ကေအယ်လ်သို့ တစ်ခေါက် - ၅

Category:

Jalan Alor ကို ညဘက်သွားမှ ပိုကောင်းတယ်လို့ဆိုတာကြောင့် အိမ်ပြန်ပြီးတစ်ခေါက်နားမယ်လို့ စိတ်ကူးလိုက် သေးတယ်။ ဒါပေမယ့် ရို့စ်က မင်းတို့ပင်ပန်းနေလား၊ ဆက်သွားနိုင်မယ်ဆိုရင် ဘုန်းကြီးကျောင်းကို လိုက်ပို့မယ် ပြောပါတယ်။ ကိုယ်တို့နှစ်ယောက်လုံးက ရတယ်၊ မပင်ပန်းသေးဘူး၊ အိုကေလို့ဆိုလိုက်တာနဲ့ သူက မောင်းပြီးသားပါ။ ကိုယ်ကတော့ ရောက်တုန်းရောက်ခိုက် ဘုန်းကြီးကျောင်းသွားခွင့်ရလို့ သိပ်ဝမ်းသာပါတယ်။

ကျောင်းပင်မဆောင်
 
သီရိလင်္ကာမှ ဘုန်းတော်ကြီးများ သီတင်းသုံးတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းတိုက်တစ်ခု ဖြစ်ပါတယ်။  သင့်တင့် ကျယ်ဝန်းတဲ့ မြေနေရာနဲ့အတူ ကျောင်းဆောင်များ သပ်ရပ်စွာတည်ရှိပါတယ်။ ကျောင်းဆောင်အတွင်းက ဘုရားရုပ်ပွားတော်များကိုလည်း ကြည်ညိုစွာ ဖူးတွေ့ရပါတယ်။ ကျောင်းအရှေ့ဘက်မှာ ဓမ္မစာပေ လေ့လာသင်ယူနိုင်တဲ့ ကျောင်းတိုက်ကြီးကိုလည်း တွေ့ရပါတယ်။ ဘုရားရှိခိုးပြီး ဓာတ်ပုံများရိုက်ခဲ့ပါတယ်။ တစ်နေ့လုံး အလင်းအမှောင် ကတောက်ကဆဖြစ်နေတဲ့ ကိုယ့်ကင်မရာဟာ ဘုန်းကြီးကျောင်းအတွင်းက ဘုရားပုံများ ရိုက်ခါနီး ဟိုချိန်ဒီချိန် နဲနဲလုပ်ကြည့်လိုက်တာ အံ့သြစရာကောင်းလောက်အောင် ပုံထွက်ပြန်ကောင်းလာပါတယ်။ ဘုရားတန်ခိုးတော်များလား လို့တောင် စိတ်ထဲထင်မိပါတယ်။

ပင်မဆောင်အတွင်းက ကြည်ညိုဖွယ်ရာ ရုပ်ပွားတော်များ

 လျောင်းတော်မူ

 ရပ်တော်မူ



 တရားထိုင်ခန်းမဆောင်





 ဓမ္မစာပေပို့ချပေးသောကျောင်းတိုက်မျက်နှာစာ
 
ပြန်အထွက်မှာ ကျောင်းအ၀င်အ၀က စားပွဲပေါ်မှာ ဒါနပြုထားတဲ့ အစီအရီချထားတဲ့ စာအုပ်တွေထဲမှာ ကိုယ်သိပ်ကြိုက်တဲ့ Good Question Good Answer ကို စာအုပ်လေးကိုတွေ့လို့ ၀မ်းသာအားရနဲ့ ၇အုပ် ယူခဲ့ပါတယ်။ ကိုယ့်အတွက် တစ်အုပ်နဲ့ ကျန်စာအုပ်များကို ထပ်ဆင့်ဓမ္မဒါနပြုလို့ရအောင် ပိုယူခဲ့တာပါ။ တကယ်တော့ သြစတေးလျနိုင်ငံသား အရှင်ဓမ္မိကရဲ့ Good Question Good Answer ကို လွန်ခဲ့တဲ့ ၈နှစ်လောက်က အင်တာနက်ထဲကနေ ဖတ်ရပြီး သိပ်ကြိုက်လို့ Print ထုတ်ပြီး သိမ်းထားခဲ့တာပါ။  Print ထုတ်ထားတဲ့ ကော်ပီက ရန်ကုန်အိမ်မှာ ကျန်ခဲ့ပါတယ်။ ခုလို စာအုပ်လေးအဖြစ်နဲ့ မြင်ရတော့ သိပ်ကိုဝမ်းသာအားရဖြစ်မိတာပါ။ ကိုယ့်အတွက် တန်ဖိုးကြီးမားတဲ့ လက်ဆောင်တစ်ခု မလေးရှားခရီးတိုလေးကနေ အမှတ်မထင် ရလိုက်သလိုပါပဲ။



