အချစ်သည်...

Category: ,

(၁)

ဝေသည် အိပ်ရာထက်မှနေ၍ မျက်နှာကျက်ကို မော့ကြည့်နေရင်း ဝေ့၀ဲလာသော မျက်ရည်တို့ ပါးပြင်ပေါ်လိမ့်မဆင်းရလေအောင် မျက်တောင်ကို တဖျတ်ဖျတ် ခတ်လိုက်သည်။ အတွေးတို့က ဟိုတစ်စ..ဒီတစ်စ…ပျံ့လွင့်နေသည်။ 

“နင့်ကို ငါပြောစရာရှိတယ်၊ ညကျရင် ဖုန်းခေါ်လိုက်မယ်” နေ့လည်က လမ်းထိပ်မှာ ဇော်နှင့်တွေ့စဉ် စက်ဘီးပေါ်မှနေ၍ သူမကို လှမ်းပြောသွားခဲ့ခြင်းဖြစ်သည်။ ဒီလိုပဲ…ဇော်တစ်ယောက်က အကြောင်းထူးရှိလည်းဆက်၊ မရှိလည်းဆက်နေကျမို့ ဝေ့အတွက် အထူးတဆန်းတော့ မဖြစ်လှ။ ဇော်နှင့်ဝေက မူလတန်းကတည်းက အတူတူကျောင်းသွား၊ အတူတူဆော့ကစားပြီး ကြီးပြင်းလာကြသူများမို့ တစ်ယောက်အကြောင်းတစ်ယောက် မညာနိုင်အောင်သိကာ ယောက်ျားလေး၊ မိန်းကလေး ခွဲခြားမနေဘဲ အခင်မင်အရင်းနှီးဆုံး သူငယ်ချင်း ခေါင်းစဉ်အောက်မှာ ဖြူစင်လှပသော သံယောဇဉ်တစ်စုံကို ချည်နှောင်ထားကြသူများဖြစ်သည်။

“ဝေ…ငါလေ ချစ်သူတွေ့နေပြီသိလား” ဒါကလည်း ရည်းစားတစ်ယောက်ရတိုင်း ဇော် ပြောနေကြ။
“ဟုတ်လား၊ ဒါက ဘယ်နှစ်ယောက်မြောက်လဲ”  ဝေက စိတ်ဝင်တစားရှိလိုဟန် မပြဘဲ ခပ်ရွတ်ရွတ်လေး ပြန်မေးလိုက်တော့ “ဒီတစ်ခါတော့ ဝေမှားပြီကွာ၊ သူက ငါ့ရဲ့ တစ်ဦးတည်းသော အချစ်စစ်ဗျ သိလား၊ အချစ်ကို ငါနားလည်တတ်ခဲ့ပြီ ဝေ၊ ငါ…သူ့အရင် ရည်းစား၃ယောက်ထားခဲ့ဖူးလို့ သူ့ကို ရည်းစားအနေနဲ့ နံပါတ် ၄လို့ နင်ပြောချင်ပြောနိုင်တယ်။ ဒါပေမဲ့ ချစ်သူအနေနဲ့ဆိုရင်တော့ သူက ငါ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံး တစ်ဦးတည်းသော ချစ်သူဖြစ်တာ သိပ်ကိုသေချာတယ် ဝေ၊ နင့်ကို ငါ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ အရင်ဆုံးပြောပြတာ။ ဟိုကောင်တွေကိုတောင် မပြောရသေးဘူး”

