သူတို့၏ သမီးများ

Category:

သမီး (၁)

သူမက ကိုယ့်ထက်တစ်နှစ်ငယ်သည်။ ကိုယ်တို့ကျောင်းကားတစ်စီးတည်းကို လေးနှစ်ဆက်တိုက် အတူစီးခဲ့ဖူးသည်။ ကျောင်းကားပေါ်မှာ အတန်းတူရာ အစုဖွဲ့၍ အတူထိုင် စကားပြောလေ့ရှိသည်မှာ ထုံးစံတစ်ခုလိုပင်။ ကိုယ်နှင့်အတန်းတူက ကိုယ်အပါအ၀င် သုံးယောက်၊ ကိုယ့်ထက်တစ်တန်းကြီး အစ်မများအုပ်စုက လေးယောက်၊ ကိုယ်တို့အောက်က သူနှင့်အတန်းတူ နောက်နှစ်ယောက် စသဖြင့် အုပ်စုလေးတွေရှိသည်။ ကိုယ်တို့သုံးယောက်က စကားအနည်းဆုံးဖြစ်ပြီး၊ ကျန်သော အထက်အောက်နှစ်ဖွဲ့က စကားအပြောဆုံး ဖြစ်သည်။ 

ကိုယ်တို့အုပ်စုက သူမတို့အဖွဲ့ပြောသော စကားများကို စိတ်ဝင်စားသည်။ သူမကြည့်ပြီးသော ရုပ်ရှင်ဝတ္ထုတွေ အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြတတ်သည်။ လျှို့ဝှက်သည်းဖို ဇာတ်လမ်းများ၊ ကြောက်မယ်ဖွယ် သရဲတစ္တေ ဇာတ်ကားများ အကြောင်းကို ဇာတ်လမ်းတစ်ကွက်ချင်း ပြန်ပြောပြလျှင် ကိုယ်တို့မှာ ကြက်သီးထမိ သော်လည်း နားမစွင့်ဘဲ မနေနိုင်။ ရံဖန်ရံခါ သူ့အမေအကြောင်း၊ စာအုပ်တွေအကြောင်း ပြောပြတတ်သည်။ မည်သည့်စာအုပ်ကို ဗွီဒီယိုရိုက်ဖို့ ၀ယ်သွားကြောင်း၊ မည်သည့်စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တော့မည်ဖြစ်ကြောင်း စသဖြင့် သူမဆီမှ သတင်းများ ဦးဦးဖျားဖျား ကြားရတတ်သည်။ ဥပမာ- “နှင်းဆီ” ကို ခင်သန်းနုနှင့် ပြန်ရိုက်မည်ဆိုတာမျိုး ဗွီဒီယိုမထွက်ခင်ကတည်းက သိရသည်။ 

သူမမှာ မောင်လေးတစ်ယောက်ရှိပြီး ကိုယ့်မောင်လေးနှင့် ကျောင်းအတူ ကျောင်းကားအတူတူပင် ဖြစ်သည်။ ကိုယ်မှတ်မိနေသေးသည်မှာ သူတို့နေသောလမ်းထဲမှာပင် အခြားသော နာမည်ကြီး စာရေးဆရာများလည်း နေထိုင်ကြသည်။ ကိုယ့်သူငယ်ချင်းတစ်ယောက်အိမ်နှင့် ခြံချင်းကပ်ရပ်မှာ ဆရာမကြီး ကလျာ (၀ိဇ္ဇာ၊ သိပ္ပံ)၊ ကိုယ့်အဖိုးလေးနှင့် အိမ်နီးနားချင်းက နွမ်ဂျာသိုင်း၊ နောက်... သူတို့မောင်နှမနှစ်ယောက်၏ မိခင်ဖြစ်သူ မစန္ဒာ။ နောက်ပိုင်း ကိုယ်အိမ်ပြောင်းသွားတော့ သူမနှင့်ကျောင်းမှာ ရံဖန်ရံခါသာ တွေ့ဖြစ်သည်။ သူမပြောပြသော ပုံပြင်ဇာတ်လမ်းများ နားမထောင်ရတော့သည်မှာ အဲသည်ကတည်းက။ သွက်လက်ချက်ချာ စကားပြောကောင်းသော သူမအမည်က “အေးငြိမ်းချမ်း”။


