အလွမ်းရင့် ပန်းတစ်ပွင့်

Category:

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည်။ လေပြင်းပြင်းအဝှေ့တွင် ရွက်ခြောက်များ ဝေ့၀ဲလွင့်ပျံ့လျက် ရှိချိန်မှအပ အရာရာသည် ဆိတ်ငြိမ်လွန်းနေသည်ဟု သူမထင်မြင်မိသည်။ သူမရောက်ရှိရာ ဒေသအတွင်း အမိုးချွန်စောက်သောအိမ်လေးများ လှပစွာ စီရရီရှိနေသည်။ ဆီးနှင်းများထူထပ်စွာ ကျရောက်ပါက နှင်းများ အိမ်အမိုးပေါ် တင်ကျန်မနေစေရန် အမိုးစောက်စောက် အသုံးပြု ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း လွန်ခဲ့သောခုနစ်နှစ်က ဤဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သော သူမကို သူပြောပြခဲ့ဖူးသည်။

လေကပြင်းသထက်ပြင်းလာသောကြောင့် သူမခြေလှမ်းတို့ကို ပို၍သွက်လိုက်ပြီး ကိုယ်ကိုမယိုင်လဲစေရန် အားထုတ်၍ လျှောက်လာခဲ့သည်။ ကမ်းခြေနှင့်နီးသောကြောင့်လည်း ဖြစ်မည်ထင်ပါသည်၊ လေက အတော့်ကို ထန်လျက်ရှိနေသည်။ အင်္ကျီထူထူထဲ လက်နှိုက်ထားရင်း လေကြောင့်ဝေ့၀ဲဖွာစပြုနေသော ဆံပင်တို့ကိုပင် သူမ မသပ်အား။

ရောက်ခဲ့ပြန်ပြီပေါ့။ တစ်ချိန်က သူနှင့်သူမတို့အတူနေထိုင်ခဲ့ဖူးသော၊ အခြားနိုင်ငံရပ်ခြားမှ ကျောင်းသူ ကျောင်းသားပေါင်းများစွာတို့ ပညာသင်ယူစဉ်က စုဝေးနေထိုင်ခဲ့ဖူးသော ရိပ်မြုံတစ်ခုသို့  ပြန်လည်ရောက်ခဲ့ပါပြီ။ သူမကို ယခုထက်တိုင် မှတ်မိနေဆဲဖြစ်သော အိမ်ရှင်က ဆီးကြိုနှုတ်ဆက်သည်။ "အလည်လာတာလား" ဟူသော အမေးကိုမေးရင်း သူမကိုဧည့်ခံပါသည်။ သူမမျှော်လင့်ထားသလိုပင် သူ့ကိုမေးပါသည်။ သူ့အကြောင်းမေးပါသည်။ သူမနှင့်သူတို့ လူမျိုးဘာသာတူ၊ သွားအတူ၊ စားအတူ၊ ပညာသင်ကြားရာအတူတူဖြစ်ခဲ့သောကြောင့် သူမကိုမြင်၍ သူ့အကြောင်းမေးခြင်းမှာ အထွေအထူး အံ့သြစရာမရှိပါ။ သူမက ၀တ်ကျေတန်းကျေ ပြန်လည်ဖြေဆိုလိုက်ပါသည်။

ထို့နောက် အိမ်ရှင်ဇနီးမောင်နှံနှင့်အတူ စကားလက်ဆုံ ကျသွားပါသည်။ ယခုမူ သူတို့အိမ်ကလေးကို မငှားတော့ကြောင်း၊ သူတို့သမီးရှိရာ အခြားနိုင်ငံသို့ ပြောင်းရွှေ့လိုက်ပါတော့မည်ဖြစ်ကြောင်း၊ ထိုဒေသမှာ ယခုထက်ပို၍ နေရောင်ရပြီး ရာသီဥတု အတန်အသင့်နွေးထွေးကောင်းမွန်ကြောင်း စသည်ဖြင့် အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုတို့၏ ဓမ္မတာအတိုင်း သူတို့ရင်တွင်းရှိသမျှ ပြောပြပါသည်။ "မင်းနေခဲ့တဲ့အခန်းကြည့်ချင်သေးလား၊ ဒီမှာသော့ရှိတယ်" အိမ်ရှင်ကပြောပြောဆိုဆိုပင် သော့ယူ၍ သူကိုယ်တိုင် ဦးဆောင်ကာ အပေါ်ထပ်ရှိရာတက်ရန် ပြင်ပါသည်။ သူမကလည်း ခေါင်းမခါဘဲ အလိုလို သူ့နောက် လိုက်ပါသွားမိသည်။

