ပြောင်းလဲသွားသော...

Category: ,

ပြီးခဲ့တဲ့ရုံးပိတ်ရက်မှာ ဦးနုရဲ့ “ကာမတဏှာ” စာအုပ် ဖတ်ဖြစ်တယ်။ သိပ်ကောင်းတဲ့ စာတစ်အုပ်ကို ခုမှဖတ်ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖတ်ဖြစ်ရင် စာရေးသူရည်ရွယ်ချက်နဲ့ စာတန်ဖိုးကို ခုလောက် နားလည်ချင်မှ နားလည်မှာ။  အခုချိန်မှ ဖတ်ဖြစ်တော့ ဖတ်ရင်းနဲ့ တရားသဘောကို တခါတည်း ဆင်ခြင်မိသွားတယ်။ စာဖတ်နေရင်းနဲ့ ကိုယ်သတိပြုမိတာ  ပြောင်းလဲသွားတဲ့ ကိုယ့်စိတ်အတွေးတွေ...။ 

ငယ်ငယ်က ၀တ္ထုထဲမှာဖြစ်ဖြစ်၊ ရုပ်ရှင်ထဲမှာဖြစ်ဖြစ် မင်းသား မင်းသမီး၊ တစ်ယောက်ယောက်ကများ ဘုန်းကြီးတို့ သီလရှင်တို့ အပြီးဝတ်သွားတယ်ဆို သိပ်စိတ်မကောင်းဖြစ်တာ။ ကျန်ခဲ့တဲ့သူကို သနားတာလည်း ပါတာပေါ့လေ။ ဖတ်နေ၊ကြည့်နေရင်းနဲ့ မ၀တ်ဖြစ်ပါစေနဲ့လို့ စိတ်ထဲက ဆုတောင်းလိုက်သေးတယ်။ ကာမတဏှာဖတ်နေတုန်းမှာတော့ မခင်မေသီလရှင် မ၀တ်ဖြစ်ဘဲ အိမ်ထောင်ကျသွားမှာကို အရမ်းစိုးရိမ်ခဲ့တာ။ ကိုသိန်းနဲ့လက်ထပ်ဖြစ်သွားတော့ သီလရှင်မ၀တ်ဖြစ်တော့ဘူးဆိုပြီး နှမြောလိုက်တာ။ မောင်မြင့်ဆွေအလှည့်မှာလည်း အဲဒီ့တိုင်းပဲ။ မောင်မြင့်ဆွေ ဘုန်းကြီးမ၀တ်ဖြစ်လိုက်မှာကို စိတ်ထဲမှာ သိပ်ပြီးပူပန်နေတာ။ စာဖတ်ပြီးတော့ ကိုယ့်ရဲ့ပြောင်းလဲမှုကို ပြန်စဉ်းစား မိလိုက်တယ်။

ကိုယ်ငယ်ငယ်က ငါးဟင်းလုံးဝမကြိုက်ဘူး။ ကြီးလာတော့ တစ်ခြားဟင်းတွေထက် ငါးဟင်းကို ပိုကြိုက်တယ်။ အသီးအရွက်လည်း ကြီးမှ ပိုကြိုက်တတ်၊ စားတတ်လာတယ်။ ခုနောက်ပိုင်း အသားဟင်းဆို သိပ်မတပ်မက်တော့ဘူး။ ထမင်းစားလို့ အသားမပါရင်နေ အသီးအရွက်တစ်ခု မပါရင် စားရတာ တစ်ခုခုလိုနေသလိုပဲ။ ဒါက အစားအစာနဲ့ ပတ်သက်လို့ပါ။ တခြားနေရာတွေမှာလည်း ကိုယ့်စိတ်အတွေးတွေ အထိုက်အလျောက် ပြောင်းလဲသွားတယ်။