သမီး (၂)

ကိုယ်ဆယ်တန်းဖြေအပြီး တက္ကသိုလ်ကျောင်းများ ပိတ်ထားသော အချိန်အတွင်း တက်ရောက်ခဲ့သော ကွန်ပျူတာ ဒီပလိုမာ သင်တန်းတစ်ခုမှာ မ၀င့်မွန်နှင့် တွေ့ဆုံခဲ့သည်။ သူမကို လူမမြင်ရခင်ကတည်းက  ကိုယ်က သိနှင့်နေခဲ့တာ ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ မြန်မာတစ်ပြည်လုံး အဆင့်တစ်မှတစ်ဆယ်အတွင်းရသော သူများ၏ အင်္ဂလိပ်စာ အက်ဆေးပေါင်းချုပ် စာတစ်အုပ်မှာ သူမကိုယ်ရေးအကျဉ်းနှင့် သူမလက်ရာ အက်ဆေးများကို ကိုယ်ဆယ်တန်းနှစ်တုန်းက ဖတ်မှတ်ခဲ့ဖူးသည်။ ကိုယ်တို့ထက် တစ်နှစ်ကြီးသည်သော သူမသည် ချောမောချစ်စရာ ကောင်းပြီး ဖော်ရွေသည်။ သူမအထက်မှာ အစ်ကိုတစ်ယောက်ရှိသည်။  

သူမက တတွဲတွဲဖြစ်သော ကိုယ်တို့နှစ်ယောက်ကို စတွေ့ကာစမှာ မောင်နှမထင်ပြီး ကိုယ့်ကို လာမေးခဲ့ဖူးသည်ကို အမှတ်ရမိသေးသည်။ ကိုယ်ကလည်း သူမဖေဖေ ဒေါက်တာရဲနိုင် ၏ အမျိုးသားစာပေဆုရ “အနောက်ကိုရွှေ့၍ အရှေ့ကိုမျှော်” စာအုပ်ကို အပိုင်ဝယ်ထားကြောင်း ပြောပြလိုက်တော့ သူမ မျက်ဝန်းမှာ ပီတိတွေနဲ့ စိုလက်လို့။ နောက်ထပ် ၀တ္ထုတိုပေါင်းချုပ်ထွက်ဖို့ရှိကြောင်း ကိုယ့်ကို သတင်းပေးသည်။ သူမနိုင်ငံရပ်ခြားမှာ ပညာဆက်လက် သင်ယူဖို့ ပြင်ဆင်နေကြောင်း ကိုယ်သိလိုက်ရပြီး နောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့သည်။ သူမ၏ လက်ထပ်မင်္ဂလာ သတင်းကိုတော့ သတင်းစာထဲမှာ ကိုယ်ဖတ်လိုက်ရသည်။ သူမနာမည် အပြည့်အစုံက “၀င့်မွန်သန့်”။


သမီး (၃)

ထိုသင်တန်းတစ်ခုတည်းမှာပင် သိကျွမ်းခွင့် ရခဲ့သော သူမက ကိုယ်တို့ထက် သုံးလေးနှစ်လောက် ပိုကြီးသည်။ သူမက ညိုညိုသွယ်သွယ်လေးနှင့် သဘောကောင်းသူတစ်ဦးပင်ဖြစ်သည်။ ကိုယ်က ပတ်ဝန်းကျင်ကို သိပ်သတိမမူတတ်သူ ဖြစ်လေတော့ ဘယ်သူရယ် ဘယ်ဝါ၊ ဘယ်သူ့သားသမီးမှန်း သူများက တကူးတက ပြောပြမှပင် သိတတ်သူ။ သင်တန်းကျောင်းမှာ နိုင်ငံကျော်စာရေးဆရာမ မိုးမိုး (အင်းလျား) ၏ သမီးရှိသည်ဆိုတာ သူများတွေပြောသံကြားမှ ကိုယ့်မှာ အတန်းဖော်သူငယ်ချင်းများကိုမေးပြီး ဘယ်သူလဲဆိုတာ လိုက်ကြည့်ရသည့်လူမျိုးဖြစ်သည်။ သူမမှာလည်း အစ်ကိုတစ်ယောက်ရှိသည်။