အဲဒီ့ကျောင်းကပြန်ထွက်လာပြီး နောက်ထပ်တရုတ်ဘုန်းကြီးကျောင်းတစ်ခုကို ရို့စ်ကဆက်သွားပါတယ်။ ဒီကျောင်းက ဟိုင်နန်အသင်းအဖွဲ့များ စုစည်းတည်ဆောက်ထားတဲ့ မဟာယနဗုဒ္ဓဘာသာ တရုတ်ကျောင်းတစ်ခုပါ။ တရုတ်လက်ရာ ဗိသုကာများနဲ့ ခန့်ညားကြီးမားလှတဲ့ ကျောင်းတစ်ကျောင်းပါပဲ။


 ဒီကျောင်းရောက်တော့ စောစောကလောက် ပုံထွက်မကောင်းတော့တာ သတိထားမိပါတယ်




ကျောင်းဝန်းအတွင်းမှာ ကွမ်ရင်မယ်တော်နဲ့ အခြားသောရုပ်ထုများ ရှိပါတယ်။ 



 
ကျောင်းရဲ့ညာဘက်ဘေးမှာ နှစ်အလိုက် ရာသီခွင်မှ တိရစ္ဆာန်ရုပ်ထုများကိုလည်း တွေ့ရပါတယ်။ အရုပ်အောက်ခြေမှာ သက်ဆိုင်ရာ ရာသီခွင်ရဲ့ စရိုက်သဘာဝတွေကို ခုနှစ်သက္ကရာဇ်များနဲ့အတူ ယှဉ်တွဲဖော်ပြထားပါတယ်။







 
ရို့စ်နဲ့ ကိုယ့်သူငယ်ချင်းက ကျောင်းကြီးပေါ်သွားရအောင်ခေါ်ပေမယ့် လှေကားမြင်ရင် ကြောက်နေတဲ့ကိုယ်က ဒူးထပ်နာမှာစိုးတာနဲ့ မတက်ဖြစ်လိုက်ပါဘူး။ အောက်မှာပဲ ဓာတ်ပုံရိုက်ရင်း စောင့်နေခဲ့ပါတယ်။ ရသမျှ အချိန်တိုလေးအတွင်းမှာ ကိုယ့်ကို ဘုန်းကြီးကျောင်းလိုက်ပို့ပေးတဲ့ ရို့စ်ကို ကျေးဇူးသိပ်တင်ကြောင်း ပြောခဲ့ပါတယ်။ တကယ်တမ်း ရို့စ်က စနေနေ့ကတည်းက ပင်ပန်းထားလို့ သိပ်နေမကောင်းဖြစ်နေတာ။ ကိုယ်တို့က သူ့ကိုအားနာပြီး ရုပ်ရှင်ကြည့်ပြီးကတည်းက ပြန်နားစေချင်တာပါ။ ဒါပေမဲ့ သူရဲ့စေတနာက မနေသာတော့ ကိုယ်တို့သွားချင်တဲ့ နေရာအထိ ရောက်အောင်လိုက်ပို့ပြီးမှ အိမ်ပြန်သွားပါတယ်။

ကိုယ်တို့နှစ်ယောက် Jalan Alor မှာဆင်းပြီး လမ်းလျှောက်ရင်း ညစာစားဖို့ စဉ်းစားကြပါတယ်။ ကိုယ့်သူငယ်ချင်း စားဖူးတဲ့ဆိုင်ကို ရှာမတွေ့တော့တာနဲ့ဘဲ ယိုးဒယားဆိုင်မှာပဲစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ Jalan Alor ဆိုတာ စားသောက်ဆိုင်တွေချည်း ဟိုဘက်ဒီဘက် အပြည့်ရှိနေတဲ့လမ်းပါ။ ဘယ်ညာကြည့်လိုက်ရင် ဆိုင်တိုင်းရဲ့ စားပွဲတိုင်းလိုလိုမှာ လူတွေပြည့်နေပြီး အများစုက တိုးရစ်စ်တွေပါ။ ချက်ပြုတ်ကြော်လှော်နံ့၊ မီးခိုးနံ့တွေကြားမှာ လူတွေစားသောက် စကားပြောနေကြသံတွေနဲ့ ဆူညံစည်ကား သက်ဝင်လှုပ်ရှားနေသော လမ်းတစ်ခုပါ။

 ကေအယ်လ်မြို့ရဲ့ နာမည်ကျော်လမ်း

 လမ်းအတွင်းမှာ

စင်္ကာပူမှာ ဒီလိုမျိုးတွေ့ရခဲတော့ ကိုယ်က သဘောကျနေမိတာ။ အမြင်အကြားအာရုံမှာ ဆူညံရှုပ်ထွေးနေပေမဲ့ တခါတလေမှာ ဒီလို လူတွေအများကြီးနဲ့ Open Air မှာထိုင်ပြီး စားသောက်ရတာက အရသာတစ်မျိုးပါပဲ။ အော်ဒါမှာထားတုန်း ဘေးကဆိုင်မှာဝင်ပြီး အိမ်အပြန်လက်ဆောင် မုန့်ဝင်ဝယ်ပါတယ်။ နေ့လည်က China Town မှာ ၀ယ်ပြီးသားပေမယ့် မလောက်မှာစိုးတာနဲ့ ထပ်ဝယ်တာပါ။ 

