စတုတ္ထရိပ်သာ

Category:

စတုတ္ထရိပ်သာအမည်ရတဲ့ ဒီလမ်းကို သူမစရောက်ခဲ့ဖူးတာ လွန်ခဲ့တဲ့ ကိုးနှစ်ခန့်က။ နိုင်ငံရပ်ခြားကို ပထမဆုံး ရောက်တဲ့နေ့မှာပဲ လေဆိပ်ကနေ သူမနေထိုင်ရမည့်အိမ်သို့ ဖေဖေနှင့်အတူလိုက်ပါခဲ့သည်။ ကားပေါ်က ဆင်းတော့ သူမထင်ထားသလို မိုးထိတိုက်ခန်းတွေ၊ ဆူညံနေသော ကားသံတွေရှိမနေဘဲ တိတ်ဆိတ် ငြိမ်သက်နေသော ပတ်ဝန်းကျင်မှာ တစ်ဆယ့်နှစ်ထပ်မြင့်တိုက်တန်းတွေသာ တွေ့ရသည်။ အုပ်အုပ်ဆိုင်းဆိုင်း ကုက္ကိုပင်ကြီးတွေ တစ်ဘက်တစ်ချက်စီရှိနေသော လမ်းမကြီးကိုကြည့်ပြီး ကျေနပ်သွားသည်။ တိုက်အနောက်မှာလည်း စကားဝါ ပန်းပင်လေးတွေကို အတန်းလိုက်တွေ့ရသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုသစ်ပင်ပန်းပင်တွေနှင့် နီးရာပတ်ဝန်းကျင်မှာ နေထိုင်ရမည်ဆိုတော့ သူမ၀မ်းသာသွားမိတာ အမှန်ပင်။

စတုတ္ထရိပ်သာလမ်းကိုလည်း သူမမြင်မြင်ချင်း သဘောကျသည်။ လမ်ဘေးဝဲယာတစ်လျှောက် အပင်ကြီးတွေနှင့် ကားအသွားအလာ ဆူညံမှု သိပ်မရှိသောကြောင့်လည်း ဖြစ်မည်။ တစ်ဘက်မှာ လမ်းဆုံးသွားပြီး ဆက်သွားရန် လမ်းမရှိတော့သောကြောင့်  ဒီလမ်းမပေါ်မှာ ကားတွေ သိပ်မဖြတ်သန်းခြင်းဖြစ်ကြောင်း နောက်ပိုင်းမှာသိရသည်။ သူမက လမ်းအလယ်လောက်မှာ နေထိုင်သူဖြစ်ပြီး လမ်းမကြီးက ဖြောင့်မသွားဘဲ ကွေ့သွားသောကြောင့်  အိမ်ပေါ်မှ လှမ်းကြည့်လျှင် လမ်းဆုံးသို့မမြင်ရပါ။

လမ်း၏ဟိုဘက်မှာ ရေမြောင်းကြီးခံနေ၍ လမ်းဆုံးသွားရကြောင်း အတူနေအန်တီနှင့် လမ်းလျှောက်ထွက်ချိန်မှာ သိလိုက်ရလိုက်သည်။  ကားလမ်းမရှိတော့သော်လည်း တံတားဖြတ်ကာ တစ်ဘက်ရပ်ကွက်ကို လွယ်ကူစွာ သွားလာနိုင်ကြောင်း တွေ့ရသည်။ မြောင်းကြီးဘေးတစ်လျှောက်မှာ အပြေးလေ့ကျင့်ရန် သပ်ရပ်ညီညာသော ကွန်ကရစ်လမ်းငယ်လေး လုပ်ထားပေး၍ ညနေခင်းပိုင်းတွေဆိုလျှင် လေ့ကျင့်ခန်းလုပ်သူ၊ စက်ဘီးစီးသူ၊ အပြေးလေ့ကျင့်သူများဖြင့် အမြဲစည်ကားနေလေ့ရှိသည်။