တစ်ချိန်က ဤလှေကားအတက်အဆင်းကို အခေါက်ပေါင်းများစွာ ပြုလုပ်ဖူးသည်။ သူမ လှေကားပေါ်က ခြေချော်၍ ပြုတ်ကျတုန်းက သူက အလန့်တကြား ဆီးပွေ့ဖူးသည်။ သော့ဖွင့်သံကြားမှ သူမအတွေးတို့ ရပ်တန့်သွားသည်။ အခန်းထောင့် စာကြည့်စားပွဲမှအပ ကော်ဇောအပြည့်ခင်းထားသော အခန်းမှာ ဖုန်မရှိဘဲ ရှင်းလင်းနေသည်။ သစ်သီးနံ့တစ်မျိုးရသည်ဟု သူမစိတ်တွင်း ခံစားမိသည်။ လွန်ခဲ့သော ခုနစ်နှစ်က စာကြည့်စားပွဲနှင့်ထိုင်ခုံသည် ပျက်စီးယိုယွင်းမှုမရှိပါ။ သူမနောက်တွင် အခြားကျောင်းသူကျောင်းများလည်း နေထိုင်သွားခဲ့သည်ပဲ။ အနီရောင် ကော်ဇောပေါ်လျှောက်လှမ်းစဉ် လွမ်းဆွတ်ဖွယ်ကောင်းသော ခံစားမှုက ရင်တွင်းတစ်နေရာမှာ ပျော်ဝင်လျက်ရှိသည်။ "ကျွန်မ သူ့အခန်းရော ကြည့်လို့ရမလား" ခွင့်တောင်းသံစွက်သည့် သူမအမေးကို အိမ်ရှင်က ခေါင်းညိတ်ရင်း သော့ပေးသည်။ သူ့အခန်းမှာ သူမနှင့် မျက်နှာချင်းဆိုင်မကျတကျအခန်းဖြစ်သည်။ သူ့အခန်းကို သူမကိုယ်တိုင် သော့ဖွင့်ဝင်ရခြင်းက ရန်ခုန်သံကို အနည်းငယ်နွေးထွေးစေပါသည်။

တစ်ချိန်က အလွန်တရာ ပွရှုပ်နေခဲ့သော၊ သူမ မကြာခဏ ရှင်းလင်းခဲ့ရဖူးသော အခန်းကလေးသည် ယခုတော့ တိတ်ဆိတ်သန့်ရှင်းလို့နေသည်။ အခန်းထောင့်တစ်နေရာက စက္ကူပစ်သော ကြိမ်ခြင်းကလေးကို သူမတွေ့လိုက်ရသည်။ ဒါ သူဝယ်ခဲ့တဲ့ ခြင်းကလေးပဲ။ အခုထက်ထိရှိနေဆဲပဲ။ သူမရင်မှာ နာကျင်မှုတို့ ရောပြွမ်းသော လွမ်းဆွတ်ခြင်းကို ခံစားလိုက်ရသည်။ " ကျွန်မ ဒါလေး ယူသွားလို့ရမလား၊ ဒါ သူဝယ်ခဲ့တဲ့ ပစ္စည်းလေးတစ်ခုပါ" အိမ်ရှင်က သူမ စကားကိုကြားတော့ အတန်ငယ် အံ့သြသွားကာ "ရတယ်လေ၊ အခု ဘယ်သူမှလည်း အသုံးပြုကြတော့တာ မဟုတ်ဘူး၊၊ ဒါနဲ့ မင်းကြည့်ရတာ ..... နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ဖြစ်ခဲ့ပုံပဲ" "ဟုတ်ကဲ့၊ ကျွန်မတို့ လမ်းခွဲခဲ့ကြတယ်" "အို..." ဟူသော အာမေဍိတ်နောက်တွင် သူမ၏ ခံစားချက် အနည်းအကျဉ်းကို ရိပ်မိသွားဟန်တူသော မျက်လုံးအစုံကို တွေ့မြင်လိုက်ရသည်။ "အရာရာတိုင်းက ပြောင်းလဲနေတာပဲ" ဟု အိမ်ရှင်က ရေရွတ်ယင်း အခန်းတံခါး ပြန်ပိတ်ဖို့ပြင်သည်။

သူမ အောက်ရောက်တော့ ယခုတိုင် မခွဲမခွာချစ်ခင်နေထိုင်လျက်ရှိသော အိမ်ရှင်ဇနီးမောင်နှံအား နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။ ဆောင်းဝင်ခါစဖြစ်သော်လည်း သူမအဖို့ ချမ်းလွန်းနေသည်။ ဈေးဝယ်အိတ်ကြီးကြီးထဲ ထည့်လာသော ကြိမ်ခြင်းပါသော အိတ်လေးကိုဆွဲ၍ သူမဆက်လျှောက်လာသည်။ လေကထန်ဆဲ။

လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်ကလေးများမှာ မီးရောင်မြင်စပြုပြီ။ ရှေ့မှာ သူမတို့မကြာခဏ ၀ယ်လေ့ရှိသော ကုန်စုံဆိုင်လေးကို တွေ့ရသည်။ သူ့ဘေးကပ်လျက်ကဆိုင်မှာ သူမတို့ထမင်းဟင်းချက်ဖို့ပျင်းလျှင် ဖုန်းဖြင့် ဒါမှမဟုတ် လူကိုယ်တိုင် မကြာခဏ ၀ယ်ယူမှာစားခဲ့ဖူးသော အရှေ့တိုင်းစားသောက်ဆိုင်လေးက ယခင်အတိုင်းပင် ရှိနေသည်။ သူမက အတွေးများစွာနှင့် ဖြတ်လျှောက်လာရင်းနှင့်ပင် ဘူတာရုံသို့ ရောက်တော့မည်။ ဘူတာရုံနှင့်မလှမ်းမကမ်းတွင် ရုပ်ရှင်ရုံနှင့် ဈေးဆိုင်ခန်းများစွာရှိသည်။ ဟယ်ရီပေါ်တာကား ရုံစတင်သောနေ့က အိပ်ရေးပျက်ခံ၍ သူနှင့်သူမ အစောကြီးရုပ်ရှင်ရုံသို့ လာကြသည်။ ကိုယ့်ထက်ပင်ဦးစွာရောက်ရှိနေသော လူကြီးများနှင့်ကလေးများမှာ မနည်းလှ။ ရှည်လျားသော လူတန်းကြီးကို စိတ်ရှည်စွာစောင့်ရင်း ကြည့်ခဲ့ရသည်ကို မမေ့နိုင်သေး။ အို...ဘယ်နေရာသွားသွား သူနှင့်သူမတို့ အမြဲတတွဲတွဲပါလား။ သူမကြည့်လေရာ ပတ်ဝန်းကျင်ကတော့ ယခင်အတိုင်းမပြောင်းလဲဘဲ ဘာဖြစ်လို့များ သူမတို့ကျမှ...။

ဘူတာရုံထဲရောက်တော့ သူမစီးရမည့်ရထားက ဆိုက်နှင့်နေပြီ။ သူမရထားပေါ်တက်၍ သိပ်မကြာမီပင် ရထားစထွက်သည်။ ဒီမှာက အချိန်တိကျလွန်းသည်မို့ ရထားစထွက်ချိန်မှာ တစ်မိနစ်မျှပင်မလွဲ။ ဆိုက်ရောက်တော့လည်း အချိန်က တိကျသည်။ သူမသွားရမည့်ခရီးမှာ တစ်နာရီခန့်သာ ကြာပါသည်။ သူမတစ်ယောက်တည်း ခရီးသွားခြင်းမှာ သူနှင့်ခွဲခွာပြီးနောက် ပထမဆုံးအကြိမ်ဟုဆိုနိုင်ပါသည်။ သူမတို့နှစ်ယောက် ရထားစီး၍ ခရီးရှည်ကိုလည်း အတူသွားခဲ့ဖူးသည်။ အရာရာကို နှစ်ယောက်အတူ ရင်ဆိုင်ဖြတ်သန်းခဲ့သော သူသည်ရော သူမကိုနည်းနည်းလောက်မျှ သတိရခြင်းမရှိတော့ဘူးလား။ တစ်စုံတစ်ယောက်ကများ သူ့ကို သူမကြောင်းမေးလာခဲ့ရင် သူဘယ်လိုဖြေမှာလဲ။ သူမက အတွေးတွေ တစ်ပုံကြီးနှင့်လိုက်ပါလာရင်း ခရီးတစ်ထောက်ပြန်ရောက်ခဲ့သည်။

ဘူတာရုံမှာ ပျားပန်းခတ်သောလူများ သွားလာလှုပ်ရှားလျက်ရှိသည်။ လေဆိပ်တစ်ခုအလား ကျယ်ဝန်းလှသဖြင့် လူကြားထဲပျောက်မသွားရအောင် သူမလက်ကို တင်းတင်းဆုပ်ကိုင် ထားခဲ့ဖူးသော ယောက်ျားတစ်ယောက်သည် သူမနှင့်အတူ ဘ၀ခရီးရှည် လျှောက်လှမ်းရမည်ကိုတော့ ၀န်လေးခဲ့ပုံရသည်။ သူမ မဟုတ်သောအခြားတစ်ယောက်နှင့် လက်တွဲဖြတ်သန်းဖို့ သူကိုယ်တိုင်ရွေးချယ်ခဲ့သည်ပဲ။ ဒါကို ဘာလို့များ သူမက လွမ်းဆွတ်တသနေရမှာလဲ။
သူမကိုယ်သူမ နားမလည်နိုင်တော့ပါ။

