ဟိုဟို...ဒီဒီ...

Category:

မဲလ်ဝဲစွဲမစွဲ စစ်မနေတော့ဘဲ လင့်ခ်တွေအားလုံး ပြန်ချိတ်လိုက်ပြီ။း) virus attack လုပ်ခံရပြီး လင့်ခ်ပျောက်သွားတဲ့ ဘလော့ဂ်တစ်ချို့ကလွဲလို့ အရင်ချိတ်ထားခဲ့တဲ့ ဘလော့ဂ်တွေအကုန် ပြန်ချိတ်လိုက်ကြောင်း အသိပေးလိုက်ပါတယ်။ 

ခုတလောအလုပ်မှာ stress တွေ သိပ်များတယ်။ stress ရတော့ ပိုစားမိတယ်။ ကိုယ်က စိတ်ဖိစီးမှုများရင် အစားပိုစားတတ်သူဆိုတော့ ၀ိတ်ကျမကျတောင် မဆန်းစစ်နိုင်တော့ဘဲ ကိုယ့်ကိုယ်ကို သနားညှာတာပြီး စားလိုက်မိတယ်။း( ဆရာမတစ်ယောက် ပြောဖူးတာ သတိရတယ်။ ကိုယ့်ကိုယ်ကို မညာနဲ့၊ မညှာနဲ့ဆိုတာ။ ကိုယ့်ကိုယ်ကို ညာမညာ မသေချာပေမယ့် ညှာတတ်တာတော့ သေချာတယ်။ သြော်...လူသားဆန်တဲ့ အတ္တလို့ပြောရင် မှားမယ်မထင်ဘူးနော်။

လူကသာ မအားပေမယ့် ရုပ်ရှင်တွေ ကြည့်ချင်သေးတာ။ ဟိုကားကြည့်မယ်၊ ဒီကားကြည့်မယ်နဲ့ တကယ့်တကယ်တမ်း ဘာကားမှ မကြည့်ဖြစ်လိုက်ဘူး။ အော်စကာဆုပေးပွဲတောင် ပြီးသွားပြီ။ နေ့လည်က အလုပ်များနေတဲ့ကြားထဲက Yahoo ထဲဝင်ပြီး ဆုရစာရင်းကို ခပ်မြန်မြန်ဝင်ကြည့်လိုက်တယ်။ ကိုယ်ရစေချင်တဲ့ Christian Bale က Best Supporting Actor ရသွားလို့ ပျော်ပေမယ့် 127 Hours က တစ်ဆုမှ မချိတ်လိုက်လို့ စိတ်မကောင်းဖြစ်သွားတယ်။ Social Network က ၂ဆုချိတ်သွားတော့ မဆိုးဘူးလို့ ပြောရမယ်။ ၂၀၁၀ထဲမှာ ကိုယ်ကြိုက်ခဲ့တဲ့ Inception ဇာတ်ကားက ၄ဆုလား ရသွားတယ်။ မင်းသမီး၊ မင်းသား၊ ဇာတ်ကား၊ ဒါရိုက်တာဆု အားလုံးမှန်းထားတဲ့အတိုင်း ရသွားကြပါတယ်။ တကယ်တော့ Christian Bale ကို ငယ်ငယ်က ကိုယ်သိပ်မကြိုက်ခဲ့ဘူး။ သူကို စစကြည့်မိချင်းကားက American Psycho ဖြစ်နေလို့လား မသိဘူး။ ဒါပေမဲ့ သူက ငယ်ငယ်လေးကတည်းက talent ရှိပြီး သရုပ်ဆောင်ကောင်းသူ တစ်ယောက်ဆိုတာ Empire of the Sun ကြည့်ဖူးရုံနဲ့ သိနိုင်တာပါ။  

