အားနာတတ်သော အတ္တလူများ (၂)

Category: ,


မြင်ကွင်း (၂)

ဟော... လာပါပြီ၊ လာပါပြီ၊ သူ့မျက်နှာမြင်ရရင် တစ်နေ့လုံး လုပ်ထားသမျှ ကောင်းမှုကုသိုလ်တွေ ပျောက်သွားတဲ့ အလားပဲ။ ဘယ်လိုအော့ကြောလန်မှန်းမသိဘူး။ ပြီး အနားရောက်လာရင် ကြားရမယ့် “မ၀ါရယ် အားနာလိုက်တာ၊ စိတ်မဆိုးနဲ့နော်၊ မြမှာ ငွေမလွယ်သေးလို့ပါ။ တစ်လုံးတည်း ပြန်ဆပ်ပါ့မယ်၊ ခဏဆိုင်းထားပါဦးနော်” ဆိုတဲ့ အပ်ကြောင်းထပ် ဓာတ်ပြားဟောင်းကြီးကို မကြားချင်တာမို့ တခြားလမ်းကပဲ ပတ်ထွက်ခဲ့တော့တယ်။

တကယ်ပါပဲ၊ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က စချေးသွားတုန်းကလည်း ဒီလေသံပဲ။ အဲဒီတုန်းက မ၀ါက ဒီရုံးကို စရောက်ခါစဆိုတော့ သူ့အကျင့်ကို မသိသေးဘူးလေ။ သူလှီးဖို့ အချဉ်ဖြစ်သွားတာပေါ့။ ငွေစုငွေချေးက ငွေလည်း ထုတ်ချေးရော၊ မ၀ါမယူဘူးဆိုတော့ “မ၀ါမယူရင် မြယူပါရစေ၊ နောက်လ လခထုတ်ရင် ပြန်ပေးပါ့မယ်ဆိုလို့ ချေးလိုက်တဲ့ ငွေနှစ်ရာ၊ နှစ်နှစ်ကျော်တာတောင် ပြန်ပေါ်မလာတော့ဘူး။ မ၀ါလို သာမန်ရုံးစာရေးမလေးအတွက် နှစ်ရာဆိုတဲ့ငွေဟာလည်း အရေးကြီးတာပဲ။ လခထဲက ဆပ် ဆပ်သွားရတော့ မ၀ါတစ်ယောက်တည်း လခနဲ့ ရပ်တည်နေရတဲ့ မ၀ါတို့ သားအဖနှစ်ယောက်အဖို့ ထိခိုက်တာပေါ့...။

အဲ...မ၀ါကလည်း အမှတ်မရှိလိုက်ပုံက၊ တစ်လလောက်ကြာတော့ သူက ပုဆိုးအကွက်စိပ်စိပ်လေးတစ်ထည် ယူလာပြီး “အိမ်ကလူဖို့လေ မ၀ါကြိုက်လား၊ အသိဆိုင်ကဆိုတော့ ဖောက်သည်ဈေးနဲ့ ၁၂၅ကျပ်ပဲ၊ ယူမယ်ဆို မြယူလာခဲ့ပေးမယ်” ဆိုတဲ့ စကားကို ယုံကြည်လွန်းစွာနဲ့ ၁၂၅ကျပ် ထပ်ပေးလိုက်မိပြန်ပါရော။ အမှန်ဆို အဲဒီကတည်းက “ပေး... မြယူထားတဲ့နှစ်ရာနဲ့ နှိမ်ယူလိုက်မယ်” လို့ ပါးစပ်ရဲရဲနဲ့ လုပ်လိုက်ဖို့ကောင်းတာ၊ ကိုယ်ကအားနာလိုက်မိလို့။