 ကိုယ်မုန့်ဝယ်ခဲ့တဲ့ဆိုင်


ညစာစားပြီးတဲ့အချိန်မှာတော့ ၉နာရီခွဲလောက် ရှိနေပါပြီ။ ညဘက်ဆို Jalan Alor ရှေ့မှာ ကားငှားရခက်တယ်လို့ သူငယ်ချင်းကပြောပြပါတယ်။ သူပြောတဲ့အတိုင်းပါပဲ၊ ကားတော်တော်နဲ့ ငှားမရပါဘူး။ နောက်ဆုံး တက္ကစီငှားခ ပိုပေးမှပဲ လိုက်ပါတယ်။ အိမ်ပြန်ရောက်တော့ ပစ္စည်းသိမ်း၊ ရေမိုးချိုး၊ စကားပြောပြီး အိပ်ရာဝင်ချိန်မှာ ၁၂နာရီလောက်ရှိနေပါပြီ။ မနက် ၈နာရီထွက်မယ့်ကားနဲ့ပြန်လိုက်မှာမို့ ကားဂိတ်ကို ၇နာရီခွဲလောက် အရောက်သွားရမှ စိတ်ချရမှာပါ။

မနက် ၆နာရီ၁၅လောက်မှာထ၊ ပစ္စည်းတွေအောက်ချပြီး ၇နာရီမထိုးခင် တက္ကစီခေါ်ပါတယ်။ ရုံးဖွင့်ရက် တနင်္လာနေ့ဖြစ်လို့ ထုံးစံအတိုင်း traffic မိမှာကို စိုးရိမ်ရပါတယ်။ တက္ကစီက တော်တော်နဲ့ရောက်မလာလို့ ထပ်ခေါ်ရပါတယ်။ မြို့ထဲဘက်ကို သိပ်မသွားချင်ကြမှန်းသိလို့ သူငယ်ချင်းက 5ရင်းဂစ် ပိုပေးလိုက်တော့မှ တစ်စီးရသွားပါတယ်။

၃ညတာ တည်းခိုနေထိုင်ခဲ့ရာ အိမ်ကလေး (တက္ကစီခေါ်ထားတုန်း ရိုက်လိုက်တာ)


ကိုယ့်ကို စင်္ကာပူအရောက် ပြန်လည်ခေါ်ဆောင်သွားမယ့် အေရိုလိုင်းက ဒီမှာစောင့်နေပါတယ်

ဒီခရီးက ကိုယ့်အတွက် အပျော်သက်သက် အပန်းဖြေရုံသက်သက်ထက်ပိုတဲ့ ခံစားမှုတွေ အများကြီး ပေးခဲ့ပါတယ်။ ရင်းနှီးခင်မင်မှု၊ ဧည့်ဝတ်ကျေပွန်မှုသာမက မေတ္တာစေတနာတွေ လွှမ်းခြုံထားတဲ့ သူငယ်ချင်းမိတ်ဆွေကောင်းတို့ရဲ့ နွေးထွေးလှပတဲ့ စိတ်ဓာတ်ကို အရင်ကထက်ပိုပြီး သိမြင်ခံစားခွင့် ရလိုက်ခြင်းပါပဲ။ ကိုယ်အမြဲအမှတ်ရနေမယ့် ခရီးတစ်ခုအတွက် သူငယ်ချင်း “လင်း” ကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ပင်ပန်းနေမကောင်းဖြစ်နေတဲ့ကြားက ဧည့်ဝတ်ကျေ ခင်မင်စရာကောင်းတဲ့ “ရို့စ်” ကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်ပြောလိုက်ပါတယ်။ နောက်တစ်ကြိမ် အခွင့်သင့်တဲ့အခါ ကျောင်းနေဘက်သူငယ်ချင်းများစုပြီး သွားဖြစ်ကြဦးမလားရယ်လို့ တွေးနေမိပါတယ်။


ဇွန်မိုးစက်

Comments ( 4 )

မမရေးးမရောက်ဖူးပေမဲ့ ဘုရားရုပ်ပွားတော်ကို ဒီကနေဖူးခွင့်ရလို့ ပိုစ့်တင်ပေးတဲ့မမကို ကျေးဇူးပါနော်
ခန်းမဆောင်လေးကို သဘောကျလိုက်တာ

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မရောက်ဖူးသေးတာမို့ ဇွန့်ဘလော့ဂ်ကနေပဲ ဘုရားရုပ်ပွားတော်တွေ ဖူးမျှော်သွားပါတယ်။

အဲဒီစာအုပ် အမလည်း ဖတ်ဖူးသလိုပဲ...ပုံလေးတွေ ကြည့်သွားတယ် ညီမလေး...:)

မမ...မမအနေနဲ့ အဲဒီဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ဖူးမြောခဲ့တာ အဲဒီခရီးအတွက် တန်ဖိုးအရှိဆုံးပါပဲ။ :)