန့်တွေဖတ်မရတဲ့အခါ စိတ်ပူပင်ပြီး ဒိုမိန်းဝယ်ပြောင်းလိုက်ရင်ကောင်းမလား စဉ်းစားပြောဆိုနေကြတဲ့ သူငယ်ချင်းရောင်းရင်း ဘလော့ဂါမောင်နှမတွေရဲ့ မှတ်ချက်တွေ ဖဘမှာ မြင်လိုက်ရလို့ ဒီပို့စ်လေး ရေးမိပါတယ်။

ဇွန်တို့ မြန်မာတွေ ဒိုမိန်းနာမည်ယူတဲ့အခါ ဒေါ့ကွမ်း “.com” ကို ယူသုံးကြတာ တော်တော်များများ တွေ့ရပေမယ့် .com ရဲ့ အဓိပ္ပာယ်ဘာလဲဆိုတာ စူးစမ်းသိရှိကြတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ domain name extension ရဲ့ အတိုကောက် တစ်ခုစီတိုင်းမှာ သူ့အဓိပ္ပာယ် သတ်မှတ်ချက်ကိုယ်စီ ရှိပါတယ်။ com ဆိုတာ commercial ရဲ့ အတိုကောက်ပါ။ အကျိုးအမြတ် စီးပွားကို ရည်ရွယ်တဲ့ လုပ်ငန်းရှင် website များအတွက် domain extension ဖြစ်ပါတယ်။ .info ကတော့ လူတိုင်းသိလွယ်တဲ့ information ကိုရည်ညွှန်းတာပါ။ .net ကျတော့ network ရဲ့အတိုကောက် extension ဖြစ်ပြီး .org ဆိုရင် အသင်းအဖွဲ့ကို ကိုယ်စားပြုတဲ့ organization ကို ရည်ညွှန်းတာပါ။

တကယ်လို့ ကိုယ့် website ဟာ အကျိုးအမြတ်စီးပွားကိုလည်း မရည်ရွယ်ဘူး၊ ၀ါသနာအရ ရေးသားတင်ပြတဲ့၊ သတင်းအချက်အလက်ပေးတဲ့ website မျိုးဆိုရင် .com ကို မသုံးရပါဘူး။ blogspot ကနေ migrate လုပ်သွားတဲ့ domain extension တော်တော်များများ .com ကို ပြောင်းသုံးတာ တွေ့ရတဲ့အခါ သုံးစွဲသူကိုယ်တိုင်ရော၊ .com ကိုလက်ဆောင်ပေးတဲ့သူပါ 'com' ရဲ့အဓိပ္ပာယ်ကို ကျကျနန မသိလို့ပဲ ဖြစ်မှာပါလို့ မှတ်ယူလိုက်ပါတယ်။ 

Twilight ဖန်တီးရှင် Stephenie Meyer တို့လို နာမည်ကြီး စာရေးဆရာတွေရဲ့ website, 'www.stepheniemeyer.com' လိုမျိုးကျတော့ သူတို့ရေးခဲ့၊ ထွက်ခဲ့တဲ့ စာတွေတင်ထားရုံသာမက သူတို့ရဲ့ နောက်ထွက်မယ့် စာအုပ်အသစ်ကိုပါ  website မှာ တစ်ခါတည်း promote လုပ်၊ order လက်ခံပြီး စာအုပ်ပါ ရောင်းကြတာမို့ .com ကို သုံးစွဲကြတာပါ။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကဏ္ဍအလိုက် ဒိုမိန်းအမည်နာမ သုံးစွဲကြပုံလေးတွေလည်း ကွာခြားတတ်ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ကျောင်း website တွေမှာ Education ရဲ့ အတိုကောက် ‘edu’ ကို သုံးစွဲပြီး၊ ယူကေနိုင်ငံရဲ့ ပညာရေး website တွေမှာတော့ Academic ရဲ့အတိုကောက် ‘ac’ လို့ သုံးစွဲတာကို တွေ့ရပါတယ်။ ဥပမာ - www.ntu.edu.sg နဲ့ www.nottingham.ac.uk ။ ၀န်ကြီးဌာနနဲ့ အစိုးရသုံး website တွေမှာတော့ domain name နောက်က extension မှာ Government အတိုကောက် ‘gov’၊ အဲ့ဒီနောက်မှာမှ နိုင်ငံအမည် .sg, .uk လိုက်တာကို သတိပြုမိကြမှာပါ။ www.moh.gov.sg (MOH - Ministry of Health) နဲ့ www.dh.gov.uk (DH - Department of Health) လိုမျိုး website တွေပေါ့။

.com, .net, .info, .org, .travel တွေက လူသုံးအများဆုံး international domain extension တွေ ဖြစ်ကြပြီး၊  .im (Instant Messaging), .com.im, .net.im, .tv တို့ကျတော့ co-brand domain name ဖြစ်သွားပါတယ်။

Domain name ၀ယ်ယူသုံးစွဲတဲ့အခါ domain extension ရဲ့ အခြေခံအဓိပ္ပာယ်လေးတွေကို သဘောပေါက်ထားရင် ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုက်ညီမယ့် domain name ကို ရွေးချယ်သုံးစွဲနိုင်ပြီပေါ့ရှင်။ 


ဇွန်မိုးစက်

Comments ( 9 )

ဒီပိုစ့်လေးအတွက် ကျေးဇူး ညီမဇွန်...
အမလည်း .com ရဲ့ အဓိပ္ပာယ်ကို လွန်ခဲ့တဲ့ တလ လောက်ကမှ သိတယ်... ကိုကြီးကို သူများတွေ .com ပြောင်းတဲ့အကြောင်း ပြောမိလို့ သူ ရှင်းပြတာ... ခွိ...