ရုံးအပြန်မှာပဲ အဲဒီပုဆိုးမျိုးကို အနော်ရထာလမ်းထိပ်ဆိုင်တစ်ဆိုင်မှာ မေးကြည့်တော့ နှစ်ရာကနေ တစ်ပြားမှ မလျှော့ဘူး။ အဲဒါနဲ့ မ၀ါက ကိုယ့်လုပ်ရပ်ကိုယ် ဟုတ်လှပြီထင်ပြီး ကိုလွင့်ကို ဒီပုဆိုးလေးနဲ့ စိတ်ကူးတောင် ယဉ်ကြည့်မိသေး။ သမီးရည်းစားသက်တမ်း (၃)နှစ်မှာ မောင်နှမများပြီး မချောင်လည်တဲ့ ကိုလွင်ကတောင် မ၀ါကို ပိုက်ဆံအိတ်ကလေးတစ်လုံး ၀ယ်ပေးနိုင်ခဲ့သေးတယ်။ မ၀ါမှာတော့ အိမ်စားစရိတ်ကတစ်ဖက်၊ အဖေ့ဆေးဖိုးက တစ်ဖက်နဲ့ ဘယ်လိုမှငွေပိုမထွက်နိုင်ဘူး။ အခုတောင် ဖျစ်ဖျစ်ညှစ်ညှစ်ဝယ်ပြီး လက်ဆောင်ပေးရမှာ။ 

မှန်းချက်နှင့်နှမ်းထွက်တော့ အလွဲပါပဲ။ အဲဒီငွေ တစ်ရာ့အစိတ်ကို မယ်မင်းကြီးမလက်ထဲ ထည့်လိုက်အပြီးမှာ ငွေရော ပုဆိုးရောပြန်ပေါ်မလာတော့ဘဲ “မ၀ါရယ်... အငယ်ကောင် အသားဝါဖြစ်နေလို့ လှည့်သုံးထားရတယ်၊ မြငွေပေါ်တာနဲ့ ပုဆိုးဝယ်ပေးပါ့မယ်၊ အဲဒီအရောင်လေးလည်း ဖယ်ခိုင်းထားပါတယ်၊ အားလဲနာပါရဲ့ မ၀ါရယ်” ဆိုတဲ့စကားသာ ပြန်ပေါ်လာတော့တာပဲ။

ဒါတင်ဘယ်ကဦးမလဲ၊ တစ်ရက်ရုံးကအပြန် (၃၅) လမ်းထပ်မှာ “မ၀ါ... မ၀ါ” နဲ့ အတင်းလှမ်းဆွဲပြီး “ဖိနပ်ပြတ်သွားလို့ လုပ်ပါဦး၊ ပိုက်ဆံလဲတစ်ပြားမှ မပါဘူး၊ မြ သင်္ကန်းကျွန်းအထိပြန်ရမှာ” ဆိုပြီး လုပ်ပြန်ရော။ ပြန်မရမယ်မှန်း သိနေပေမဲ့လည်း ကိုယ့်ကိုအကူအညီတောင်းနေတဲ့ သူတစ်ယောက်ကို မကူညီနိုင်ဘူးလို့ပြောဖို့ အားနာတာရော၊ သူရုပ်ပျက်ဆင်းပျက်လုပ်ပုံကြီးက ဘေးက၀ိုင်းကြည့်နေတဲ့ သူတွေကို ရှက်တာရော ပေါင်းပြီး အဲဒီတစ်လအတွက် နောက်ဆုံးကျန်တဲ့ငွေ (၇၅) ကျပ်ကို ပေးလိုက်ရပါရောလား။

အားလုံးပေါင်းတော့ သူ့ဆီမှာ မ၀ါပိုက်ဆံ ၄၀၀။ ၄၀၀ ကြီးများတောင်ပါလား။ ခုတော့ နောက်ထပ်နှစ်နှစ်သာ ကြာသွားရော ကိုလွင့်ကိုလဲ ဘာလက်ဆောင်မှ မပေးနိုင်ခဲ့ဘူး၊ တွေးတိုင်း ရင်နာတယ်။