ဟိုတုန်းက ကိုယ်သိပ်သွားချင်၊ ဘ၀ကိုရှာဖွေချင်ခဲ့တဲ့ နိုင်ငံတစ်ခုမှာ အခုနေ နေထိုင်ခွင့်ထီ ပေါက်ခဲ့မယ်ဆိုရင်တောင် သွားချင်စိတ်မရှိတော့ဘူး။ တတိယအရွယ်ရောက် မိဘများနဲ့ အဝေးကြီးမှာ မနေချင်တော့တဲ့စိတ်ရဲ့ ပြောင်းလဲမှုတစ်ခုလို့ ကိုယ်နားလည်တယ်။ ငယ်ငယ်က မိဘကို တိုက်တာ၊ ကား၊ ခြွေရံသင်းပင်းတွေနဲ့ ပြည့်ပြည့်စုံစုံထားနိုင်တဲ့ ကျေးဇူးဆပ်ခြင်းမျိုးကိုပဲ နားလည်ခဲ့တာ။ ခုတော့  လောကီဥစ္စာစည်းစိမ်ထက် လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ချင် စိတ်က ပိုလာတယ်။ အဖေနဲ့အမေကို  အချိန်ရသလောက် တရားနာ၊ တရားအားထုတ် တရားနဲ့ပဲ မွေ့လျော်စေချင်တယ်။ မိဘတွေရဲ့ နောက်ဆုံးအချိန်မှာ ကိုယ်က အနားမှာရှိနေပြီး သူတို့ဘ၀ကူးကောင်းအောင် တတ်စွမ်းသရွေ့ လုပ်ဆောင် ပေးနိုင်တဲ့ သားသမီးတစ်ယောက်အနေနဲ့ ကျေးဇူးပြုခွင့်၊ ဆပ်ခွင့်ရချင်တယ်။

ပြီးတော့... ရှိသေးတယ်။ တစ်ချိန်က မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ထဲက ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲမျိုးထက် ပကာသနမပါတဲ့ ရိုးရှင်းတဲ့ လက်ထပ်ပွဲတစ်ခုသာ ပြုလုပ်ချင်တော့တယ်။ အိမ်ထောင်ပြုပြီးတဲ့အခါ ဟိုးအရင်က စိတ်ကူးခဲ့တဲ့ သားသမီး ဘယ်နှစ်ယောက်ယူမယ်၊ ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာတွေထက် သားသမီး ယူသင့် မယူသင့်ကို စဉ်းစားမိတယ်။ တကယ်လို့ သားသမီး ရလာတဲ့အခါမှာတောင် ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ဖို့ထက် သာသနာ့အာဇာနည်ဖြစ်ဖို့ကို  ပိုပြီးလိုလားနေတယ်။ ဒီနေရာမှာ ကိုယ့်အတွေးအမြင် ပြောင်းလဲခြင်းကို ကိုယ်တိုင် အံ့သြနေမိတယ်။

အသက်အရွယ်၊ အခြေအနေ၊ အချိန်အခါနဲ့ အခုဘ၀မှာ သိခွင့်ရတဲ့ တရားသဘောတွေ ပေါင်းစပ်ပြီး ပြောင်းလဲသွားတယ် ထင်ပါရဲ့လေ။ 


ဇွန်မိုးစက်

Comments ( 20 )

ရည်းစားရှိပြီးပြီလား. အရေးကြီးဆုံးအချက်..

@မမkom... ဒီမေးခွန်းတော့ မဖြေနိုင်ပေါင်။ :P

ဦးနုရဲ့စာအုပ်တွေ အကုန်လုံးဖတ်လို့ကောင်းတယ်။ ငရဲဆိုတာချိုနဲ့လား ဆိုတဲ့ စာအုပ်ကိုလည်း မဖတ်ရသေးရင် ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါလား။

