သို့ ... သူငယ်ချင်း

Category:

နင်နဲ့ငါ တွေ့ဆုံခင်မင်ခဲ့တာ လွန်ခဲ့တဲ့ ရနှစ်ကျော်၈နှစ်တုန်းက online ပေါ်မှာ ငါတို့ကျောင်းကိုယ်စားပြု yahoo group တစ်ခုပေါ်မှာပေါ့။ နင်လိုက်ရှာနေတဲ့ သူငယ်ချင်းက မထင်မှတ်ဘဲ ငါ့အတန်းဖော်သူငယ်ချင်းဖြစ်နေရာက အစပြုလို့ နင်နဲ့ငါ ခင်မင်ခွင့်ရခဲ့တယ်။

သူငယ်တန်းကနေ ဆယ်တန်းထိ မိန်းကလေးကျောင်းနေခဲ့ရတဲ့ ငါ့မှာ ယောက်ျားလေးသူငယ်ချင်းဆိုတာ လက်ချိုးရေကြည့်ရင် ငါးယောက်တောင်မပြည့်ချင်ဘူး။ ဆယ်တန်းပြီးနောက် ရခဲ့တဲ့ချစ်သူကလည်း သ၀န်တိုတတ်သူဖြစ်ခဲ့ပြန်တော့ ငါ့မှာ အပေါင်းအသင်း သူငယ်ချင်းသိပ်များများထားခွင့်မကြုံခဲ့ဘူး။ အထက်တန်းကျောင်းတက်တုန်းကပေါင်းခဲ့တဲ့ မိန်းကလေးသူငယ်ချင်းတွေပဲ ရှိခဲ့တယ်။ နောက်တော့ ငါတို့လည်း ရေခြားမြေခြားမှာ ပညာအသီးသီးရှာယူဖို့ အိမ်နဲ့စောစောခွဲခဲ့ရတယ်။ အိမ်လွမ်းတဲ့စိတ်ကို အင်တာနက်ထဲဝင်လို့ ဖြေဖျောက်ခဲ့ရတွေ အချိန်တွေပေါ့။

အဲဒီအချိန်တုန်းက gmail, gtalk ဆိုတာမပေါ်သေးဘူး။ yahooနဲ့ msn က လူသုံးများတယ်။ chatting တွေတော့ခေတ်စားနေပြီ။ ငါလည်း yahoo messenger download လုပ်ထားပြီး online မှာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရလို့ ၀မ်းသာနေတာ။ နောက်တော့နင်နဲ့ငါ Yahoo Messenger ထဲမှာ add လိုက်ပြီး စကားတွေပြောဖြစ်ရာက သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ မှတ်မှတ်ရရ နင်က ငါရဲ့ပထမဆုံးနဲ့ နောက်ဆုံး online ပေါ်မှာ ခင်ခဲ့ရတဲ့ ယောက်ျားလေး သူငယ်ချင်းပါ။

နင်နဲ့ငါ လူချင်းမမြင်ဘူးပေမဲ့ တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး စိတ်ချင်းရင်းနှီးမှု ရှိကြတယ်။ နင်ဘယ် ပြည်နယ်မှာနေတာ ငါတကယ်မသိပေမယ့် ငါမှန်းလိုက်ရင် မှန်နေတယ်။ နင်မျက်မှန်တပ်တယ်ဆိုတာ လည်း ငါ့စိတ်ထဲအလိုလိုသိနေတာ။ နင်က တကယ့်ကိုလူရည်မွန်တစ်ယောက်ဆိုတာ တဖြည်းဖြည်းနဲ့ ပိုပြီးသိလာရတယ်။ ငါတို့နောက်တော့ ဖုန်းတွေပြောဖြစ်ကြသေးတယ်နော်။ message လေးတွေပို့ပြီးလည်း နှုတ်ဆက်ကြသေးတာ။ ငါလည်းနင့်ကို အပြင်က သူငယ်ချင်းတစ်ယောက်လို တကယ်ခင်သွားခဲ့တယ်။ စိတ်သဘောချင်းကလည်း အတော်များများတိုက်ဆိုင်တတ်တာကိုး။

ငါ့မှာဆိုင်သူရှိတာနင်သိပြီးသားပါ။ အဲဒီ့အချိန်က ငါ့ခံစားချက်တွေ နင်သိပါတယ်။ နင်ကငါ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုသံယောဇဉ်ရှိသွားတာသိလို့ ငါစိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ မှတ်မှတ်ရရ လေယာဉ်ပေါ်တက်ခါနီး နင်ငါ့ကို ပြတ်ပြတ်သားသားဖွင့်ပြောခဲ့တယ်။ ငါမပေးနိုင်မှန်းသိရက်နဲ့ ငါခရီးကပြန်အလာမှာ မရေရာတဲ့ မျှော်လင့်ချက်တစ်ချို့နဲ့ နင်စောင့်နေမယ်ဆိုတာ ငါသိခဲ့ပါတယ်။ ငါ့ချစ်သူနဲ့ လမ်းခွဲဖြစ်ခဲ့ရင် နင့်ဆီလာခဲ့ပါတဲ့။ ငါအမှတ်ရခဲ့တဲ့ နင်ပြောခဲ့တဲ့စကားလေး။