ဇော့်ရဲ့ တည်ငြိမ်လေးနက်တဲ့စကားသံတွေကြားမှာ ဝေတစ်ယောက် အံ့သြငြိမ်သက်စွာ နားထောင်နေမိသည်။ ငယ်ပေါင်းကြီးဖော်မို့ ဒီတစ်ခါ ဇော့်စကားသံရဲ့ အတိမ်အနက် ခံစားချက် အစစ်အမှန်ကို ဝေနားလည်လိုက်သည်။ အနည်းငယ် ထူးဆန်းစွာပင် ၀မ်းနည်းစိတ်မကောင်းဖြစ်ခြင်းက ဝေ့ရင်ထဲ လှိုက်ကနဲ ပေါ်လာသည်။ “အေးပါ…နင်တကယ် အချစ်ကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင် ငါဝမ်းသာရမှာပေါ့” ဝေက သူမရင်တွင်းဆန္ဒနှင့် ဆန့်ကျင်ပြီး ဇော့်ကို ပြန်ပြောလိုက်သည်။ နောက်ထပ် ဇော်ပြောပြသည့် သူ့အချစ်အကြောင်းတွေ ဝေ မကြားတစ်ချက်၊ ကြားတစ်ချက်။ ဇော်နှင့်ဖုန်းပြောပြီးသည့်အခါ သူမရင်တစ်ခုလုံး နွမ်းလျစွာ ကျန်ခဲ့သည်။ အရင်ကလည်း သူ့ရည်စားအကြောင်းတွေ ဝေ နားထောင်နေကျပါပဲ။ ဒီတစ်ခေါက်ကျမှ ဝေ့ရင့်ထဲမှာ စိုးရိမ်ပူပန်မှုတွေ မနာလိုဝန်တိုမှုတွေ ကြီးစိုးသွားတာ ဘာကြောင့်များပါလိမ့်…။

တကယ်ဆို… ဝေနှင့်ဇော်ကြားက ပိုင်းခြားထားသည့် အဖြူရောင်စည်းက ပါးပါးလေး။ အချစ်ဆိုသောအရာကို ခံစားသိလိုက်ချိန်တခဏမှာ ဝေ့နှလုံးသားက ၀မ်းနည်းနာကျင်စွာ၊ ဖြည်းနှေးလေးကွေးစွာဖြင့် တစ်စုံတစ်ရာကို တီးတိုးမြည်တမ်းလိုက်သည်။ “နင့် ကို ငါ ချစ် နေ တယ်… ဇော်”


(၂)
ချစ်သောဝေ…

နင်ထည့်လိုက်တဲ့စာ မနေ့ကပဲရတယ်။ နင် သိပ်ဝမ်းနည်းနေလား…။ ၀မ်းမနည်းပါနဲ့ဟာ။ ဇော့်ထက်ပိုချစ်ရတဲ့သူ နင်တစ်ချိန်ကျရင် တွေ့သွားမှာပါ။ နင်တို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက သံယောဇဉ်ရှိလာကြသူတွေဆိုတော့ နင်က အချစ်လို့ထင်ပြီး ၀မ်းနည်းသွားတာလည်း ဖြစ်နိုင်တယ်၊ နောက်ပြီး နင့်ထက်ပိုချစ်ရမယ့်သူ၊ ဂရုစိုက်ရမယ့်သူတွေ့သွားလို့ နင်က အချစ်ဆုံးမိန်းကလေးသူငယ်ချင်းတစ်ယောက်အနေနဲ့ ၀န်တိုမိတာလည်း ပါမှာပေါ့။ ငါသူ့ကိုချစ်နေတာ သေချာပါတယ်လို့ နင် ငါ့ကို ပြန်ပြောလာခဲ့မယ်ဆိုရင်လည်း နင့်ခံစားချက်ကို မြှုပ်နှံလိုက်ပါ သူငယ်ချင်းလို့ပဲ ငါပြောချင်တယ်။

ငါတို့တွေ အချစ်အကြောင်း နားလည်သင့်သလောက် နားလည်တဲ့အရွယ် ရောက်နေပြီဆိုပေမယ့် ငါထပ်ပြောချင်သေးတယ်။ မိန်းကလေးတစ်ယောက်အတွက် သူချစ်က ပိုကောင်းပါတယ် ဝေရယ်။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်ချစ်ရင်တော့ တစ်မျိုးပေါ့ဟာ။ အဲလိုမှ မဟုတ်ရင်တော့ ကိုယ့်ကိုယ်ကို အနာကျင်ခံပြီး သူချစ်အတွက် မခံစားစေချင်ဘူး။ နင့်အနေနဲ့ရော… ဇော်ရေ နင့်ကိုငါချစ်နေပါတယ်လို့ နင့်သိက္ခာအကျခံ၊ သူများအထင်မြင်သေးခံပြီး ပြောရဲတဲ့လူစားမျိုး မဟုတ်ဘူးဆိုတာ ငါသိတယ်။ နောက်ပြီး သူတကယ်ချစ်မြတ်နိုးတဲ့သူ တွေ့သွားတာလည်း နင်အသိဆုံးပဲ။ ဝေ… နင့်ရဲ့သူ့အပေါ်ထားရှိတဲ့ချစ်ခြင်းကို သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်မှုသစ္စာနဲ့ပဲ လှလှပပ ဖုံးကွယ်ဖျောက်ဖျက်လိုက်ပါနော်။ တစ်နေ့မှာ နင့်အပေါ် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်လာမယ့်သူ၊ နင်က ပြန်ချစ်ရမယ့်သူ တွေ့လာဦးမှာပါ သူငယ်ချင်း။