I'm not a girl, Not yet a woman. ဆိုတော့ ငယ်ပါသေးတယ်လေ... :D

မမနဲ့ ဇွန် - ရည်းစားမရှိလဲ အိမ်ကပေးစားတဲ့သူ ယူလို့ရပါတယ်။

ဘာပြောင်းလဲသွားလဲဆိုတော့ အစ်မကတော့ မပြောင်းမလဲ ပေါဆဲပါပဲ။

အစ်မရေ ငှားပါလား ဖတ်ချင်လို့ ..း)
ညီမလည်း ပြောင်းလဲသွားတာတွေ အများကြီးပဲ
အသက်အရွယ် နဲ့ ပတ်ဝန်းကျင်က လူနဲ့ အတွေးအခေါ်ကို ပြောင်းလဲစေတယ်နော်
မဖြစ်မနေဆိုတဲ့အခြေအနေတွေလည်း ပါမယ်ထင်တယ်
အကျင့်ပါသွားတာလည်း ဖြစ်မယ်
အများကြီးပဲ အများကြီးပဲ စဉ်းစားမိသွားပြီ

ပြောင်းလဲတာလည်းရှိပါတယ် မပြောင်းလဲနိုင်တာလည်းရှိပါတယ် မမရယ် တစ်ခါတစ်ခါ ပြောင်းပြန်တွေဖြစ်နေလို့ ဘယ်လိုဖြစ်သွားတာပါလိမ့်လို့ တောင်ကိုယ့်ကိုယ်ကိုတွေးမိနေတယ်။ မိုးပဲ ရုပ်ရှင်ကြည့်ရင်ဆုတောင်းတယ်ထင်ထားတာ လူဆိုးတွေနဲ့မင်းသားနဲ့ရန်ဖြစ်ရင်လေ မင်းသားနိုင်အောင် ခုပြန်စဉ်းစားကြည့်ရင်တော့ ဟီးးးးးးးးးးတော်တော်ကိုးးးးးပဲနော် ကိုယ်ဆုတောင်းလိုက်လို့ မင်းသားနိုင်တယ်ထင်ပြီးပျော်နေတာလေ .....
မမဇွန်ဆိုတဲ့မင်းသမီးလေးတစ်ယောက် ကော်ဟင်...
သာယာချမ်းမြေ့ပါစေနော်
မိုး

အမက စာရေးသိပ်ကောင်းတယ်

ညီမဇွန်...တူတယ်...။ အမ ခလေးမွေးစားဖို့ လက်မခံတာမျိုး လူတွေက နားမလည်ကြဘူး၊ မိသားစု ဆိုတာ ကလေးရှိမှ ပြည့်စုံသတဲ့...ဘာဖြစ်ဖြစ်...ကိုယ့်စိတ် ကိုယ့်အမြင်ကို ကိုယ်တိုင်နဲ့ စိတ်ချင်းတူသူတွေပဲ နားလည်နိုင်မယ်....။ ဇွန့်စိတ် ပြောင်းလဲတာကို နားလည်တယ်။ မိရိုးဖလာ မဟုတ်တဲ့ ထဲထဲဝင်ဝင် ဆည်းကပ် ယုံကြည်လာတဲ့ သဘောပဲ....။

မမkom ရဲ့ အရေးကြီးဆုံးအချက်..က heart ထိတယ်ဗျာ.

မမ....ဂျင်း ဘာမှပြောမသွားတော့ဘူးနော်။ ပြုံးသွားတယ်။း)))

(ချစ်လို့ဆုတော့တောင်းပေးသွားဦးမယ်။ မမဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဘ၀မှာ မလွဲမသွေဖြစ်ခွင့်ရနိုင်ပါစေ....လို့)

သီလရှင် ၀တ်သွားမှာ စိုးရိမ်မိတယ်....