ပြန်စဉ်းစားကြည့်တော့ တစ်ချို့ငယ်ငယ်က သိပ်မကြိုက်ခဲ့တဲ့ မင်းသားတွေကို ကြီးမှ ကြိုက်လာတာ သတိပြုမိတယ်။ ဥပမာ တွမ်ခရုစ်လိုပေါ့။ ငယ်ငယ်က ကိုယ်ကြိုက်တဲ့မင်းသားထဲမှာ သူမပါဘူး။ နှစ်တွေတော်တော်ကြာပြီးလို့ "Tonight Show with Jay Leno"  မှာ အရယ်သန်တဲ့သူ့ကိုကြည့်ပြီး သဘောကျရင်းနဲ့မှ ကြိုက်သွားတာ၊ တစ်မျိုးပဲနော်။ Nicolas Cage ကျတော့ စကြည့်ကတည်း ကြိုက်တာ။  Con-Airနဲ့ Face Off ကြည့်တုန်းမှာ ခိုက်သွားပြီး City of Angels မှာ နတ်သားအဖြစ်သရုပ်ဆောင်တဲ့ သူ့ကို ကြွေသွားတာ။ Tom Hanks ကတော့ ကိုယ့်အကြိုက်ဆုံး မင်းသားစာရင်းထဲမှာ ထိပ်ဆုံးပေါ့။ Forrest Gump နဲ့ Philadelphia မှာ သူသရုပ်ဆောင်သွားတာကို ဘယ်လိုမှ အသိအမှတ်မပြုဘဲ မနေနိုင်ဘူး။ ခုတော့ မင်းသားတွေလည်း ကိုယ့်မျက်စိရှေ့မှာတင် တဖြည်းဖြည်း ကြီးရင့်သွားလိုက်တာ တစ်ချိန်က အသည်းကျော် ဒေါက်တာအင်ဒီယာနာဂျူန်း တစ်ဖြစ်လဲ Harrison Ford တောင် ဖိုးဖိုးအရွယ်ဖြစ်နေပေါ့။ 

စကားမစပ် ပြီးခဲ့တဲ့စနေတနင်္ဂနွေမှာ ဖားအောက်တောရ တစ်လတရားစခန်းမှာ လုပ်အားပေးသွားကူတုန်း ပျောက်နေတဲ့ ဘလော့ဂါတစ်ယောက်နဲ့ သွားဆုံတယ်။ သူနဲ့အရင်က ဘုန်းကြီးကျောင်းမှာ ဆုံဖြစ်ပေမယ့် စကားမပြောဖူးဘူး။ ဒီတစ်ခေါက်တွေ့မှ စကားပြောဖြစ်တယ်။ သူက ဘလော့ဂ်ကို သံယောဇဉ်ဖြတ်နိုင်တယ်ဆိုလို့ အံ့သြရသေးတယ်။ စာတွေဆက်ရေးဖြစ်ပေမယ့် ဘလော့ဂ်မှာ publish မလုပ်တော့ဘူးတဲ့။ ဒါ့ထက်ပိုပြီး ကိုယ့်ကိုအံ့အားသင့်စေတာက အခုတစ်လတရားစခန်းကို အလုပ်ထွက်ပြီး ၀င်တယ်ဆိုတာကိုပါ။ ကိုယ် သူ့ကိုချီးကျူးပြီး သာဓုခေါ်မိတယ်။ တကယ်ပဲ သူ့ရဲ့သဒ္ဓါတရားကို လေးစားမိပါတယ်။ ကိုယ်သာ ရည်ရှည်တရားစခန်းတွေ ၀င်လိုတဲ့ဆန္ဒရှိပေမယ့် အလုပ်ထွက်ပြီး ၀င်ရလောက်အောင်ထိ မဆုံးဖြတ်ရသေးဘူး။ ပြီးတော့ သူက ယောက်ျားလေးဆိုလို့ ကိုယ်က ပိုချီးကျူးမိတယ်။ တရားထူးတရားမြတ်ရသည်အထိ အားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