ငါလေ… တကယ်တော့ အောင့်ကို အဖြေပေးခဲ့တုန်းက ငါမချစ်တတ်ခဲ့သေးဘူး သိလား။ ငါချစ်တယ်ထင်လို့၊ ငါ့ဘ၀အတွက် လက်တွဲသင့်တယ်ထင်လို့သာ ဦးနှောက်နဲ့ ရွေးချယ်စဉ်းစားပြီး အဖြေပေးခဲ့တာ။ ငါတို့ရည်စားဖြစ်ပြီးနောက်ပိုင်း သူက ငါ့မျက်နှာတစ်ချက် အညိုးမခံဘဲ ဂရုစိုက်ခဲ့တယ်။ နောက်ပြီး… ငါတို့နှစ်ယောက်လုံးက မိဘဆွေမျိုးတွေနဲ့ခွဲပြီး နိုင်ငံရပ်ခြားမှာ အတူတူ ပညာသင်ရင်း ရုန်းကန်ကြရတော့ ငါဝမ်းနည်းအားငယ်တဲ့အချိန်၊ အိမ်ကိုလွမ်းတဲ့အချိန်၊ စာတွေမကျက်နိုင်လို့ စိတ်ပင်ပန်းတဲ့အချိန်တစ်လျှောက်လုံး သူငါ့ကို ဘေးကနေ အမျိုးမျိုးအားပေးပြီး စိတ်ဓာတ်မကျအောင် စောင့်ရှောက်ပေးခဲ့တာ။ ငါ့အပေါ်ထားတဲ့ သူ့မေတ္တာကို ခံစားမိပြီး သူ့အချစ်ကို တဖြည်းဖြည်း နားလည်လက်ခံလာတယ်၊ သူ့ကိုလည်း ငါတကယ်ပြန်ချစ်မိသွားတယ်။ အခုအချိန်မှာတော့ အောင်က သူချစ်ကနေ၊ ကိုယ်ချစ်သူချစ် အခြေအနေရောက်အောင် ပြောင်းလဲစွမ်းဆောင် နိုင်ခဲ့သူတစ်ဦးပေါ့ဟယ်။  

နင်လည်း တစ်ယောက်တည်း ၀မ်းနည်းပြီး ငိုမနေနဲ့နော်။ ငါနင့်ဆီ တစ်လတစ်ကြိမ်တော့ ဖုန်းဆက်ပါ့မယ်။ စာလည်း ထပ်ထည့်ဦးမှာပါ။ အရေးကြီးဆုံးက နင် ဇော့်အပေါ်ထားမိတဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ဇော်မရိပ်မိစေဖို့ပဲ။ ဒါနဲ့ နင် မိသော်နဲ့ရော တွေ့ဖြစ်သေးလား။ သူရော ရည်းစားတွေဘာတွေ ရနေပြီလား။ ငါသူ့ကို သတိရကြောင်း ပြောပေးပါ။ ငါတို့သုံးယောက် အထက်တန်းကျောင်းတုန်းက အတူတူပျော်ခဲ့တဲ့ နေ့ရက်တွေကို သတိရတယ်ဟာ။ နောက်နှစ်နွေရာသီကျောင်းပိတ်တဲ့အခါ ငါပြန်လာနိုင်ရင် လာခဲ့မယ်။ အဲဒီ့အခါကျရင် သော်နဲ့လည်း ဆုံရအောင်။