သူမလက်ဆွဲအိတ်ထဲမှခြင်းကလေးကိုတော့ သူမ ယူသွားရမည်။ အိမ်ပြန်ရောက်လျှင် သူမ ခံစားရေးဖွဲ့ခဲ့သော အရာများအားလုံးကို ထိုခြင်းကလေးအတွင်းသို့ စွန့်ပစ်မည်။ ရင်တွင်းဝေဒနာများ အားလုံးကို ထိုခြင်းကလေးထဲသို့ ထည့်သွင်းစွန့်ပစ်တော့မည်။ ထိုအတွက်ကြောင့်ပင် သူမ မသိစိတ်က ဤခြင်းကလေးကို ယူဆောင်လာခြင်းလား။ သူမကိုယ်တိုင် မသိနိုင်စဉ်မှာပင် အေးစက်ထုံကျင်နေသော ပါးပြင်သို့ နွေးထွေးသော မျက်ရည်ပူက ကျဆင်းလာခဲ့လေသည်။

တစ်ချိန်က အမှတ်တရများစွာအတွက်...
                       
ဇွန်မိုးစက်

(၂၀၀၆ခုနှစ် သြဂုတ်လထုတ် အနုပညာမြင်ကွင်းမဂ္ဂဇင်းမှာ ပါခဲ့တဲ့ ၀တ္ထုတိုလေးပါ။ အဲဒီ့နောက်ပိုင်း စာမရေးဖြစ်တော့တာ ခုဒီဘလော့လေးမလုပ်ခင် အထိပါပဲ။ အခုပြန်ဖတ်ကြည့်တော့ လိုအပ်ချက်လေးတွေ တွေ့ရပေမယ့် ကိုယ့်အတွက် အမှတ်တရဖြစ်ခဲ့တာမို့ နှစ်သက်ဆဲပါ။ ဖတ်ရှုအားပေးတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။)

Comments ( 8 )

ရင်ထဲမှာ နင့်သွားတာပါပဲကွယ်..

i know the train.... life train...

မအိမ့်ရေ..လာလည်တဲ့အတွက် ကျေးဇူးပါနော်။

မဒီ..ဟုတ်တယ်၊ ဘ၀ဆိုတာရထားတစ်စင်းလိုပါပဲ။ အဖော်ပါတဲ့ခရီးသွားနဲ့ အဖော်မပါတဲ့ခရီးသွားတော့ ကွာသွားတာပေါ့လေ။

လာထတ်သွားပါတယ်။ ဖတ်နေရင်းနဲ့ အကြောင်းအမျိုးမျိုး
ကြောင့် တနေ့ ကိုယ်တယောက်ထဲ ကျန်ခဲ့ရင်ဆိုတဲ့
အတွေးလေးဝင်လာတယ်။ ကျမလည်း နေရာဟောင်းကို
တယောက်ထဲ လာလည်မိမလားပဲ။

Dear

Every time I read this ,I like it more and more .Very very touching .Thanks for sharing ,dear.I posted it in my Face book account as it is one of my favorite short stories....

အား .... ဖတ်လို့ကောင်းလိုက်တာ .... ပြီးသွားတာကို ဆက်ဖတ်ချင်နေသေးတယ် .... ရေးပါဦးနော် ....

I love it moe satt.

ထူးဆန်းလိုက်တာ အဲဒါကို ကိုယ်ဖတ်ဖူးတယ်။ ကလျာတို့ သရဖူတို့ ထဲလို့ ထင်မိတာ။

အနုပညာမြင်ကွင်း မဂ္ဂဇင်း ဆိုတော့ နည်းနည်းတော့ ကြောင်သွားမိတယ်။ အဲဒါ ဖတ်နေကျ မဟုတ်လို့။ ဘယ်လို အကြောင်းတိုက်ဆိုင်ပြီး ဖတ်မိတယ် မသိပေမဲ့ ဒီဝတ္ထုကိုတော့ အသေအချာမှတ်မိနေတယ်။

သေချာတောင် ပြန်ဖတ်မကြည့်ရသေးဘူး။ ခဏလေး လျှမ်းဖတ်ကြည့်လိုက်တာနဲ့ မှတ်မိလိုက်တာ။

ဝတ္ထုပဲ မှတ်မိနေခဲ့တာ။ ကလောင်နာမည်တောင် ကိုယ် သတိမထားမိခဲ့ဖူး ထင်တယ်။

congratulations! ဇွန်
မဂ္ဂဇင်းမှာတောင် ပါဖူးတယ်။

ကိုယ်တော့ ခုထိ တခုမှ ဆုံးအောင် မရေးဖူးသေးဘူး။