တရားစခန်းမှာလုပ်အားပေးနေတုန်းမှာပဲ လွန်ခဲ့တဲ့ ၁၉၊ ၁၈နှစ်လောက်က ကျောင်းကားအတူစီးဖူးတဲ့ ညီမငယ်နဲ့တစ်ယောက်နဲ့ မထင်မှတ်ဘဲ ပြန်ဆုံရသေးတယ်။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးပါလားလို့ တွေးမိတယ်။ စင်္ကာပူက ပိုလို့သေးငယ်ကျဉ်းမြောင်းတော့ အနှစ်နှစ်အလလက ကွဲကွာခဲ့တဲ့သူများနဲ့ ပြန်ဆုံခွင့်ရတာလည်း ခဏခဏပါပဲ။ မြန်မာတွေကလည်း သိပ်များလာတော့ ခုဆို အရောင်းစာရေးတို့၊ တက္ကစီဒရိုင်ဘာတို့ဆိုတာ ဟိုတုန်းကလို နင်တို့ဘာလူမျိုးလဲ မမေးတော့ဘဲ၊ နင်တို့မြန်မာမဟုတ်လားဆိုတာ တန်းပြောနိုင်ကြတဲ့အဆင့်ကို ရောက်လာကြပြီ။

ဒီနေ့ညနေရုံးအဆင်း ပင်နီဆူလာရောက်တုန်း ပဲပြုတ်တစ်ထုပ်ဝယ်ခဲ့တယ်။ မနက်ဖြန်မနက်စာ အီကြာကွေးနဲ့ပဲပြုတ် စားသွားမယ် စိတ်ကူးတယ်။ ခုတော့ အိပ်လိုက်ဦးမယ်။  အားလုံးပဲ ကောင်းသောညပါ။


ဇွန်မိုးစက်

Comments ( 11 )

အီကြာကွေ နဲ့ ပဲပြုပ် ကောင်းတယ်။
တရားစခန်းမ၀င်ဖြစ်တာကြာပြီ။

Brit တို့ရဲ့ အသဲကျော် Colin Firth ကိုရော မကြိုက်ဘူးလား မဇွန်။ သူရဲ့ The King's Speech ကား သိပ်ကောင်းတယ်။ မင်းသားဆုရတာ ထိုက်တန်ပါတယ်။

အော်စကာမတိုင်ခင် UK မှာ အရင်ပေးမြဲဖြစ်တဲ့ BAFTA Awards မှာ မင်းသားဆု အရင်ရသွားထဲက သူ အော်စကာဆုရဖို့ ကျိန်းသေသွားတာ။ Brit တွေကတော့ သူ့အတွက် ဂုဏ်ယူနေကျလေရဲ့။

ဒေါက်တာအင်ဒီယာနာဂျူန်းကို crushed ဖြစ်တဲ့အထဲ နန္ဒာလဲပါတယ်။ :))

ဝဲမကင်းတဲ့ နန္ဒာ့ဘလောဂ့်ကို လင့်ခ်ပြန်ချိတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။

ခင်တဲ့
နန္ဒာ

မလေး ဘယ်မင်းသားမှ မကြိုက်ဘူး၊ ဂျော်နီဒက်ပ်က လွဲလို့၊ မိုက်ကယ်ဒေါက်ကလပ်ကားတွေကိုတော့ ကြိုက်တယ်။ မင်းသားကိုတော့ မကြိုက်ဘူး၊ သူ့ရုပ်ရှင်တွေကို ကြိုက်တာပါ။

ကိုယ်ပြန်ရင် ၁၅ ရက် စခန်းဝင်ဖို့လို့ ပြောထားမိတာ။ (by force ကြောင့် ဝင်ရမှာ)။ မသိစိတ်ထဲကနေ အဲဒါကို ဘယ်လို ရှောင်ရမလဲ တချိန်လုံးပဲ စဉ်းစားနေမိတယ်။ ခု ပြန်ခါနီးလာတော့ သိစိတ်ထဲကပါ ရှောင်ဖို့ စဉ်းစားနေမိတယ်။

မမ...စိတ်မညစ်ပါနဲ့ စားသာစားပါ။ ငါ့အစ်မက ၀လည်းလှပါတယ်။ :)

လုပ်ဖြစ်ခဲ့တဲ့ လုပ်အားပေးကုသိုလ်အတွက် သာဓုခေါ်သွားတယ်။

မမနဲ့ရုပ်ရှင်အတူမကြည့်ဖြစ်တာတောင်ကြာပေါ့... :(

သတိရနေလျက်
ချစ်တဲ့
ဂျင်း

ဟုတ်တယ် အစ်မရှင်လေးရေ...အီကြာကွေးနဲ့ပဲပြုတ် မစားရတာ ကြာတာနဲ့ လုပ်စားဖြစ်သွားတာ။ ဇွန်လည်း ဒီနှစ်ထဲ တရားစခန်းဝင်ဖြစ်ပါ့မလား မသိဘူး။