လမ်းအစမှအဆုံးသို့ သူမနှုန်းထားအတိုင်းလျှောက်လျှင် ဆယ့်ငါးမိနစ်ခန့်သာကြာမြင့်သည်။ သူမနေထိုင်ရာ အနီးအနားရပ်ကွက်မှာ ပထမရိပ်သာမှ ဆဌမရိပ်သာတိုင်အောင် လမ်းမကြီးခြောက်ခုရှိသည်။  ထိုလမ်းအားလုံး သူမရောက်ဖူးသော်လည်း သူမနေထိုင်ရာ စတုတ္ထရိပ်သာလမ်းကိုသာ အနှစ်သက်ဆုံးဖြစ်သည်။ တကယ်ဆို ဒီလမ်းက  နယူးယောက်မြို့တော်မှ ပဉ္စမရိပ်သာလမ်းမကြီးကဲ့သို့ ကမ္ဘာကျော် အဆောက်အဦတွေ၊ နာမည်ကြီးဈေးဆိုင်တွေ ဘာမှမရှိ။ ပျားပန်းခတ်မျှသော လူတွေ ကားတွေ သွားလာနေခြင်းလည်းမရှိပါဘဲ ဘာကြောင့် သူမ ဒီလောက် နှစ်သက်သဘောကျမိမှန်း မသိပါ။

စတုတ္ထရိပ်သာလမ်းနှင့်ခွဲခွာပြီး ခြောက်နှစ်အကြာ တိုင်ဆိုင်စွာပင် ဒီလမ်းပေါ်တစ်ခေါက် ပြန်လည်နေထိုင်ခွင့်ကြုံရတော့ သူမ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ လမ်းမကြီးအစအဆုံးပြန်လျှောက်မိတော့ ကြည်နူးရပြန်သည်။ သူမတို့သာ ကျောင်းသားဘ၀မှ လုပ်ငန်းခွင်ဘ၀သို့၊ တစ်ကိုယ်တည်းဘ၀မှ မိသားစုနှင့်ဘ၀သို့ အမျိုးမျိုးပြောင်းလဲခဲ့ကြသော်လည်း ဒီလမ်းမနှင့်သစ်ပင်ကြီးတွေကတော့ အရင်အတိုင်း ပြောင်းလဲမှုမရှိ။ ဒီလမ်းတစ်လျှောက်မှာ သူမငိုကြွေးခဲ့ဖူးသည်။ ရယ်မောပျော်ရွှင်ခဲ့ဖူးသည်။ စိတ်ဓါတ်တွေ ကျဆုံးခဲ့ဖူးသလို မျှော်လင့်ချက်တွေလည်း  တောက်ပခဲ့ဖူးသည်။

သူမစိတ်လိုလက်ရ ခံစားပေါက်ကွဲသမျှ စောဒကမတက်ဘဲ ငြိမ်သက်စွာလက်ခံနားလည်ပေးသော ဒီလမ်းပေါ်မှာ သူမလမ်းတွေဆက်လျှောက်ဖြစ်နေအုံးမည်။ မျှော်လင့်ချက်တွေ မွေးဖွားနေမိအုံးမည်။ နောက်ထပ်နေရာဒေသအသစ် တစ်ခုသို့ ပြောင်းရွှေ့ခွင့်မကြုံမချင်း စတုတ္ထရိပ်သာလမ်းထက်မှာ သူမ၏ခြေရာတွေ ထင်နေအုံးမှာဖြစ်သည်။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

Comments ( 11 )

တစ်ခါတစ်ခါ သက်မဲ့တွေကို တွယ်တာရတာက ပိုပြီး စိတ်ကို လွတ်လပ်ပေါ့ပါးစေတယ်။ ငြိမ်းချမ်းစေတေယ်..။

ဖွန်မိုးစက် ပြောတဲ့ လမ်းလေးပေါ် ညတိုင်း ကျနေယာ် လျှောက်ဖြစ်တယ်..။ သိပ် စိတ်ကြည်နူး ငြိမ်းချမ်းဖို့ ကောင်းတယ်။

တံတား တစ်ဘက်ကို ကျော်လိုက်ရင်တော့ ကျနော်နေတဲ့ ရပ်ကွက်ကို ရောက်ပီ..
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ

ခင်တဲ့

ဘယ်နားမှာလဲဟင် မမင်း လည်း နေချင်စိတ်တွေတဖွားဖွား ပေါ်လာလို့ပါ...

sunday တိုင်းမဒီနဲ့လိုက်ပြီးလမ်းလျောက်ရင် ပိုပြီး စိတ်ချမ်းသာမယ်

လမ်းကလေးတောင်မျက်စိထဲမြင်လာတယ်။

တနေ့နေ့တော့ လမ်းတူတူလျှောက်ပြီး စကားတွေ ပြောကြရအောင်း)))

လမ်းနာမည်လေးကို မြန်မာမှုပြုထားတာ အရမ်းလှတယ်...
I also stayed there at the first time as well. I like it too... :)

ဒီနေရာလေး သိသလို မသိသလိုပါပဲ...