နင်ကျန်းမာရေး ဂရုစိုက်ဦးနော်။

ချစ်ခင်လွမ်းဆွတ်ခြင်းများစွာနဲ့
ထွဋ်ထွဋ်


(၃)

ကိုကိုသည် သော့်ဘ၀အတွက် လမ်းပြကြယ်တစ်စင်းဖြစ်ခဲ့သည်။

စာတော်သော၊ အ၀တ်အစားကို သပ်ရပ်သန့်ရှင်းစွာ ၀တ်ဆင်တတ်သော၊ ဘာလုပ်လုပ် စေ့စပ်သေချာသော၊ ဆုံးဖြတ်ချက် ပြတ်သားသော၊ အရပ်မြင့်မားသော၊ ဘာသာတရား ရိုသေကိုင်းရှိုင်းသောကိုကို့ကို အထင်ကြီးလေးစားစိတ်နှင့် သော် ငယ်ငယ်ကတည်းက ချစ်ခင်တွယ်တာခဲ့ရသည်။ သော့်ဘ၀တွင် ကိုကိုတစ်ယောက်တည်းကိုသာ စွဲမြဲစွာချစ်ခဲ့သည်။ ကိုကိုကလွဲ၍ ဘယ်ယောက်ျားလေးအပေါ်မှ စိတ်မကစားခဲ့၊ စိတ်မ၀င်စားခဲ့။ ခြံခြင်းကပ်ရပ်မှာနေသော ကိုကိုက သော့်ကိုချစ်ကြောင်း တစ်ခါမှဖွင့်ဟမပြောခဲ့။ သော့်အပေါ် ညီမလေးတစ်ယောက်ထက်ပိုသော သံယောဇဉ်ရှိတာတော့ သေချာသည်ဟု သော်ခံစားမိသည်။

စာလုပ်ရမှာပျင်းသော၊ ကစားမက်သော သော့်ကို စာကြိုးစားချင်စိတ်ပေါ်လာအောင် ကိုကိုက လူကြီးတစ်ယောက်လို အမြဲပြောဆိုဆုံးမလေ့ရှိသည့်အပြင် စာလည်း အတူလိုက်ကျက်ပေးသည်။ သော့်အပေါ် စိတ်ရှည်လက်ရှည်နှင့် ဂရုဏာထားပြီး သွန်သင်ညွှန်ပြခဲ့သည်မှာ ကိုကို။ သော် စွာတေးသမျှ သည်းခံပြီး အမြဲပြုံးရယ် ခွင့်လွှတ်တတ်သည်မှာလည်း ကိုကို။ သော် မှားနေကြောင်း သိလျှင်သိခြင်း ထောက်ပြဆုံးမ အမှန်ပြင်ပေးတတ်သည်မှာလည်း ကိုကို။ ကိုကို့ကို … သော် သိပ်ချစ်ပါသည်။ တကယ်လို့များ အဲဒီ့နေ့ကို သော်ကြိုသိမည်ဆိုလျှင် ကိုကို့ကိုချစ်ကြောင်း သော် ဖွင့်ပြောမိမည်လား။ သိပ်တော့ မသေချာပါ။ သေချာသည်ကတော့ ကိုကို့ရည်မှန်းချက်မပြည့်အောင် နည်းလမ်းသုံး၍ ပိတ်ပင်တားဆီးဖို့ သော် ကြိုးစားခဲ့လိမ့်မည်။