ဗဟုသုတရစေတဲ့ ပိုစ့်လေးပါ။ ကျေးဇူးတင်ပါတယ်။

မမ..တစ်ခါပြောပြထားဖူးလို့ ဂျင်းနည်းနည်းတော့သိတယ်။ အခုတော့ ပိုပြီး ပြည့်ပြည့်စုံစုံသိသွားပြီ။ ကျေးဇူးမမ....။ :)

ချစ်တဲ့
ဂျင်း

ကျွန်တော်ကတော့ ကိုယ်ရေးတာလေးတွေ ရောင်းစားရအောင် .com ယူထားလိုက်တာပါ... ဟားဟား...

တကယ်တော့ လူအများ မှတ်ရလွယ်အောင်ပေးထားတာပါ။

ကျနော်ကတော့ ဒေါ့နက်ပါ အစက ဂိုဂယ်နဲ့ နည်းနည်းကေ့စ် တက်သွားလို့ ဒေါ့ကွန်း ပြောင်းလိုက်ရတယ် အမှန်မှာတော့ ဒေါ့ကွန်းကိုပဲ အများစုက စွဲနေတယ် ဂိုဂယ်မှာ ရှာရင်လည်း ဒေါ့ကွန်းကိုပဲ ရိုက်ရှာ တတ်ကြတော့ . . ဘလော့သမားတွေကလည်း ရှာရလွယ်အောင် မှတ်ရလွယ်အောင် ဒေါ့ကွန် ကို ပဲ သုံးကြတာပါ . . တကယ့်ဆိုရင် ဒေါ့နက်ကတော့ ဘလော့သမားတွေအတွက် အသင့်တော်ဆုံး ဒိုမိန်းပါပဲ

အမ ဘလော့စပေါ့ ဒေါ့ကွန်း စလုပ်ကတည်းက ရှာ ဖတ်မိတယ်။ ပြောရရင် ဒေါ့ကွန်းက ပိုပြီး reader friendly ဖြစ်လို့ ရွေးလိုက်တာ၊ search engineကနေ ရှာရလည်း လွယ်တယ်လေ

ဘယ်သူပြောနိုင်မလဲနော် ချစ်ကြည်အေးဒေါ့ကွန်း ကော်မာရှယ် ဖြစ်မလာဘူးလို့....ဟဟဟဟ :)))

ဟုတ်တယ်၊
ကိုယ်လည်း နောက်ထပ် ပညာရပ်ဆိုင်ရာ ၀က်ဒ်ဆိုဒ်လုပ်မယ်ဆိုတုန်းက ရှာဖူးတယ်၊
မြန်မာပြည်အတွက် အဓိကထား လုပ်ချင်တာမို့ .com ရွေးရင် ကောင်းမလားလို့ လုပ်သေးတယ်၊ အဓိပ္ပါယ်အသေအချာ မသိကြပေမယ့် .com ဆိုရင် ရှာရလွယ်မယ်ထင်လို့လေ၊
နောက်တော့ .info ကိုပဲ ရွေးဖြစ်ပါတယ်၊
လက်ဆောင်ရထားတဲ့ ဒိုမိန်းတောင် apyonepan.com ဖြစ်နေတယ်။

အပြုံးပန်း

သဉ္ဇာ့အမြင်တော့ main hosting က blogspot ဆိုတော့ blogspot error တက်တယ်ဆိုရင် ဒိုမိန်းပြောင်းထားတဲ့သူရော မပြောင်းထားတဲ့သူရော အတူတူ ခံရမှာ။ ဒိုမိန်းက နဂို blogspot address ကို redirect လုပ်ပေးရုံဘဲလေ..
သဉ္ဇာတော့ ဒေါ့မီ .me သုံးတယ်။ သူက မွန်တီနီဂရို နိုင်ငံအတွက် သတ်မှတ်ပေးထားတဲ့ ဒိုမိန်းပေမယ့် Facebook က www.fb.me ဝယ်ထားတာ တွေ့တာနဲ့ www.thinzaroo.me ဝယ်လိုက်တာ။ :)

မလေး က ဒေါ့ကွန်း ကို ပိုကြိုက်လို့ ရွှေးလိုက်တယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ဒေါ့ကွန်း ဆိုတဲ့ နာမယ်လေး ကြိုက်တာ...

တစ်နေ့ကျ စာအုပ်တွေ ပန်းချီတွေ ပန်းပုတွေ ရောင်းစားမယ်.. အဟွန်း