တဂ်ထားကြောင်း ဒီမှာပဲ ရေးခဲ့ပါရစေနော်

ကိုမိုးကုတ်သား ဖိတ်ခေါ်တယ်ဆိုတော့ လာလည်ရမှာပေါ့လေ

ဇွန်တို့နား ပြောင်းလာခဲ့ပါလား မမင်းရေး)

ဒီတစ်ခါလမ်းလျှောက်ဖြစ်ရင် ခေါ်ပါအုံး သူငယ်ချင်း မဒီ

ပိုမြင်သွားအောင် ဓာတ်ပုံမထည့်လိုက်ရဘူး မရှင်လေးရယ်

အိုကေ...ဖိုးစိန်

ကိုဝဏ္ဏရေ... ဆရာမြသန်းတင့်က 'လေလွင့်သူ' ဘာသာပြန်ဝတ္ထုမှာ 'Fifth Avenue' ကို 'ပဉ္စမရိပ်သာ' ဆိုပြီး မြန်မာမှုပြုထားလေး နှစ်ခြိုက်မိပြီး မှတ်မှတ်သားသားရှိနေလို့ 'င်္င်္4th Avenue' ကိုလည်း 'စတုတ္ထရိပ်သာ' လို့ပဲ ပြန်ဆိုလိုက်တာပါ။

အစ်မသီတာ တဂ်လုပ်ထားတယ်ဆိုတော့ ပထမဆုံးတဂ်ပို့စ် ရေးရတော့မယ်။း)

4th Avenue ကို စတုတ္ထရိပ်သာလို့ သုံးသွားတာလေး လှလိုက်တာ အစ်မဇွန်။ တခါတလေကျတော့ အဲဒီလိုပဲ ကိုယ်ဖြတ်သန်းရုန်းကန်ခဲ့တဲ့ အချိန်တွေမှာ ကိုယ့်အနားရှိဖူးတဲ့ သက်မဲ့တွေကိုလည်း တွယ်တာမိတတ်ကြတယ်နော်.. လမ်းလေးကို မျက်လုံးထဲ မြင်လာမိပါတယ်...

2005 New Year နယူးယောက်ခ် ရောက်တုန်းက ပဉ္စမရိပ်သာလမ်းပေါ်မှာ တိုးကြိတ်နေကြတဲ့လူတွေကို ကြည့်ပြီး အံ့သြပျော်ရွှင်မိတာ။ မောင်ထွန်းသူရဲ့ ကမ္ဘာ့ရန် ၀တ္ထုထဲက နောက်ဆုံးခန်းကို ပြန် သတိရလာမိလို့..။

အခု ညီမ ရေးပြမှ နောင်တခါလာလည်ရင် စတုတ္ထရိပ်သာလေးပေါ် လမ်းလာလျှောက်အုံးမယ်။ ညီမ စာရေးအလွန်ကောင်းတယ်။

ဒီပိုစ့်လေးကို အမ အခုမှတွေ့တယ်...
အဲဒီ စတုတ္ထရိပ်သာမှာ အမတို့ ၆ နှစ်ကျော် နေခဲ့ဖူးတယ်... သိပ်အေးချမ်းတဲ့နေရာလေး...
ပြီးတော့ ညတိုင်း ရေမြောင်းလေးဘေးက လမ်းပေါ်မှာ လမ်းလျှောက်ဖြစ်ကြတယ်...

ဒီအတိုင်းဆို အဲဒီ စတုတ္ထရိပ်သာမှာ ဘလော့ဂ်ဂါတွေ အများကြီး နေခဲ့ကြတာပဲ... ဘိုဘိုကလည်း စတုတ္ထရိပ်သာနဲ့ မလှမ်းမကမ်းလေးမှာ နေတာကိုး... အခုမှသိတယ်...း)))