ကိုကိုဆယ်တန်းအောင်တုန်းက အဖြစ်အပျက်လေးကို သော်သတိရမိသည်။ ကိုကိုတို့နှစ် အမှတ်စာရင်းတွေထွက်တော့ ကိုကိုက ဆေးကျောင်းကို လွတ်လွတ်ကျွတ်ကျွတ်ဝင်သည်။ မိသားစုဆွေမျိုးနှင့်အများဖြစ်စေချင်သော ဆန္ဒကိုဆန့်ကျင်ပြီး စက်မှုတက္ကသိုလ်ပဲလျှောက်မည်ဟု ကိုကိုက ခိုင်မာသော ဆုံးဖြတ်ချက်ချသည်။ အဲဒီ့တုန်းက ကိုကို့ဘက်မှာ သော် အခိုင်အမာရပ်တည်ခဲ့သည်။ ကိုကို့ဆုံးဖြတ်နိုင်စွမ်းနဲ့ သတ္တိကို သော်က တိတ်တိတ်ကလေးကြိတ်ပြီး အားကျမိသည်။ သော်သာဆို ကိုကို့လို ဆုံးဖြတ်ချက်ချဖို့ သတ္တိရှိမှာမဟုတ်။ ကိုကို့ဘ၀အတွက် ကိုကိုကိုယ်တိုင်ရွေးချယ် လျှောက်လှမ်းမည့်လမ်းသည် ဘယ်တော့မှ မှားလိမ့်မည်မဟုတ်ဟု ထိုစဉ်ကတည်းက သော် ယုံကြည်ခဲ့သည်လေ။

ကိုကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်ရဲ့ နောက်ဆုံးနေ့စာမေးပွဲကို သွားမဖြေဖြစ်ခဲ့။ အိမ်ကိုလည်း ပြန်မလာခဲ့။ ကိုကိုပြန်မရောက်လာတော့ ကိုကို့မိဘ၊ မောင်နှမတွေရော၊ သော်တို့အိမ်ကပါ ၀ိုင်းဝန်းပြီး စိတ်ပူကြ၊ သောကဗျာပါဒတွေ များခဲ့ကြရသည်။ တကယ်တမ်း… ကိုကိုသည် မိမိကိုယ်ပိုင်ဆန္ဒဖြင့် လူဝတ်ကြောင်ကိုစွန့်ကာ ရဟန်းဘ၀သို့ အပြီးတိုင် ကူးပြောင်းသွားသည်ကို နောက်သုံးရက်အကြာမှာ သိခွင့်ရခဲ့သည်။ ကိုကို့မေမေက ၀မ်းနည်းဝမ်းသာ၊ ကိုကို့ဖေဖေက နှုတ်ဆိတ်စွာနှင့်ပင် ကိုကို့ဆန္ဒကို ခွင့်ပြုလိုက်ပြီး ကြည်ဖြူစွာပင် ပစ္စည်းလေးပါးဒါယကာ ခံခဲ့သည်။ သော်တစ်ယောက်သာ ၀မ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုကြွေးခဲ့သောရက်ပေါင်း အတော်ကြာသည်။ နောက်ပိုင်း သွေးအေးသွားမှ သေသေချာချာပြန်တွေးမိပြီး သော်ရှက်သွားသည်။ ကိုကို့ဆုံးဖြတ်ချက်တိုင်း မှန်ကန်သည်ဟု သော်ယုံကြည်ထောက်ခံခဲ့သည်။ အခုလည်း ဒီအတိုင်းပဲ ဖြစ်သင့်သည်။

ဒီလိုနှင့် သော်သည် ကိုကို့ဆုံးဖြတ်ချက်ကို ယုံကြည်ထောက်ခံဖို့ရာအတွက် ယခင်က စိတ်ဝင်စားမှု နည်းပါးခဲ့သော ဗုဒ္ဓတရားတော်များကို လေ့လာ ကျွမ်းဝင်ခဲ့လေသည်။

(၄) 

အချစ်သည်…

ဝေ၊ ထွဋ်ထွဋ်နှင့် သော်တို့သုံးဦး ပြန်ဆုံကြချိန်သည် နောင် ၅နှစ်အကြာ ရန်ကုန်မြို့တွင်းက အေးချမ်းဆိတ်ငြိမ်သော ကော်ဖီဆိုင်တစ်ဆိုင်မှာ ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူမတို့ သုံးယောက်လုံး အိမ်ထောင်မကျသေး။ ငယ်ငယ်က အကြောင်းတွေ ပြန်ပြောင်းတမ်းတရင်း ငယ်ကျိုးငယ်နာဖော်ကြ၊ စကြနောက်ကြသည်။ ပြီးတော့…. အချစ်အကြောင်း ရောက်သွားကြသည်။

ဝေက “မိထွဋ်… နင်အရင်ဆုံး ရည်းစားရပြီး ဘာလို့ခုထိ ယောက်ျားမယူသေးတာလဲ”