နန္ဒာရေ... Colin Firth ကိုလည်း ကြိုက်ပါတယ်။ Pride and Prejudice တို့၊ Bridget Jone's Diary ကားတွေမှာ သူ့ကို သဘောကျမိပါတယ်။ Christian Bale ကလည်း အင်္ဂလိပ်ပဲလေ။ ဒီနှစ်အော်စကာက အင်္ဂလိပ်ဇာတ်ကားနဲ့ အင်္ဂလိပ်မင်းသားတွေရတဲ့နှစ် ဖြစ်သွားတာပေါ့။း)

မလေးက bad boy type ဂျော်နီဒက်ပ်ကိုမှ ကြိုက်တယ်ပေါ့။ :P

ရီတာပြန်မယ်လား၊ ကိုယ်လည်းဒီလထဲ ပြန်ဖို့ရှိတယ်။း) ရသလောက်သာ ကြိုးစားအားထုတ်ခဲ့ပါ ရီတာ။

ဂျင်းရေ... မမ၀၀ကို အားပေးတဲ့အတွက် ကျေးဇူးနော်။ :D ဟုတ်ပ... ရုပ်ရှင်တစ်ပွဲလောက် သွားကြည့်ကြရအောင်လား။း)

ဘယ်အရာမဆိုပါ... သံယောဇဉ်ဆိုတာ ဖြတ်နိုင်လေ ကောင်းလေပဲလို့ ခဏ ခဏ တွေးမိတယ်။ မဖြတ်နိုင်သေးသ၍တော့ ပူလောင်နေရတာပဲ...

ညီမဆီမရောက်တာက မဲလ်ဝဲကြောင့် လင့်ခ်တွေ ပျောက်ကုန်လို့... ဒီနေ့မှ ရသလောက် ပြန်ချိတ်လိုက်တာ။

ဘလော့ဂ်ကိုလဲ သံယောဇဉ် ဖြတ်ကြည့်နေတာ.. ရသင့်သလောက်တော့ ရပါတယ်.. ဒါပေမယ့်လဲ ယတိပြတ်တော့ မဖြတ်နိုင်သေးဘူး...

ဖြတ်နိုင်တဲ့ သူ့ကိုတော့ တကယ် ချီးကျူးပါတယ်၊ သူ ကုသိုလ်တွေ အများကြီးရနေမှာတွေးပြီး မနာလို ဖြစ်မိသွားလို့... အော်.. ငါ့နှယ့် တော်တော်ဆိုးပါလားလို့ တွေးပြီး ပြန်လျှော့ရတယ်...း))

ညီမဇွန်
အမလည်း ဒီနေ့မှ လင့်ခ်တချို့ ပြန်ထည့်ရင်း ရောက်ခဲ့တယ်....နောက်မှ ပြန်လာမယ် ညီမရေ....

အမြဲလာဖတ်ပါတယ် ဇွန်.
ဖဘလဲလာလာချောင်းကြည့်ပါတယ်။ ပိန်သွားတာလေးကြည့်ပြီး သဘောကျုနေတာပါ ဘုရားစူး .အခုမှသွားကြည့်တာမဟုတ်ပါဘူး အရင်ကတေည်းက ကြိတ်ကြိတ်ကြည့်နေတာ. ယူနီဗာဆယ်သွားတာတို့.ညီမရှိုက်နေတုံးသယ်ချင်းတွေကအားပေးနေကြတာတို့.
kom

ပဲပြုတ်ကျန်သေးလားဗျို့။ မတ်လ၁၃ရက်နီးလာပြီနော်။
နံပါတ်တွေနဲ့ပတ်သတ်ပြီး မှတ်ဥာဏ်ကောင်းလို့.. မွေးနေ့လိုမျိုး တစ်ခုခုရက်တွေဆို.. စိတ်ထဲ..အလိုလို..အမှတ်ရနေမိတာ။
mm

အဟမ်း မျောက်မင်း ဝိတ်ချနေသည်။ ကျသွားရင် သတင်းပေးပါမည်။