နောက်တော့ ငါလည်းနင်နဲ့ပိုဝေးတဲ့ဆီရောက်လို့ အဆက်အသွယ်ပြတ်လုနီးပါးဖြစ်ခဲ့ပေမယ့် နှစ်နိုင်ငံကြား ခင်မင်သူတွေရှိလေတော့ ငါတို့တစ်ယောက်အကြောင်းတစ်ယောက် မေးစရာမလိုဘဲ သိနေခဲ့ကြတယ်။ ငါလည်းငါ့လမ်းငါရွေးချယ်လို့ နင်လည်းချစ်သူရသွားတာ ငါသိလိုက်တယ်။ နင့်ကိုနင့်ချစ်သူက အရမ်းချစ်တဲ့အကြောင်းကြားရလို့ ငါ နင့်အတွက်ဝမ်းသာခဲ့ရတယ်။ နင်နဲ့ချစ်သူဖြစ်ခွင့်ရတဲ့ သူကလေးကလည်း အရမ်းကံကောင်းတာပဲလို့ ငါ့စိတ်ထဲတွေးမိတယ်။ တကယ်ပါ...။

ဒီလိုနဲ့ အချိန်တစ်ချို့ကုန်လွန်သွားပြီး... ငါ့ဘ၀အတွက် မမျှော်လင့်တဲ့ဝမ်းနည်းစရာကိစ္စ ကြုံခဲ့ရတယ်။ နင်သိသွားပြီးနောက် ငါနဲ့အဆက်အသွယ်ပြန်ရတာ ခုချိန်ထိပဲပေါ့။ ဘ၀ဆိုတာဒီလိုပဲပေါ့ဟာ..။ ငါ့အတွက်တော့ နင်စိတ်မကောင်းဖြစ်မနေပါနဲ့။ ငါအခုလက်ရှိအနေအထားမှာ ပျော်အောင်နေတတ်ပြီဆိုတာ နင်ယုံပါ။ နင့်အတွက်တော့ ငါအရမ်းဝမ်းမြောက်သွားပြီ။ မကြာခင်အချိန်အတွင်းမှာ တစ်ယောက်တည်းမနေချင်တဲ့နင်က နင့်ကိုအရမ်းချစ်ပြီး နားလည်မှုပေးနိုင်မယ့်ချစ်သူကလေးနဲ့ လက်ဆက်ရတော့မှာ။ ဂုဏ်ယူပါတယ် သူငယ်ချင်း။ :)

နင်နဲ့ငါ ဘ၀တစ်လျှောက်လုံး အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နေမှာ။ နင့်မင်္ဂလာပွဲ ငါမတက်နိုင်ပေမယ့် နင် ငါရှိတဲ့နေရာလာလည်ဖြစ်ရင် ကျွေးရမယ်ဆိုတာ မမေ့နဲ့နော်။ နင်တို့နှစ်ယောက်အတွက် ငါဆုမွန်ကောင်းတွေ တောင်းပေးလိုက်တယ်။ အသေးစိတ်ဆုတောင်းတော့ email ကနေပဲ ပို့လိုက်တော့မယ်ဟာ။

ပျော်ရွှင်ပါစေ သူငယ်ချင်း ...။

နင့်ကိုခင်တဲ့
ဇွန်မိုးစက်

(နေ့လည်က အီးမေးလ်ကနေ ဖိတ်စာပို့လာတဲ့ သူငယ်ချင်းအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

Comments ( 8 )

စာရေးကောင်းသူတယောက် ဘလော့ရေးတယ် ဆိုတော့ ၀မ်းသာမိတယ်။ ဖတ်စရာ တိုး ပြီပေါ့။ ညီမ သူငယ်ချင်းလေးလဲ အဆင်ပြေ ပျော်ရွှင်ပါစေ လို့ ညီမနဲ့ အတူ ဆုတောင်းပါတယ်။

သူငယ်ချင်းအဆင်ပြေပါစေ ဆုဝိုင်းတောင်းပေးမယ်..

ဇွန်မိုးစက်လဲ အဆင်ပြေပါစေ...


ဘလော့ရေးရင်ပျော်ရွှင်ပါစေ...


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

ဆုဝိုင်းတောင်းပေးတဲ့ အစ်မချိုသင်းနဲ့ဖိုးစိန်တို့ကို ကျေးဇူးတင်ပါတယ်။ သူအဆင်ပြေပျော်ရွှင်မှာပါ။ :)

အစ်မကကော သူ့ နဲ့ ပတ်သတ်ပြီး ဘာခံစားချက်မရှိဘူးပေါ့နော် စပ်စုတာပါ?

ညီမဇင်ဇင်..သူကအစ်မအတွက် ထာဝရသူငယ်ချင်းပါ။

Is he handsome?

:)

တိုက်တိုက်ဆိုင်ဆိုင် ခံစားသွားရတယ်။ ဘာတိုက်ဆိုင်တာလဲလို့တော့ မမေးနဲ့ ပြောဘူး :))

ဂျင်ဂျင်း