“အေးလေ… ဟုတ်ပ… လင်းစမ်းပါဦး” သော်က ထောက်ခံပြီး အကြောင်းပြချက်တောင်းသည်။

“အချစ်က အနေဝေးရင် မီးအေးသွားတဲ့ ချိတ်ပမာ အေးခဲသွားတတ်တယ်လို့ ဆိုရိုးရှိတာ ကြားဖူးတယ် မဟုတ်လား။ ငါ့ကိုယ်တွေ့ကျတော့ အချစ်ဟာ အနေမဝေးပေမယ့်လည်း အချိန်ကြာလာရင် အေးစက်သွားတတ်တဲ့အရာလို့ပဲ သတ်မှတ်လိုက်တယ်။ ဒီအချိန် ငါနဲ့အောင်ကြားမှာ အချစ်ဆိုတာထက် ချစ်ခဲ့ဖူးလို့ နှောင်တွယ်မိတဲ့ သံယောဇဉ်ပဲ ရှိတော့တာလို့ပြောရင် နင်တို့ယုံချင်မှယုံမှာ။ ဒါပေမဲ့ အဲဒါ… တကယ်ပဲ။ ငါတို့တွေ ကျောင်းပြီးလို့ ကိုယ်ပိုင်ဘ၀ကို settle ဖြစ်အောင် ကြိုးစားရင်းနဲ့ လက်ထပ်ဖို့ကို ရွှေ့ဆိုင်းလာလိုက်တာ ခုချိန်ထိပဲ။ ငါတို့နှစ်ယောက်ရဲ့ အချစ်ဟာ ဟိုးအရင်ကလို မနွေးထွေးတော့ဘူး။ သမီးရည်းစားသက်တမ်း သိပ်ကြာပြီး မယူဖြစ်ခဲ့ရင် အချစ်ကလည်း အထိုက်အလျောက် နောက်မှာကျန်ရစ်ခဲ့တယ်။ ဒါကြောင့် နင်တို့လည်း ရည်းစားထားရင် သိပ်အကြာကြီး မတွဲနဲ့။ ၃ နှစ်ကနေ ၅နှစ်လောက်ဆို တော်ပြီ။ ၅နှစ်ကျော်သွားရင် အချစ်က တစ်နည်းတစ်ဖုံနဲ့ အားလျော့ပြီး သွေးအေးသွားတတ်တယ်။ အဲဒါ… ငါ့ကိုယ်တွေ့အချစ်ပဲ” မိထွဋ်က ဆရာကြီးစတိုင်နဲ့ လက်ချာရိုက်အပြီး အသားညှပ် ပေါင်မုန့်တစ်ခုကို ကိုက်စားလိုက်သည်။

ဝေနှင့်သော် နှစ်ယောက်လုံးရဲ့ မျက်နှာမှာ စိတ်မကောင်းခြင်းတွေ အတိုင်းသား ပေါ်သွားသည်။ 

မိထွဋ်က “နင်တို့ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့။ အဲဒါ ငါတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူး၊ ဟိုက မယူဖြစ်သေးတဲ့ ငါ့သူငယ်ချင်းစုံတွဲတွေလည်း အဲလိုပဲ။ ငါ့ကိုပဲ မေးမနေကြနဲ့။ နင်တို့ကရော။ ဟို… မိဝေ… နင်က ဘယ်တော့ကျွေးမှာလဲ။”