သူ့ကိုတွေ့လိုက်တိုင်းလည်း ကိုယ်က စမပြောရသေးဘူး၊ သူကချည်းပဲ “အားနာလိုက်တာ မ၀ါရယ်” အစချီလို့ ဒီအကြောင်းပြောပြောနေတော့ မ၀ါက ဘယ်လိုတောင်းရတော့မလဲ။ ဒီနေ့လဲ လခထုတ်ရက်၊ သူ့ဆီမှာ ပိုက်ဆံရှိမှာ အမှန်ပဲ။ ဒါပေမဲ့ သူ့နားသွားတာနဲ့ “အားနာလိုက်တာ” က စလာတော့မယ်။ မလှမ်းမကမ်းက စားပွဲက ငွေရေနေတဲ့သူ့ကို မ၀ါစိုက်ကြည့်နေမိတယ်။ တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ။ သူက ငွေ၄၀၀ကို စားပွဲပေါ် သပ်သပ်တင်ပြီး၊ ကျန်တာကို အိတ်ထဲထည့်ရင်းက “စုရေ... မြ ၄၀၀ ပေးလိုက်မယ်၊ ကျန်တာတော့ လကုန်မှပေါ့နော်၊ မနက်က စုပြတဲ့ အစိမ်းရောင်လေးပဲ” တဲ့။

အော်... အော်... လက်စသတ်တော့ မနက်က စုစုပြတဲ့ ဘီဘဲလ်ကို ၀ယ်မလို့ကိုး။ မ၀ါပိုက်ဆံကိုတော့ ဆပ်ဖို့ မစဉ်းစားဘူး၊ သူတို့ကိုကြည့်ရင်း မ၀ါအကြံတစ်ခုရလာတယ်။ ဖုံးနားကို အသာကပ်သွား၊ ဖုံးခွက်ကို ကောက်ကိုင်ပြီး အသံကျယ်ကျယ်နဲ့ “ဘာ... အဖေမူးလဲသွားတယ်... ဟုတ်လား”

ဟော... သူတို့လှမ်းကြည့်နေကြပြီ၊ ဖုန်းထဲက နားအူဖွယ် အော်တိုသံကြီးကို သည်းခံနားထောင်ရင်း... “ဟင်... အခုဘယ်မှာလဲ” “ဆေးရုံတင်လိုက်ရတယ်၊ အေး... ငါအခုလိုက်ခဲ့မယ်၊ အမယ်လေးဒုက္ခပါပဲ။ ဂွပ်”

ဖုန်းခွက်ကို ဟန်ပါပါပစ်ချရင်း အရမ်းကိုစိတ်ပူနေတဲ့ အကယ်ဒမီရှော့မျက်နှာနဲ့ သူ့စားပွဲနားကို ပြေးသွားလိုက်တယ်။ သူက မ၀ါကို ကြောင်တောင်တောင်နဲ့ ပါးစပ်ဟကြည့်နေတုန်း...

“အမယ်လေး... မြရေ... စုရေ... ကယ်ကြပါဦး၊ အဖေဆေးရုံတင်ထားရလို့တဲ့၊ မ၀ါလိုက်သွားမှ ဖြစ်တော့မယ်။ လခလဲ နောက်နေ့မှထုတ်တော့မယ်၊ မစောင့်နိုင်တော့ဘူး၊ မ၀ါကို ပိုက်ဆံလေးရာလောက် ချေးလိုက်စမ်းပါ၊ အဖေ ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး။ မ၀ါမှာ ငွေမပါသွားလို့ မဖြစ်ဘူး၊ မြ... အားတော့နာပါရဲ့ကွယ် ဒီငွေလေးရာ မ၀ါ ခဏယူသွားမယ်နော်၊ မနက်ဖြန်မှ ပြန်ယူတော့၊ မ၀ါမှာ ကူညီမဲ့သူဆိုလို့ မြတို့ပဲရှိတယ်၊ သွားမယ်နော်မြ... မနက်ဖြန် ဆက်ဆက်ပြန်ပေးမယ်”