သူမနှင့် ကိုယ်မြင်ဖူးလိုက်သော သူမချစ်သူတို့ လက်ထပ်သွားတုန်းက ကိုယ်ရန်ကုန်မှာပဲ ရှိနေသေးသည်။ နှစ်အချို့ကြာမြင့်ပြီးနောက် စာအုပ်ဖြန့်ချီရေး ကိစ္စတစ်ခုဖြင့် လှည်းတန်းက စာပေလောကသို့ ရောက်သွားတော့ သူမနှင့် ဆိုက်ဆိုက်မြိုက်မြိုက်တွေ့သည်။ ယခင်ကထက် သိသာစွာ ကိုယ်အလေးချိန်တိုးလာသော ကိုယ့်ကို အံ့သြ၀မ်းသာစွာ ဆီးကြိုနှုတ်ဆက်ခဲ့သည်။ မိခင်တစ်ဦးဖြစ်နေသော သူမကတော့ အရင်အတိုင်း ပိန်ပိန်သွယ်သွယ်လေးသာ။ ကိုယ်ဒီပြန်လာပြီးနောက်ပိုင်း သူမနှင့် အဆက်အသွယ် ပြတ်သွားပြန်သည်။ သို့သော် “မသွယ်မျိုးညွန့်” နှင့် တွေ့ချင်လျှင် လှည်းတန်းစာပေလောကသို့ သွားနိုင်ကြောင်း ကိုယ်သိထားသည်ပဲလေ။

************

ဘာရယ်မဟုတ်... ကိုယ့်ဘ၀တွင် ကိုယ်နှစ်သက်မိသော စာရေးဆရာ၊ ဆရာမများ၏ သမီးများနှင့် တွေ့ဆုံခဲ့ရခြင်းကို အမှတ်ရမိသဖြင့် ချရေးဖြစ်သွားခြင်းပါ။ 

 
ဇွန်မိုးစက်

Comments ( 6 )

i know ur daughter 2.. :D

No. 3 ကို မသိပေမဲ့ ကိုယ် မြင်ဖူးချင်တောင် မြင်ဖူးနေမှာ။

ဘာလို့ဆို ရန်ကုန်နေတဲ့တလျှောက်လုံး အရောက်ဖြစ်ဆုံးဆိုင်။ ဘယ်စာအုပ်လိုချင်ရင် ဘယ်နားမှာ ရှာရမယ်ဆိုတာကစ အလွတ်ရနေတာ။

မမ....ဒီပိုစ့်လေးကို ဂျင်းသဘောကျတယ်။ မမ ရေးထားတဲ့ပုံစံလေးကိုပြောတာ။ :))

ချစ်တဲ့
ဂျင်း

ဒေါက်တာရဲနိုင်သား နဲ့ အထက်တန်းကျောင်း တစ်ကျောင်းတည်းပဲ။ သူ့နာမည် ကိုဝဏ်ဏထင်တယ်။ ဟိုတလောက အမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ဓါတ်ပုံတွေမှာ သူ့ဓါတ်ပုံတွေ့တယ်။

မသွယ်မျိုးညွန့်မောင် ဇော်မျိုးညွန့်က စင်ကာပူက ပေါ်လီမှာ တစ်နှစ်လားနှစ်နှစ်လားမသိဘူး စီနီယာ။

mm

ဘာရယ်မဟုတ်... ကိုယ့်ဘ၀တွင် ကိုယ်နှစ်သက်မိသော စာရေးဆရာမများနှင့်
(ဇွန်မိုးစက်၊ အင်ကြင်းသန့်၊ Rita၊ mm... )
တွေ့ဆုံခဲ့ရခြင်းကို အမှတ်ရစွာဖြင့် မှတ်ချက်ရေးဖြစ်သွားခြင်းပါ။
:)

သမီးတွေအကြောင်း...
ဒီပိုစ့်မှာ သူတို့ရဲ့ အကြောင်းတွေထက် ကိုယ်ကတော့ ဇွန့်ရဲ့ စာရေးဟန်လေးကို ပိုသဘောကျသွားတယ်...