“သိပ်မလိုတော့ပါဘူး… နောက်နှစ်ထဲလောက် ဖြစ်မယ်ထင်တယ်” ဝေက ရှက်ပြုံးဖြင့် ဖြေသည်။

“မိထွဋ်ရယ်…တစ်ချိန်က နင်နှစ်သိမ့်ပေးခဲ့လို့ ငါ့စိတ်တွေ သက်သာရာရခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ နင်ပြောသလိုပဲ ငါ့အပေါ် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တဲ့သူ တကယ်ရှိနေခဲ့တယ်၊ သူ့အချစ်ကိုပဲ ငါလက်ခံလိုက်တာ… ကံကောင်းစွာနဲ့ ငါစိတ်ချမ်းသာရတယ်။ ဇော်နဲ့ငါက ခုချိန်ထိ သူငယ်ချင်း အရင်းကြီးတွေပါပဲ။ သူလည်း သူ့တွေ့ခဲ့တဲ့ အဲဒီ့အချစ်နဲ့ပဲ လက်ထပ်တော့မှာ။ ရယူပိုင်ဆိုင်ခြင်း မရှိခဲ့တဲ့ ငါ့အတွက်တော့ အချစ်က ပေးဆပ်ခြင်းပေါ့ဟာ။ မပိုင်ဆိုင်ရသည့်တိုင်အောင် ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာရင်၊ ပြုံးပျော်နေရင် ကိုယ်လည်းလိုက်ပျော်တတ်ခဲ့ပြီ ဆိုတာလေ… အခု ဇော်နဲ့သူ့အချစ်အတွက် ငါဝမ်းသာနိုင်ပါပြီ သူငယ်ချင်းရယ်” ဝေက ပြုံးရွှင်ကျေးဇူးတင်သော အကြည့်ဖြင့် ထွဋ်ထွဋ်ကို ကြည့်လိုက်သည်။

သူငယ်ချင်းနှစ်ယောက်ကို သဘောကျစွာကြည့်ပြီး သော်က ၀င်အော်သည်။ “ငါကတော့ အပျိုကြီးပဲလုပ်မှာ” 

“တကယ်လား” ဝေနှင့်ထွဋ် ပြိုင်တူမေးမိသွားသည်။ “တကယ်ပေါ့” သော်က တည်တံ့စွာနဲ့ ပြန်ဖြေသည်။ 

“ငါ့ဘ၀မှာ ကိုကို့တစ်ယောက်ကိုပဲချစ်ခဲ့တာ။ အရင်တုန်းက ကိုကိုကလွဲပြီး နောက်ထပ်ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာ သေချာသွားလို့ အပျိုကြီးလုပ်မယ် တွေးခဲ့ပေမယ့် အခုကျတော့ အဲဒါ့ထက်ပိုတွေးမိလာတယ်။ အချစ်ဆိုတာ ငါ့အတွက်တော့ သံသရာရှည်စေခြင်း အကြောင်းအရင်းတစ်ခုပဲ… မိထွဋ်နဲ့ဝေ။ ဒီလိုနှောင်တွယ်တတ်တဲ့ ချစ်ခြင်းမေတ္တာ သမုဒယသစ္စာကို အရင်းခံပြီး ဒုက္ခသစ္စာ ရလာကြတာ မဟုတ်လား။ ကိုကို့ဆုံးဖြတ်ချက်ကို ဘာမဆိုလေးစားယုံကြည့်တဲ့ ငါ့အဖို့ ကိုကို ဘာကြောင့် သာသနာ့ဘောင်ကို အပြီးတိုင်ဝင်ရောက်သွားသလဲဆိုတဲ့ အကြောင်းပြချက်ကို လိုက်ရှာလေ့လာရင်းနဲ့ ငါတွေ့ခဲ့တဲ့ အချစ်ရဲ့ အဓိပ္ပာယ်ပေါ့ဟာ။ အချစ်ကြောင့် ငါဟာ ရင်ခုန်ကြည်နူးခဲ့ဖူးတယ်။ ၀မ်းနည်းငိုကြွေးခဲ့ဖူးတယ်။ အချစ်ကြောင့်ပဲ သစ္စာတရားလေးပါးရဲ့  အနက်အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒါကြောင့် ငါကိုကို့အပေါ်ထားခဲ့တဲ့ ချစ်ခြင်းကို ဒီဘ၀မှာပဲ အပြီးတိုင် စွန့်လွှတ်လိုက်ပြီ” သော့်စကားအဆုံးမှာ သူငယ်ချင်းသုံးယောက် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ထွဋ်က အတန်ငယ်အေးစပြုနေသော ကော်ဖီတစ်ကျိုက်အမော့မှာ ခပ်တိုးတိုးပျံ့လွင့်လာသော သီချင်းသံ တစ်ပိုင်းတစ်စက သူမတို့ သုံးယောက်လုံးရဲ့ အကြားအာရုံကို ရိုက်ခတ်သွားသည်။

...တကယ်ဆိုရင်… အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ၊ အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ… ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိတော့ပါ… တခါတရံမှာ အချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း တခါတရံတော့ အချစ်နဲ့ ဝေးချင်တယ်...