ပြောပြောဆိုဆို ပိုက်ဆံလေးရာကိုကောက်ပြီး ခြင်းကိုဆွဲလို့ မ၀ါ တစ်ချိုးတည်းလစ်ခဲ့တယ်။ အမလေး... ပိုင်လိုက်တဲ့ ငါ့အမူအရာ၊ လက်ထဲက ငွေလေးရာကို ပီတိပြုံးနဲ့ကြည့်ရင်း မ၀ါခြေလှမ်းတွေက ဗိုလ်ချုပ်ဈေးဆီ၊ အဖေ့ဆေးဖိုးအတွက် တစ်ရာဖယ်ပြီး ကျန်တာကို ကိုလွင့်အတွက် ပုဆိုးလှလှလေးတစ်ထည် မြမာလာမှာ ၀င်ဝယ်ပေးလိုက်မယ်။ မနက်ဖြန် ဟိုမိန်းမ လာတောင်းရင် “အားနာလိုက်တာ မြရယ်၊ မ၀ါလဲ ငွေမလွယ်တော့ဘူး၊ မြယူထားတဲ့ ငွေနဲ့ချေလိုက် ပါတော့နော်” လို့ ပြောပစ်လိုက်မယ်၊ ဘာရမလဲ၊ သူတတ်သမျှ ပညာတွေ မ၀ါလဲတတ်သွားပြီ။

“အားနာတယ်... အားနာတယ်နဲ့ ကိုယ့်ဆီက ရိတ်သွားတဲ့သူတွေကို ကိုယ်ကလည်း အားနာတယ်ဆိုပြီး ပြန်ခုတ် လိုက်တော့လည်း အဆင်ပြေသွားတာပေါ့၊ ဟင်း... ဟင်း... ဟင်း... ။


သင် (ဆေး- ၁)

------------------------------------------------------------------------------------------------------------------------

မြင်ကွင်း (၃) ကို ဆက်လက်ဖော်ပြပါမည်။

Comments ( 11 )

အင်း...အဲဒီ ပညာတော့ တတ်ချင်တယ်၊ အမလည်း စလုံး ၂၀၀၊ ၂၀၀ နဲ့ ချေးလိုက်တိုင်း ဆုံးတာ များပြီ....:))

:)...အင်း.. အဲဒီအားနာတတ်တဲ့စိတ်ကလည်း မကောင်းဘူးနော်..... စိတ်ညစ်စရာရယ်.....း)))... ဖတ်ရင်းနဲ့ မချိသလိုလည်းခံစားရတယ်.. ပြုံးလည်းပြုံးသွားရတယ်....

ခင်မင်တဲ့
နေ၀သန်

တကယ်ချီးကျူးပါတယ်...

ကိုယ့်ခမျာ ကိုယ့်စာတောင်ကိုယ်မရေးနိုင်အား

သြော်...

အားရလိုက်တာ
:)

မလေးလည်း ကမ္ဘာ့ဖလားပဲ ဖြစ်နေလို့ ဘယ်မှမရောက်ဖြစ် ဇွန်ရေ..
ဂျီ၈-ဂျီ၂၀ကတော့ တိုရန်တိုမှာ အကြီးအကျယ်ဖြစ်နေကြလို့ ...

ခဏနေ ဘရာဇီးနဲ့ချီလီလာတော့မယ်..
အင်္ဂလန်တော့ ထွက်သွားရပြီနော်.. ဂျာမဏီကအရမ်းကောင်းတယ်.. အင်္ဂလန်ရဲ့ controversial goal ရရင်တောင် နိုင်မှာပဲ ဂျာမဏီက.. သို့ပေမယ့် ၂-၂ ဆိုရင် အင်္ဂလန် စိတ်ဓာတ် တက်ကောင်းတက်မယ်။ 1966 ပွဲက တစ်ပတ်ပြန်လှည့်လာတယ်နော်..

ဘောလုံးပွဲ မကြည့်နိုင်တော့ဘူး...ကောင်မလေး အိပ်သွားပီ....း)

သြော်....အဲဒီလို ပညာပေးဖို့များ ၂နှစ်တောင် စောင့်ယူရတယ်....ဟင်းးးးးးး

း)))))))))))))
သာယာချမ်းမြေ့ပါစေနော်
မိုး

ဟိ ကောင်းလိုက်တာ

မိုက်တယ် .... သည်းခံပေးလို့ သူတို့ ပိုကောင်းလာတာမဟုတ်ဘူး ... ကိုယ့်ပိုက်ဆံကလည်းအလကားရတာမဟုတ်ဘူး ... ကိုယ်ဆိုလဲ အဲ့လိုပြန်လုပ်ပစ်ချင်တယ် ....