အသက်ကြီး လာသလောက် စိတ်လိုက် မပြောင်းလဲသူ တယောက်....:)
မမပြာ

ပြောင်းလဲလာတာလေးတွေ ကစိတ်ဝင်စားဖိုကောင်း
သလို၊ ကျမလည်းပြောင်လဲလာတဲ့ အရာတွေကို သတိထားလာမိတယ်။

မလေးလို အသက်ငါးဆယ်ကျော်တဲ့အခါ ဘာဆိုဘာမှ မလိုချင်ပဲ ရှိတဲ့ဆံပင်တောင် တုံး ပစ်ချင်လာလိမ့်မယ်နော် :P

ကျနော်ကတော့ နေနဲ့အမျှ မပြောနဲ့ အချိန်နဲ့အမျှကို ပြောင်းလဲ နေတာလေ.

ပြောင်းလဲတာကို သဘောကျတာ ရှိသလို သဘောမကျတာလဲရှိရဲ့..။



ဒါနဲ့ ရည်းစားရှိပြီးလား..

သဘောရိုးနဲ့မေးတာနော်.။

ဟုတ်တယ် ဇွန်
ကိုယ်လည်း ပြောင်းလာတာတွေ အများကြီးပဲ။ မပြောင်းဘဲ တိုးလာတာတွေလည်း အများကြီးပဲ။
ပိုဆိုးလာတာတွေလည်း အများကြီးပဲ။

=)

ဟုတ်တယ်..အသက်နဲ့အမျှတော့ အမြင်တွေက ပြောင်းလဲ
သွားတာတော့ အမှန်ပဲ။တစ်ချို့အမြင်တွေက ကောင်းတဲ့
ဖက်ကို၊တစ်ချို့ အမြင်တွေကြတော့လဲ...။

ဟုတ်တယ်နော် အစ်မဇွန်... အသက်ရယ် အတွေ့အကြုံရယ်နဲ့ အမျှ ရင့်ကျက်ပြောင်းလဲလာကြတာပါပဲ။ ဒါကြောင့်လဲ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ (ဥပမာ အိမ်ထောင်ရေး)ကို အသက်ကလေး နည်းနည်းရလာမှ လုပ်တာကောင်းတယ်လို့ လူကြီးတွေ ပြောကြတာ။ ဦးနုရဲ့ “ကာမတဏှာ”ကိုလည်း မဖတ်ဖူးလို့ ဖတ်ကြည့်ဦးမယ် အစ်မ...

လုပ်နှိင် တယ်ဆိုရင်အလွန်ကောင်းပါတယ်အကိုရေ ကျွန်တော်ကတော. အခုချိန် မိဘကိုလုပ်ကြွေးပြုစုချင်တယ် ချမ်းချမ်းသာသာ နဲ. တရားအလုပ်တွေကိုလည်း လုပ်စေချင်နေတယ် ၂ ခုစလုံး ပေါ.အကို အကို.လို စိတ်မျိုးမထားနှိင်သေးဘူး အခုချိန်ထိ နှိင်ငံခြားမှာ နေထိုင်လို စိတ်တွေအရမ်းပြင်းပြနေတယ် အကို အောင်မြင်တဲ.လူတယောက်ဖြစ်နေချငိနေတယ် အကိုလည်းအစစအရာရာ အောင်မြင်ပျော်ရွင်ပါစေ ပြီးတော.မိဘကို လုပ်ကြွေးပြု စု တရား အလုပ်တွေနဲ. လုပ်ကြွေးပြုစုနှိင်ပါစေ ...

အစ်မရေ ဆောရီး နော် ကျွန်တော် ဇွန်မိုးစက်ဆိုတော. ယောကျာ်း လေးထင်ပြီး အစ်ကိုလို သုံးထားတယ် ဗွေမယူနဲ.နော် ဆောတီးး))

အမရေ.. တရားနှလုံးသွင်းတာ အကျင့်ရလာတဲ့သူတွေမှာ အရာရာကို တရားယှဉ်ပြီး တွေးလာတတ်ပါတယ်.. လူသာမာန် တွေမှာ ရှိနိုင်တဲ့ အတွေးမျိုးမဟုတ်ပါဘူး။ စာတွေထဲ အမရဲ့  တရားအသိကို လေးစားစွာ သိလိုက်ရတယ်။