ဇွန်မိုးစက်

--------------------------------------------------------------------------------------------------------------------------------
ဒီစာစုလေး ခေါင်းထဲမှာရှိပြီး ရေးမယ်လို့ ကြံစည်ခဲ့တာ လွန်ခဲ့တဲ့ ၆လလောက်ကပါ။ ခေါင်းစဉ်ကိုလည်း အခုအတိုင်းပေးမယ်လို့ စဉ်းစားထားပေမယ့် ချမရေးဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လကမှ အစ်မသက်ဝေက ချစ်ခင်စွာနဲ့ မျက်နှာစာအုပ်မှာ အချစ်အကြောင်း ပြောရအောင် ခေါင်းစဉ်နဲ့ ပို့စ်ရေးပြီး တဂ်လိုက်တော့မှ အဲဒါလေးကိုရေးဖို့ သတိရသွားပါတယ်။ ဒီစာစုလေး တကယ်ချရေးဖြစ်သွားတဲ့အတွက် အစ်မသက်ဝေကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်။း)

Comments ( 7 )

သူငယ်ချင်း သုံးယောက်က ဖွင့်ဆိုတဲ့ အချစ်တွေကို လှလှပပလေး ပုံဖေါ်သွားတာ နှစ်သက်စရာ... ညီမ စာရေးတာ သိပ်ကောင်းတယ်...

နောက်လည်း ညီမဆီက အဲဒီလို စာလေးတွေ အများကြီး ဖတ်ချင်ပါသေးတယ်...

ဒီပိုစ့်လေးအတွက် ညီမကို ကျေးဇူးတင် ချစ်ခင်စွာ...

Love is......... :)))

ပိုစ့်လာဖတ်ပြီးမမန့်တတ်တာကြောင့်သိတဲ့တနေ့ပြန်လာမန့်မည်။း)

သာယာချမ်းမြေ့ပါစေရှင်းးးးးး
မိုး

ညီမတော့ ကိုယ်လတ်တလေတွေးနေတဲ့ အတွေးနဲ့တူတဲ့ “သော့်”ရဲ့ အချစ်ကို သဘောအကျဆုံးပါပဲ... တခါတလေတွေးမိတယ်... အချစ်ဆိုတာ ကံပေါ်များ လုံးလုံးလျားလျား မူတည်နေသလားလို့နော် အစ်မဇွန်...

လူနှစ်ယောက်ကြားက အချစ်ဆိုတာ ကံသေကံမပြောမရတဲ့ အရာလို့သာ ထင်မိတယ်။

မလေး လာသွားတယ်ဇွန်..

စာပေဟောပြောပွဲ သတင်းလာရှာတာရယ်..း)

ဒီဝတ္ထုတိုလေး သဘောကျမိတယ် ဇွန်...၊

မြင်ဖူးနေကျ၊ ကြားဖူးနေကျ အကြောင်းအရာမျိုးပေမယ့် ဇွန့်ရဲ့ အရေးအသားနဲ့ အခန်းအကူးအပြောင်း၊ တင်ပြပုံ သပ်ရပ်လှပလို့ ဝတ္ထုလေးက ချောမွေ့ညက်ညော နေခဲ့တယ်၊ အဆုံးသတ် ကိုငှက်ကြီးရဲ့ သီချင်းလေးနဲ့ ပိတ်လိုက်တာကလည်း အဓိပ္ပါယ်ကို ပိုပြီး လေးနက် သွားစေခဲ့တယ်..၊

အချစ်ဆိုတဲ့ ဆင်တစ်ကောင်နဲ့ ပတ်သက်လာရင်တော့ တစ်ကမ္ဘာလုံးက လူတွေဟာ မျက်မမြင်ပုဏ္ဏားတွေ ဖြစ်ကုန်ကြတာပဲနဲ့ တူပါရဲ့...။း)